Genesis 18
18:1 တစ်ဖန် ထာဝရဘုရားသည် မံရေဝက်သစ်ချပင်များအနီး၌ အာဗြဟံအား ကိုယ်ထင်ရှားပြတော်မူ၏။ နေရှိန်ပြင်းသောအချိန်တွင် အာဗြဟံသည် တဲအဝင်ဝ၌ ထိုင်လျက်နေ၏။
18:2 သူသည် မျှော်ကြည့်လိုက်ရာ လူသုံးယောက်သည် သူနှင့်မလှမ်းမကမ်းတွင်ရပ်နေကြသည်ကို မြင်လေ၏။ အာဗြဟံသည် သူတို့ကိုမြင်သောအခါ ကြိုဆိုရန် တဲအဝင်ဝမှပြေးထွက်လာ၍ မြေမှာပျပ်ဝပ်ပြီးလျှင်
18:3 “အကျွန်ုပ်၏အရှင်တို့၊ အကျွန်ုပ်သည် အရှင်၏ရှေ့၌ မျက်နှာရသည်ဆိုလျှင် အရှင်၏အစေအပါးကိုကျော်မသွားပါနှင့်။
18:4 ရေအနည်းငယ်ယူခဲ့ပါရစေ။ အရှင်တို့၏ခြေကိုဆေးပြီး ဤသစ်ပင်အောက်၌နားကြပါ။
18:5 စားစရာအနည်းငယ်ကိုလည်း ယူလာပါမည်။ အရှင်တို့၏အစေအပါးထံသို့ရောက်လာပြီဖြစ်၍ အားဖြည့်ပြီးမှ ခရီးဆက်ကြပါ”ဟု ဆိုလေ၏။ သူတို့ကလည်း “သင်ပြောသည့်အတိုင်းပြုပါလော့”ဟု ဆိုကြ၏။
18:6 ထိုအခါ အာဗြဟံသည် တဲထဲ၌ရှိသောစာရာထံသို့ အလျင်အမြန်ဝင်သွားပြီး “အကောင်းဆုံးဂျုံမှုန့် သုံးစေအာ ကိုနယ်၍ မုန့်ပြားများ အမြန်လုပ်ပါ”ဟု ဆို၏။
18:7 ထို့နောက် အာဗြဟံသည် နွားအုပ်ရှိရာသို့ပြေး၍ နုနယ်ဆူဖြိုးသောနွားသငယ်တစ်ကောင်ကိုရွေးယူပြီးလျှင် ငယ်သားထံအပ်လိုက်ရာ ထိုငယ်သားသည် အလျင်အမြန်ချက်ပြုတ်လေ၏။
18:8 ထို့နောက်တွင် အာဗြဟံသည် ထောပတ်နှင့်နို့ကိုလည်းကောင်း၊ ချက်ပြုတ်ထားသောအမဲဟင်းကိုလည်းကောင်း ယူ၍ သူတို့ရှေ့၌ချပေးလေ၏။ သူတို့စားနေကြစဉ် အာဗြဟံသည် သူတို့အနား သစ်ပင်အောက်တွင် ရပ်နေ၏။
18:9 ထိုသူတို့က “သင်၏မယားစာရာသည် အဘယ်မှာရှိသနည်း”ဟု အာဗြဟံအား မေးကြလျှင် “တဲထဲ၌ရှိပါသည်”ဟု ပြန်ဖြေလေ၏။
18:10 သူတို့ထဲမှ တစ်ယောက်က “နောင်နှစ် ဤသို့သောအချိန်အခါ၌ ငါသည် သင့်ထံသို့ မုချပြန်လာမည်။ သင်၏မယားစာရာသည်လည်း သားတစ်ဦးကိုရရှိလိမ့်မည်” ဟု ဆိုလေ၏။ စာရာသည် ထိုသူ၏နောက်ဘက်ရှိ တဲအဝင်ဝ၌ နားထောင်လျက်နေ၏။
18:11 အာဗြဟံနှင့်စာရာသည် အသက်အရွယ်ကြီးရင့်လေပြီ။ စာရာသည် အမျိုးသမီးဓမ္မတာကုန်ဆုံးပြီဖြစ်၏။
18:12 ထို့ကြောင့် စာရာက “အိုမင်းပြီးမှ ငါ၌ သာယာပျော်ရွှင်မှုရှိလိမ့်မည်လော။ ငါ့သခင်သည်လည်း အသက်ကြီးပြီ”ဟု မိမိစိတ်ထဲ၌ ရယ်လျက်ဆိုလေ၏။
18:13 ထိုအခါ ထာဝရဘုရားက အာဗြဟံအား “စာရာက ‘အသက်ကြီးသောငါသည် အမှန်ပင် သားဖွားနိုင်မည်လော’ဟု အဘယ်ကြောင့် ရယ်လျက်ဆိုရသနည်း။
