Genesis 45
45:1 ထိုအခါ ယောသပ်သည် မိမိအနား၌ရပ်နေသောသူအပေါင်းတို့ရှေ့တွင် မိမိစိတ်ကို မထိန်းနိုင်သဖြင့် “လူအားလုံး ငါ့ထံမှထွက်သွားကြ”ဟု ဟစ်အော်လေ၏။ ဤသို့ဖြင့် ယောသပ်သည် သူ့အနား၌ အခြားမည်သူတစ်ယောက်မျှမရှိသောအခါ မိမိညီအစ်ကိုတို့အား မိမိမည်သူဖြစ်ကြောင်း ပြောပြ၏။
45:2 သူသည် အသံကိုလွှင့်၍ငိုကြွေးသဖြင့် အီဂျစ်ပြည်သားတို့သည်ကြားကြ၏။ ဖာရောမင်းကြီး၏နန်းတော်သူနန်းတော်သားတို့သည်လည်း ကြားကြ၏။
45:3 ယောသပ်က သူ၏ညီအစ်ကိုတို့အား “အကျွန်ုပ်သည် ယောသပ်ဖြစ်၏။ အကျွန်ုပ်၏ဖခင် အသက်ရှင်သေးသလော”ဟု မေး၏။ သို့သော် ညီအစ်ကိုတို့သည် ယောသပ်ရှေ့၌ ထိတ်လန့်နေကြသဖြင့် သူ့ကိုပြန်မဖြေနိုင်ကြ။
45:4 ထိုအခါ ယောသပ်က ညီအစ်ကိုတို့အား “အကျွန်ုပ်အနားသို့လာကြပါလော့”ဟု ဆိုသဖြင့် သူတို့သည် အနားသို့လာကြ၏။ ယောသပ်က “အကျွန်ုပ်သည် အီဂျစ်ပြည်သို့ သင်တို့ရောင်းလိုက်သော သင်တို့၏ညီယောသပ်ဖြစ်ပါ၏။
45:5 သို့ရာတွင် အကျွန်ုပ်ကို ဤအရပ်သို့ရောင်းလိုက်သည့်အတွက် ဝမ်းမနည်းကြပါနှင့်။ ကိုယ့်ကိုယ်ကိုယ်အမျက်မထွက်ကြပါနှင့်။ အကြောင်းမူကား ဘုရားသခင်သည် လူတို့အသက်ကိုစောင်မရန်အတွက် သင်တို့ထက်အလျင် အကျွန်ုပ်ကိုစေလွှတ်တော်မူ၏။
45:6 မြေကြီးပေါ်၌ ငတ်မွတ်ခေါင်းပါးခြင်းဘေး နှစ်နှစ်ဖြစ်ခဲ့ပြီ။ ထွန်ယက်ခြင်း၊ ရိတ်သိမ်းခြင်းမပြုနိုင်သောနှစ် ငါးနှစ်ရှိသေး၏။
45:7 မြေကြီးပေါ်၌ သင်တို့အသက်ရှင်ကျန်ရစ်စေရန် သင်တို့ကိုထိန်းသိမ်းစောင့်ရှောက်မည့်အကြောင်း၊ ကြီးစွာသောကယ်တင်ခြင်းဖြင့် သင်တို့အသက်ချမ်းသာရာရစေမည့်အကြောင်း ဘုရားသခင်သည် အကျွန်ုပ်ကို သင်တို့ထက်အလျင် စေလွှတ်တော်မူ၏။
45:8 သို့ဖြစ်၍ သင်တို့သည် အကျွန်ုပ်ကို ဤအရပ်သို့စေလွှတ်သည်မဟုတ်။ ဘုရားသခင်စေလွှတ်တော်မူသည်ဖြစ်၏။ ကိုယ်တော်သည် အကျွန်ုပ်ကို ဖာရောမင်းကြီး၏အဖအရာ၌လည်းကောင်း၊ နန်းတော်သူနန်းတော်သားအပေါင်းတို့၏သခင်အရာ၌လည်းကောင်း၊ အီဂျစ်ပြည်တစ်ပြည်လုံးကိုအုပ်စိုးသောသူအရာ၌လည်းကောင်း ခန့်ထားတော်မူပြီ။
