Genesis 29
29:1 ထို့နောက် ယာကုပ်သည် ခရီးဆက်၍ အရှေ့ပြည်သားတို့နေရာအရပ်သို့ ရောက်သောအခါ
29:2 ကွင်းပြင်၌ ရေတွင်းတစ်တွင်းကိုမြင်လေ၏။ ရေတွင်းအနီးတွင် သိုးအုပ်သုံးအုပ်လဲလျောင်းနေ၏။ အကြောင်းမှာ သိုးအုပ်တို့ကို ထိုရေတွင်း၌ ရေတိုက်လေ့ရှိကြသောကြောင့်ဖြစ်၏။ ထိုရေတွင်းဝကို ကျောက်တုံးကြီးဖြင့် ပိတ်ထား၏။
29:3 သိုးအုပ်အားလုံးကို ထိုရေတွင်း၌စုဝေးစေပြီးမှ သိုးထိန်းတို့သည် တွင်းဝမှကျောက်တုံးကိုလှိမ့်ဖယ်၍ သိုးတို့ကိုရေတိုက်ပြီးလျှင် ကျောက်တုံးကို သူ့နေရာ တွင်းဝ၌ပြန်ထားလေ့ရှိကြ၏။
29:4 ယာကုပ်က သိုးထိန်းတို့အား “ငါ့ညီအစ်ကိုတို့၊ သင်တို့ အဘယ်အရပ်ကလာကြသနည်း”ဟု မေးရာ သူတို့က “ငါတို့သည် ဟာရန်မြို့မှလာကြသည်”ဟု ပြန်ဖြေကြ၏။
29:5 တစ်ဖန် ယာကုပ်က “နာခေါ်၏သားလာဗန်ကို သင်တို့သိကြသလော”ဟု မေးရာ သူတို့က “ငါတို့သိသည်”ဟု ပြန်ဖြေကြ၏။
29:6 “သူကျန်းမာပါသလော”ဟု မေးပြန်ရာ သူတို့က “ကျန်းမာပါသည်။ ကြည့်ပါ။ သူ၏သမီးရာခေလသည် သိုးများနှင့်လာနေပြီ”ဟု ပြန်ဖြေကြ၏။
29:7 ယာကုပ်ကလည်း “အချိန်စောပါသေး၏။ တိရစ္ဆာန်တို့ကိုစုဝေးရမည့်အချိန်လည်း မဟုတ်ပါ။ သိုးတို့ကိုရေတိုက်ပြီးလျှင် သွား၍ ထိန်းကျောင်းကြဦးလော့”ဟု ဆို၏။
29:8 သို့သော် သူတို့က “သိုးအုပ်အားလုံးကို စုဝေးစေ၍ ကျောက်တုံးကို တွင်းဝမှလှိမ့်ဖယ်ပြီးမှသာငါတို့သည် သိုးတို့ကို ရေတိုက်ရသည်။ သို့မဟုတ်လျှင် မတိုက်ရပါ”ဟု ပြန်ပြောကြ၏။
29:9 ယာကုပ်သည် သူတို့နှင့်စကားပြောလျက်နေစဉ် ဖခင်၏သိုးတို့ကို ထိန်းကျောင်းသောရာခေလသည် သိုးများနှင့်အတူ ရောက်လာ၏။
29:10 ယာကုပ်သည် မိမိဦးရီးလာဗန်၏သမီးရာခေလနှင့် ဦးရီးလာဗန်၏သိုးများကိုမြင်သောအခါ ရေတွင်းအနီးသို့သွား၍ တွင်းဝမှကျောက်တုံးကိုလှိမ့်ဖယ်ပြီးလျှင် ဦးရီးလာဗန်၏သိုးများကို ရေတိုက်လေ၏။
29:11 ထို့နောက် ယာကုပ်သည် ရာခေလကိုနမ်း၍ အော်ဟစ်ငိုကြွေးလေ၏။
29:12 ယာကုပ်က မိမိသည် ရာခေလဖခင်၏ဆွေမျိုးသားချင်းဖြစ်ပြီး ရေဗက္ကာ၏သားဖြစ်ကြောင်း ရာခေလကိုပြောပြလေ၏။ ထိုအခါ ရာခေလသည် ပြေးသွား၍ မိမိဖခင်အား ပြောပြလေ၏။