18:14 ထာဝရဘုရားအတွက် ခက်ခဲလွန်း သောအမှုတစ်စုံတစ်ခုရှိသလော။ သတ်မှတ်ထားသောအချိန်တည်းဟူသော နောင်နှစ် ဤသို့သောအချိန်အခါ၌ ငါသည် သင့်ထံသို့ ပြန်လာမည်။ စာရာသည်လည်း သားတစ်ဦးကို ရရှိလိမ့်မည်” ဟု မိန့်တော်မူ၏။
18:15 စာရာသည် ကြောက်သဖြင့် “ကျွန်မ မရယ်ပါ”ဟု ငြင်းဆို လေ၏။ ကိုယ်တော်ကလည်း “မဟုတ်ပါ။ သင်အမှန်ပင် ရယ်သည်”ဟု မိန့်တော်မူ၏။
18:16 ထို့နောက် ထိုလူတို့သည် ထိုအရပ်မှထသွားပြီး သောဒုံမြို့ကိုအပေါ်စီးမှကြည့်ကြ၏။ အာဗြဟံသည်လည်း သူတို့ကိုလိုက်ပို့ရန် သူတို့နှင့်အတူသွားလေ၏။
18:17 ထိုအခါ ထာဝရဘုရားက “ငါပြုမည့်အရာကို အာဗြဟံအား ငါဖုံးကွယ်ထားရမည်လော။
18:18 အာဗြဟံသည် အမှန်ပင် ကြီးမြတ်သောလူမျိုး၊ အင်အားကြီးသောလူမျိုးဖြစ်လာမည်။ ကမ္ဘာမြေကြီးပေါ်ရှိ လူမျိုးအပေါင်းတို့သည်လည်း သူ့အားဖြင့် ကောင်းချီးမင်္ဂလာခံစားရကြလိမ့်မည်။
18:19 အကြောင်းမူကား အာဗြဟံသည် သူ၏သားသမီးတို့နှင့် နောင်လာမည့်သူ၏အမျိုးအနွယ်တို့အား ဖြောင့်မတ်သောအမှု၊ တရားမျှတသောအမှုကိုပြုကျင့်၍ ထာဝရဘုရား၏လမ်းတော်ကိုစောင့်ထိန်းကြစေရန် မှာကြားခြင်းအားဖြင့် သူ့အားထာဝရဘုရားမိန့်တော်မူခဲ့သောအရာကို သူ၌ပြည့်စုံစေမည့်အကြောင်း သူ့ကို ငါရွေးကောက်ထားပြီ ”ဟု မိန့်တော်မူ၏။
18:20 တစ်ဖန် ထာဝရဘုရားက “သောဒုံမြို့နှင့်ဂေါမောရမြို့၏အော်ဟစ်သံသည် ပြင်းထန်၍ သူတို့၏အပြစ်သည် အလွန်ကြီးလေးသောကြောင့်
18:21 ငါဆင်းသွား၍ ငါ့ထံသို့ရောက်လာသည့် အော်ဟစ်ငိုကြွေးသံအတိုင်း သူတို့အမှန်တကယ်ပြုသည်၊ မပြုသည်ကို ငါကြည့်မည်။ ပြုသည်၊ မပြုသည်ကို ငါသိရလိမ့်မည်”ဟု မိန့်တော်မူ၏။
18:22 ထိုလူတို့သည် ထိုအရပ်မှလှည့်၍ သောဒုံမြို့သို့သွားကြ၏။ အာဗြဟံမူကား ထာဝရဘုရား၏ရှေ့တော်၌ ဆက်၍ရပ်နေ၏။
18:23 အာဗြဟံသည် ချဉ်းကပ်လာ၍ “ကိုယ်တော်သည် ဖြောင့်မတ်သောသူကို ဆိုးယုတ်သောသူနှင့်အတူ အမှန်ပင်ဖျက်ဆီးသုတ်သင်တော်မူမည်လော။
18:24 ထိုမြို့ထဲတွင် ဖြောင့်မတ်သောသူ အယောက်ငါးဆယ်ရှိလျှင် ကိုယ်တော်သည် မြို့ထဲရှိဖြောင့်မတ်သောသူအယောက်ငါးဆယ်အတွက် ထိုအရပ်ကို ချမ်းသာမပေးဘဲ အမှန်ပင်ဖျက်ဆီးသုတ်သင်တော်မူမည်လော။