45:9 အကျွန်ုပ်၏ဖခင်ထံသို့အလျင်အမြန်ပြန်သွားကြ၍ ဖခင်အား အဖေ့သားယောသပ်က ‘ဘုရားသခင်သည် အကျွန်ုပ်ကို အီဂျစ်ပြည်တစ်ပြည်လုံး၏သခင်အရာ၌ ခန့်ထားတော်မူပြီ။ အကျွန်ုပ်ထံသို့လာပါလော့။ အချိန်မဆွဲနှင့်။
45:10 အဖေသည် ဂေါရှင်အရပ်၌ နေထိုင်ရမည်။ အဖေနှင့်တကွ အဖေ၏သားသမီးများ၊ မြေးများ၊ သိုးဆိတ်များ၊ နွားအုပ်များ၊ အဖေပိုင်ဆိုင်သောအရာရှိသမျှတို့သည် အကျွန်ုပ်အနားတွင်ရှိရမည်။
45:11 ထိုအရပ်၌ အဖေ့ကို အကျွန်ုပ်ကျွေးမွေးပြုစုပါမည်။ သို့မဟုတ်လျှင် အဖေမှစ၍ အဖေ၏အိမ်သူအိမ်သားများနှင့်အဖေပိုင်ဆိုင်သောအရာရှိသမျှတို့သည် ပျက်စီးဆုံးရှုံးကြရလိမ့်မည်။ အကြောင်းမူကား ငတ်မွတ်ခေါင်းပါးသောနှစ် ငါးနှစ်ရှိသေး၏’ဟူ၍ မှာလိုက်ကြောင်း ပြောကြလော့။
45:12 သင်တို့အား အကျွန်ုပ်ကိုယ်တိုင်ပြောသည်ကို သင်တို့မျက်မြင်၊ အကျွန်ုပ်ညီဗင်္ယာမိန်မျက်မြင် ဖြစ်၏။
45:13 အီဂျစ်ပြည်၌ အကျွန်ုပ်ရသောဂုဏ်သရေရှိသမျှနှင့် သင်တို့တွေ့မြင်သောအရာရှိသမျှတို့ကို အကျွန်ုပ်၏ဖခင်အားပြောပြရမည်။ သင်တို့သည် အလျင်အမြန်သွား၍ အကျွန်ုပ်၏ဖခင်ကို ဤအရပ်သို့ခေါ်ဆောင်ခဲ့ရမည်”ဟု ဆိုလေ၏။
45:14 ထို့နောက် ယောသပ်သည် မိမိညီဗင်္ယာမိန်၏လည်ပင်းကိုဖက်၍ ငိုကြွေးလေ၏။ ဗင်္ယာမိန်သည်လည်း ယောသပ်၏လည်ပင်းကိုဖက်၍ ငိုကြွေးလေ၏။
45:15 ယောသပ်သည် မိမိ၏အစ်ကိုအပေါင်းတို့ကိုလည်းနမ်း၍ ငိုကြွေးလေ၏။ ထို့နောက်မှ သူ၏ညီအစ်ကိုတို့သည် သူနှင့်စကားပြောကြ၏။
45:16 “ယောသပ်၏ညီအစ်ကိုတို့ရောက်နေကြ၏”ဟု ပြောဆိုသောသတင်းကို နန်းတော်မှဖာရောမင်းကြီး ကြားသောအခါ ဖာရောမင်းကြီးနှင့်သူ၏အမှုထမ်းတို့သည် နှစ်သက်သဘောကျကြ၏။
45:17 ထိုအခါ ဖာရောမင်းကြီးက ယောသပ်အား “သင်၏ညီအစ်ကိုတို့အား ‘ဤသို့ပြုကြလော့။ သင်တို့၏တိရစ္ဆာန်တို့ကိုဝန်တင်၍ ခါနာန်ပြည်သို့ပြန်သွားကြလော့။