29:13 လာဗန်သည် မိမိတူ ယာကုပ်အကြောင်းကိုကြားရသောအခါ သူနှင့်တွေ့ဆုံရန် ပြေးလာကာ သူ့ကိုပွေ့ဖက်၍နမ်းပြီးလျှင် မိမိအိမ်သို့ခေါ်သွား၏။ ယာကုပ်သည်လည်း အကြောင်းအရာအားလုံးကို လာဗန်အားပြောပြလေ၏။
29:14 လာဗန်ကလည်း “သင်သည် အမှန်ပင် ငါ၏သွေးရင်းသားရင်း ဖြစ်၏”ဟု ဆို၏။ ယာကုပ်သည် လာဗန်နှင့်အတူ တစ်လနေထိုင်ပြီးနောက်
29:15 လာဗန်က “သင်သည် ငါ၏ဆွေမျိုးသားချင်းဖြစ်သောကြောင့် အဖိုးအခမယူဘဲ ငါ့ကိုအစေခံရမည်လော။ သင်၏လုပ်အားခအတွက် မည်သည့်အရာပေးရမည်ကို ငါ့အားပြောလော့”ဟု ယာကုပ်အား ဆို၏။
29:16 လာဗန်၌ သမီးနှစ်ယောက်ရှိ၏။ အကြီး၏အမည်မှာ လေအာ၊ အငယ်၏အမည်မှာ ရာခေလဖြစ်၏။
29:17 လေအာသည် မျက်လုံးမှေး ၏။ ရာခေလမူကား အဆင်းသဏ္ဌာန်လှပ၍ ချစ်စရာကောင်း၏။
29:18 ယာကုပ်သည် ရာခေလကိုချစ်သောကြောင့် “ဦးရီး၏သမီးအငယ်ရာခေလကိုရဖို့ ဦးရီးကို ခုနစ်နှစ်အစေခံပါမည်”ဟု ဆို၏။
29:19 လာဗန်ကလည်း “သူ့ကို အခြားသူနှင့်ထိမ်းမြားပေးသည်ထက် သင်နှင့်ထိမ်းမြားပေးသည်က ငါ့အတွက်ပို၍ကောင်း၏။ ငါနှင့်အတူနေထိုင်လော့”ဟု ဆို၏။
29:20 ထို့ကြောင့် ယာကုပ်သည် ရာခေလကိုရရန်အတွက် ခုနစ်နှစ်အစေခံလေ၏။ သူသည် ရာခေလကိုချစ်သောကြောင့် ထိုခုနစ်နှစ်သည် သူ့အတွက် ရက်အနည်းငယ်ကဲ့သို့ဖြစ်၏။
29:21 ထို့နောက်မှ ယာကုပ်သည် လာဗန်အား “အကျွန်ုပ်၏အချိန်ပြည့်ပြီဖြစ်၍ အကျွန်ုပ်သည် မယားထံသို့ဝင်နိုင်ရန် သူ့ကိုအကျွန်ုပ်နှင့်ထိမ်းမြားပေးပါ”ဟု ဆို၏။
29:22 ထို့ကြောင့် လာဗန်သည် ထိုအရပ်၌ရှိသောလူအပေါင်းတို့ကိုဖိတ်ခေါ်လျက် စားသောက်ပွဲကျင်းပလေ၏။
29:23 နေဝင်ချိန်၌ လာဗန်သည် မိမိသမီးလေအာကိုခေါ်၍ ယာကုပ်ထံပို့ဆောင်၏။ ယာကုပ်သည်လည်း သူ့ထံသို့ဝင်လေ၏။
29:24 (လာဗန်သည် မိမိကျွန်မဇိလပကို သမီးလေအာ၏ကျွန်မအဖြစ် လက်ဖွဲ့၏။)
