Genesis 23
23:1 စာရာအသက်ရှင်ခဲ့သောနှစ်ကာလမှာ တစ်ရာနှစ်ဆယ့်ခုနစ်နှစ် ဖြစ်၏။
23:2 စာရာသည် ခါနာန်ပြည်ရှိ ဟေဗြုန် ခေါ် ကိရယအာဘမြို့၌ သေဆုံး၏။ အာဗြဟံသည် စာရာအတွက် ငိုကြွေးမြည်တမ်းရန် လာလေ၏။
23:3 ထို့နောက် အာဗြဟံသည် မိမိမယား၏အလောင်းနားမှထ၍ ဟေသအမျိုးသားတို့အား
23:4 “အကျွန်ုပ်သည် သင်တို့တွင် တိုင်းတစ်ပါးသားဧည့်သည်ဖြစ်ပါ၏။ အကျွန်ုပ်မယား၏အလောင်းကို ထုတ်သွား၍သင်္ဂြိုဟ်ရန် သင်တို့ပိုင်သောသင်္ချိုင်းမြေကို အကျွန်ုပ်အား ရောင်းပေးပါ”ဟု ဆို၏။
23:5 ဟေသအမျိုးသားတို့ကလည်း အာဗြဟံအား
23:6 “အကျွန်ုပ်တို့သခင်၊ အကျွန်ုပ်တို့စကားကိုနားထောင်ပါ။ သခင်သည် အကျွန်ုပ်တို့တွင် ဘုရားသခင်နှင့်ဆိုင်သောမင်းဖြစ်ပါ၏။ အကျွန်ုပ်တို့၏အကောင်းဆုံးသင်္ချိုင်းမြေတွင် သခင့်မယား၏အလောင်းကိုသင်္ဂြိုဟ်ပါ။ အကျွန်ုပ်တို့၏သင်္ချိုင်းမြေတွင် သခင့်မယား၏အလောင်းသင်္ဂြိုဟ်မည်ကို တားမြစ်မည့်သူတစ်ယောက်မျှမရှိပါ”ဟု ပြန်ပြောကြ၏။
23:7 ထိုအခါ အာဗြဟံသည်ထ၍ ထိုပြည်သားများဖြစ်ကြသည့် ဟေသအမျိုးသားတို့ရှေ့တွင် ပျပ်ဝပ်ကာ
23:8 “အကျွန်ုပ်မယား၏အလောင်းကို အကျွန်ုပ်ထံမှထုတ်သွား၍ သင်္ဂြိုဟ်မည်ကို သင်တို့စိတ်စေတနာရှိလျှင် အကျွန်ုပ်စကားကိုနားထောင်ကြပါ။ ဇောဟာ၏သား ဧဖရုန်နှင့်တွေ့ဆုံ၍
23:9 သူ၏လယ်အစွန်ရှိ သူပိုင်ဆိုင်သည့်မပ္ပေလလိုဏ်ဂူကို အကျွန်ုပ်အားရောင်းပေးရန် အကျွန်ုပ်အတွက် ပြောပေးကြပါ။ ၎င်းကို ကိုယ်ပိုင်သင်္ချိုင်းမြေအဖြစ် သင်တို့ရှေ့တွင် တန်ရာတန်ကြေးအပြည့်ဖြင့် အကျွန်ုပ်အားရောင်းပေးစေပါ”ဟု သူတို့အား ပြောလေ၏။
23:10 ဧဖရုန်သည် ဟေသအမျိုးသားတို့အလယ်တွင် ထိုင်လျက်ရှိ၏။ သို့ဖြစ်၍ ဟိတ္တိလူမျိုးဧဖရုန်သည် မြို့တံခါးသို့ ရောက်လာသော ဟေသအမျိုးသားအပေါင်းတို့ရှေ့၌ အာဗြဟံအား
23:11 “ထိုသို့မဟုတ်ပါ။ သခင်၊ အကျွန်ုပ်စကားကိုနားထောင်ပါ။ ထိုလယ်နှင့် ထိုလယ်ထဲရှိလိုဏ်ဂူကို သခင့်အားအကျွန်ုပ်ပေးပါ၏။ အကျွန်ုပ်အမျိုးသားချင်းတို့ရှေ့၌ပင် သခင့်အား အကျွန်ုပ်ပေးပါ၏။ သခင့်မယား၏အလောင်းကို သင်္ဂြိုဟ်ပါ”ဟု ပြန်ပြောလေ၏။
23:12 အာဗြဟံသည်လည်း ထိုပြည်သားတို့ရှေ့တွင် ပျပ်ဝပ်ပြီးလျှင်
23:13 ထိုပြည်သားတို့ရှေ့မှောက်၌ ဧဖရုန်အား “ထိုသို့ဆိုလျှင် အကျွန်ုပ်စကားကိုနားထောင်ပါ။ လယ်၏တန်ဖိုးငွေကို အကျွန်ုပ်ပေးပါမည်။ အကျွန်ုပ်ထံမှလက်ခံပါ။ သို့မှသာ ထိုအရပ်၌ အကျွန်ုပ်မယား၏အလောင်းကို သင်္ဂြိုဟ်ပါမည်”ဟု ဆို၏။
23:14 ဧဖရုန်ကလည်း အာဗြဟံအား
23:15 “အကျွန်ုပ်သခင်၊ အကျွန်ုပ်စကားကိုနားထောင်ပါ။ ငွေလေးရာရှယ်ကယ် တန်ဖိုးရှိသောမြေသည် သခင်နှင့်အကျွန်ုပ်ကြား၌ အဘယ်ဆိုဖွယ်ရှိသနည်း။ သခင့်မယား၏အလောင်းကို သင်္ဂြိုဟ်ပါလော့”ဟု ပြန်ပြောလျှင်
23:16 အာဗြဟံသည် ဧဖရုန်၏စကားကိုနားထောင်လေ၏။ ထိုသို့ ဟေသအမျိုးသားတို့ရှေ့မှောက်၌ ဧဖရုန်တန်ဖိုးဖြတ်သည့် ငွေအချိန်လေးရာရှယ်ကယ်ကို အာဗြဟံသည် ကုန်သည်တို့၏စံနှုန်းအတိုင်းချိန်တွယ်၍ သူ့အားပေးလေ၏။
23:17 ဤသို့ဖြင့် မံရေမြို့အရှေ့၊ မပ္ပေလအရပ်၌ရှိသော ဧဖရုန်၏လယ်၊ ထိုလယ်နှင့်တကွ လယ်ထဲရှိလိုဏ်ဂူနှင့် လယ်၏လယ်စပ်ပတ်လည်ရှိ သစ်ပင်အားလုံးတို့ကို
23:18 မြို့တံခါးသို့ ရောက်လာသော ဟေသအမျိုးသားအပေါင်းတို့ရှေ့တွင် အာဗြဟံပိုင်သောဥစ္စာအဖြစ် အတည်ပြုကြ၏။
23:19 ထို့နောက်တွင် အာဗြဟံသည် ခါနာန်ပြည်၊ ဟေဗြုန် ခေါ် မံရေမြို့အရှေ့၊ မပ္ပေလလယ်၌ရှိသောလိုဏ်ဂူထဲ၌ မိမိမယားစာရာကို သင်္ဂြိုဟ်လေ၏။
23:20 ဤသို့ဖြင့် ဟေသအမျိုးသားတို့သည် ထိုလယ်နှင့်တကွ လယ်ထဲရှိလိုဏ်ဂူကို အာဗြဟံ၏ကိုယ်ပိုင်သင်္ချိုင်းမြေအဖြစ် အတည်ပြုကြလေ၏။