45:18 သင်တို့၏ဖခင်နှင့်သင်တို့၏အိမ်သူအိမ်သားတို့ကိုခေါ်၍ ငါ့ထံသို့လာကြလော့။ အီဂျစ်ပြည်ရှိအကောင်းဆုံးသောအရာကို သင်တို့အားငါပေးမည်။ ဤပြည်၏အဆီအနှစ်ကိုစားရမည်။
45:19 ငါမိန့်ဆိုသည့်အတိုင်း ပြုကြလော့။ အီဂျစ်ပြည်မှလှည်းတို့ကို ယူသွား၍ သင်တို့၏ကလေးများ၊ မိန်းမများနှင့် သင်တို့၏ဖခင်ကို ခေါ်ဆောင်လာခဲ့ကြလော့။
45:20 သင်တို့ပစ္စည်းများကို မနှမြောနှင့်။ အကြောင်းမူကား အီဂျစ်ပြည်တစ်ပြည်လုံးရှိအကောင်းဆုံးသောအရာသည် သင်တို့ဥစ္စာဖြစ်၏’ဟူ၍ မှာကြားလော့”ဟု မိန့်ဆိုလေ၏။
45:21 အစ္စရေး၏သားတို့သည် ထိုအတိုင်းပြုကြ၏။ ယောသပ်သည် ဖာရောမင်းကြီး၏အမိန့်အတိုင်း သူတို့အား လှည်းများကို ပေး၍ လမ်းခရီးအတွက် စားနပ်ရိက္ခာကို ပေး၏။
45:22 သူတို့အားလုံးကို လဲစရာအဝတ်တစ်စုံစီပေး၏။ ဗင်္ယာမိန်ကိုမူကား ငွေစသုံးရာနှင့် လဲစရာအဝတ်ငါးစုံပေး၏။
45:23 ထို့ပြင် မိမိဖခင်ထံသို့ အီဂျစ်ပြည်ရှိအကောင်းဆုံးသောအရာများကို တင်ဆောင်သောမြည်းဆယ်ကောင်ကိုလည်းကောင်း၊ လမ်းခရီးတွင် ဖခင်စားရန် ဂျုံစပါး၊ မုန့်၊ စားနပ်ရိက္ခာကိုတင်ဆောင်သော မြည်းမဆယ်ကောင်ကိုလည်းကောင်း ပို့ပေးလိုက်၏။
45:24 ထို့နောက် ယောသပ်သည် သူ၏ညီအစ်ကိုတို့ကိုလွှတ်လိုက်၍ သူတို့ထွက်သွားသောအခါ သူတို့အား “လမ်းခရီး၌ ခိုက်ရန်မဖြစ်ကြနှင့်”ဟု မှာလိုက်၏။
45:25 သူတို့သည် အီဂျစ်ပြည်မှထွက်ခွာ၍ ခါနာန်ပြည်ရှိ မိမိတို့ဖခင်ယာကုပ်ထံသို့ပြန်ရောက်ကြသောအခါ
45:26 သူတို့က ဖခင်အား “ယောသပ်သည် အသက်ရှင်လျက်ရှိသေး၏။ သူသည် အီဂျစ်ပြည်တစ်ပြည်လုံးကိုအုပ်စိုးသောသူဖြစ်နေ၏”ဟု ပြောပြကြ၏။ သို့သော် ယာကုပ်သည် အံ့ဩမှင်တက်လျက် သူတို့ကိုမယုံနိုင်ဘဲဖြစ်လေ၏။
45:27 သူတို့သည် ယောသပ်ပြောသောစကားအလုံးစုံကို ယာကုပ်အားပြောပြပြီး သူ့ကိုခေါ်ဆောင်ရန်အတွက် ယောသပ်ပေးလိုက်သောလှည်းများကိုမြင်သောအခါမှ သူတို့၏ဖခင်ယာကုပ်သည် သတိပြန်ဝင်လာလေ၏။
45:28 ထိုအခါ အစ္စရေးက “လုံလောက်ပြီ။ ငါ့သားယောသပ် အသက်ရှင်သေး၏။ ငါမသေမီ သူ့ကိုသွားတွေ့မည်”ဟု ဆိုလေ၏။