18:25 ဖြောင့်မတ်သောသူကို ဆိုးယုတ်သောသူနှင့်အတူ ကွပ်မျက်သောအမှုမျိုးပြုခြင်းသည် ကိုယ်တော်နှင့်ဝေးပါစေ။ ဖြောင့်မတ်သောသူကို ဆိုးယုတ်သောသူကဲ့သို့ ခံစားစေသောအမှုသည် ကိုယ်တော်နှင့်ဝေးပါစေ။ ကမ္ဘာမြေတစ်ခွင်လုံးကိုတရားစီရင်တော်မူသောအရှင်သည် တရားမျှတစွာပြုတော်မူမည်မဟုတ်လော”ဟု လျှောက်လေ၏။
18:26 ထာဝရဘုရားကလည်း “သောဒုံမြို့ထဲ၌ ဖြောင့်မတ်သောသူအယောက်ငါးဆယ်ကို ငါတွေ့လျှင် သူတို့အတွက်ကြောင့် ထိုအရပ်တစ်ခုလုံးကို ငါချမ်းသာပေးမည်”ဟု မိန့်တော်မူ၏။
18:27 ထိုအခါ အာဗြဟံက “အကျွန်ုပ်သည် မြေမှုန့်နှင့်ပြာသက်သက်ဖြစ်သော်လည်း အရဲစွန့်၍ ဘုရားရှင်အားလျှောက်ထားပါမည်။
18:28 ဖြောင့်မတ်သောသူ အယောက်ငါးဆယ်တွင် ငါးယောက်လျော့လျှင် ငါးယောက်လျော့သည့်အတွက်ကြောင့် ထိုမြို့တစ်မြို့လုံးကို ဖျက်ဆီးတော်မူမည်လော”ဟု မေးလျှောက်လျှင် ကိုယ်တော်က “ထိုအရပ်တွင် လေးဆယ့်ငါးယောက်တွေ့လျှင် ငါမဖျက်ဆီးဘဲနေမည်”ဟု မိန့်တော်မူ၏။
18:29 အာဗြဟံကလည်း “ထိုအရပ်တွင် အယောက်လေးဆယ် တွေ့ကောင်းတွေ့တော်မူလိမ့်မည်”ဟု တစ်ဖန် လျှောက်ပြန်လျှင် ကိုယ်တော်က “ထိုအယောက်လေးဆယ်အတွက်ကြောင့် ထိုအမှုကို ငါမပြုဘဲနေမည်”ဟု မိန့်တော်မူ၏။
18:30 တစ်ဖန် အာဗြဟံက “အို ဘုရားရှင်၊ အမျက်ထွက်တော်မမူပါနှင့်။ အကျွန်ုပ် ထပ်၍လျှောက်ထားပါရစေ။ ထိုအရပ်တွင် အယောက်သုံးဆယ် တွေ့ကောင်းတွေ့တော်မူလိမ့်မည်”ဟု လျှောက်လျှင် ကိုယ်တော်က “ထိုအရပ်တွင် အယောက်သုံးဆယ်တွေ့လျှင် ထိုအမှုကိုငါမပြုဘဲနေမည်”ဟု မိန့်တော်မူ၏။
18:31 ထိုအခါ အာဗြဟံက “အကျွန်ုပ်သည် အရဲစွန့်၍ ဘုရားရှင်အား ထပ်မံလျှောက်ထားပါမည်။ ထိုအရပ်တွင် အယောက်နှစ်ဆယ် တွေ့ကောင်းတွေ့တော်မူလိမ့်မည်”ဟု လျှောက်လျှင် ကိုယ်တော်က “ထိုအယောက်နှစ်ဆယ်အတွက်ကြောင့် ငါမဖျက်ဆီးဘဲနေမည်”ဟု မိန့်တော်မူ၏။
18:32 တစ်ဖန် အာဗြဟံက “အို ဘုရားရှင်၊ အမျက်ထွက်တော်မမူပါနှင့်။ နောက်တစ်ကြိမ်သာ အကျွန်ုပ်လျှောက်ထားပါရစေ။ ထိုအရပ်တွင် ဆယ်ယောက် တွေ့ကောင်းတွေ့တော်မူလိမ့်မည်”ဟု လျှောက်လျှင် ကိုယ်တော်က “ထိုဆယ်ယောက်အတွက်ကြောင့် ငါမဖျက်ဆီးဘဲနေမည်”ဟု မိန့်တော်မူ၏။
18:33 ထာဝရဘုရားသည် အာဗြဟံနှင့်စကားပြောတော်မူပြီးသောအခါ ကြွသွားတော်မူ၏။ အာဗြဟံသည်လည်း မိမိနေရပ်သို့ပြန်သွားလေ၏။