29:25 နံနက်အချိန်ရောက်သောအခါ ယာကုပ်သည် လေအာဖြစ်ကြောင်းမြင်လျှင် လာဗန်အား “အကျွန်ုပ်၌ ဦးရီးပြုသောဤအမှုကား မည်သို့နည်း။ အကျွန်ုပ်သည် ရာခေလကိုရဖို့ ဦးရီးကိုအစေခံခဲ့သည်မဟုတ်လော။ အကျွန်ုပ်ကို အဘယ်ကြောင့်လှည့်စားရသနည်း”ဟု ဆို၏။
29:26 လာဗန်ကလည်း “ငါတို့အရပ်၌ သမီးအငယ်ကို သမီးအကြီးထက်အလျင် ထိမ်းမြားပေးလေ့မရှိ။
29:27 ဤရက်သတ္တပတ်ကို လွန်စေလော့။ သို့ပြုလျှင် သမီးနောက်တစ်ယောက်နှင့်လည်း သင့်ကိုထိမ်းမြားပေးဦးမည်။ ထို့အတွက် သင်သည် နောက်ထပ်ခုနစ်နှစ် ငါ့ကိုအစေခံရမည်”ဟု ဆို၏။
29:28 ယာကုပ်သည်လည်း ထိုအတိုင်းပြု၏။ ထိုရက်သတ္တပတ်လွန်သောအခါ လာဗန်သည် မိမိသမီးရာခေလကို ယာကုပ်နှင့်ထိမ်းမြားပေးလေ၏။
29:29 (လာဗန်သည် မိမိကျွန်မဗိလဟာကို သမီးရာခေလ၏ကျွန်မအဖြစ် လက်ဖွဲ့၏။)
29:30 ထိုအခါ ယာကုပ်သည် ရာခေလထံသို့လည်း ဝင်လေ၏။ သူသည် ရာခေလကို လေအာထက်ပို၍ချစ်၏။ ယာကုပ်သည် လာဗန်ကို နောက်ထပ် ခုနစ်နှစ်အစေခံလေ၏။
29:31 လေအာအမုန်းခံရသည်ကို ထာဝရဘုရားသိမြင်၍ သူ့အားသန္ဓေတည်ခွင့်ကိုပေးတော်မူ၏။ ရာခေလမူကား မြုံသောမိန်းမဖြစ်၏။
29:32 လေအာသည် ကိုယ်ဝန်ဆောင်၍ သားကိုမွေးဖွားသော် “ထာဝရဘုရားသည် ငါခံရသောဖိစီးနှိပ်စက်မှုကို ကြည့်ရှုတော်မူပြီ။ အကယ်စင်စစ် ငါ့ယောက်ျားသည် ယခုငါ့ကိုချစ်လိမ့်မည်”ဟု ဆိုလျက် ထိုသား၏အမည်ကို ရုဗင် ဟုမှည့်ခေါ်လေ၏။
29:33 သူသည် နောက်တစ်ဖန်ကိုယ်ဝန်ဆောင်၍ သားကိုမွေးဖွားသော် “ငါအမုန်းခံရသည်ကို ထာဝရဘုရားကြားသောကြောင့် ဤသားကိုလည်း ငါ့အားပေးသနားတော်မူပြီ”ဟု ဆိုလျက် ထိုသား၏အမည်ကို ရှိမောင် ဟုမှည့်ခေါ်လေ၏။
29:34 သူသည် နောက်တစ်ဖန်ကိုယ်ဝန်ဆောင်၍ သားကိုမွေးဖွားသော် “ငါ့ယောက်ျားအတွက် သားသုံးယောက်ကို ငါဖွားမြင်ပြီဖြစ်၍ ယခုတစ်ခါ သူသည် ငါ့ကိုတွယ်တာလိမ့်မည်”ဟု ဆိုလျက် ထိုသား၏အမည်ကို လေဝိ ဟုမှည့်ခေါ်လေ၏။
29:35 သူသည် နောက်တစ်ဖန်ကိုယ်ဝန်ဆောင်၍ သားကိုမွေးဖွားသော် “ဤတစ်ကြိမ်တွင် ငါသည် ထာဝရဘုရားကို ချီးမွမ်းမည်”ဟု ဆိုလျက် ထိုသား၏အမည်ကို ယုဒ ဟုမှည့်ခေါ်လေ၏။ ထို့နောက် သူသည် သားဖွားခြင်းရပ်တန့်သွားလေ၏။