Genesis 50
50:1 ထိုအခါ ယောသပ်သည် မိမိဖခင်၏မျက်နှာကို ငုံ့၍နမ်းပြီး ငိုကြွေး၏။
50:2 ထို့နောက် ယောသပ်သည် မိမိဖခင်၏အလောင်းကိုဆေးစီရင်ရန် မိမိအစေအပါးဆေးဆရာတို့အားအမိန့်ပေးလေ၏။ ထို့ကြောင့် ဆေးဆရာတို့သည် အစ္စရေး၏အလောင်းကိုဆေးစီရင်ကြ၏။
50:3 အလောင်းကိုဆေးစီရင်ရာတွင် ရက်ပေါင်းလေးဆယ်ကြာကြာ အချိန်ပေးရ၏။ အီဂျစ်လူမျိုးတို့သည် ယာကုပ်အတွက် ရက်ပေါင်းခုနစ်ဆယ်ငိုကြွေးကြ၏။
50:4 ငိုကြွေးမြည်တမ်းသောနေ့ရက်များလွန်ပြီးနောက် ယောသပ်က ဖာရောမင်းကြီး၏နန်းတော်သူနန်းတော်သားတို့အား “ငါသည် သင်တို့ရှေ့၌မျက်နှာရသည်ဆိုလျှင် ဖာရောမင်းကြီး၏နားတော်သို့လျှောက်ရမည်မှာ
50:5 ‘အကျွန်ုပ်၏ဖခင်က “ငါသေတော့မည်။ ခါနာန်ပြည်၌ ငါ့အတွက် ငါတူးထားသော သင်္ချိုင်းတွင်းတွင် ငါ့ကိုသင်္ဂြိုဟ်ရမည်”ဟု အကျွန်ုပ်ကို ကျိန်ဆိုစေခဲ့ပါ၏။ ထို့အတွက်ကြောင့် အကျွန်ုပ်သွား၍ ဖခင်ကိုသင်္ဂြိုဟ်ပါရစေ။ ပြီးလျှင် အကျွန်ုပ်ပြန်လာပါမည်’ဟူ၍ လျှောက်ကြပါလော့”ဟု မိန့်ဆိုလေ၏။
50:6 ဖာရောမင်းကြီးက “သင့်အား သင့်ဖခင်ကျိန်ဆိုစေခဲ့သည့်အတိုင်း သွား၍သူ့ကိုသင်္ဂြိုဟ်လော့”ဟု မိန့်ဆိုလေ၏။
50:7 ထို့ကြောင့် ယောသပ်သည် မိမိဖခင်ကိုသင်္ဂြိုဟ်ရန်ထွက်သွားလေ၏။ သူနှင့်အတူ ဖာရောမင်းကြီး၏အမှုထမ်းများဖြစ်သော ဖာရောမင်းကြီးနန်းတော်ရှိသက်ကြီးဝါကြီးအားလုံး၊ အီဂျစ်ပြည်၏သက်ကြီးဝါကြီးအားလုံး၊
50:8 ယောသပ်၏အိမ်သူအိမ်သားအားလုံး၊ ယောသပ်၏အစ်ကိုများမှစသော ယောသပ်ဖခင်၏အိမ်သူအိမ်သားတို့သည်လည်း လိုက်ပါသွားကြ၏။ သူတို့၏ကလေးများနှင့် သိုးဆိတ်များ၊ နွားများကိုမူ ဂေါရှင်အရပ်၌ ထားခဲ့ကြ၏။
50:9 စစ်ရထားနှင့်မြင်းစီးသူရဲတို့သည်လည်း လိုက်ပါသွားကြသဖြင့် အလွန်ကြီးမားသောလူအုပ်ကြီးဖြစ်လေ၏။
50:10 သူတို့သည် ဂျော်ဒန်မြစ်တစ်ဖက်ရှိ အာတဒ်ကောက်နယ်တလင်းသို့ရောက်သောအခါ ထိုအရပ်၌ သူတို့သည် ခါးသီးစွာအော်ဟစ်ငိုကြွေးမြည်တမ်းကြ၏။ ယောသပ်သည် မိမိဖခင်အတွက် ခုနစ်ရက်ပတ်လုံးငိုကြွေးမြည်တမ်းခြင်းကိုပြုလေ၏။
50:11 ထိုသို့ အာတဒ်ကောက်နယ်တလင်း၌ ငိုကြွေးမြည်တမ်းနေကြသည်ကို ထိုပြည်၌နေထိုင်သောခါနာန်လူမျိုးတို့မြင်ကြသောအခါ သူတို့က “အီဂျစ်လူမျိုးတို့ အော်ဟစ်ငိုကြွေးမြည်တမ်းကြပါသည်တကား”ဟု ဆိုကြ၏။ ထို့ကြောင့် ဂျော်ဒန်မြစ်တစ်ဖက်၌ရှိသောထိုအရပ်ကို အဗေလမိဇရိမ် ဟုအမည်မှည့်ခေါ်ကြ၏။
50:12 ယာကုပ်၏သားတို့သည် မိမိတို့အား ဖခင်မှာကြားထားသည့်အတိုင်း မိမိတို့ဖခင်အတွက်ပြုကြ၏။
50:13 ယာကုပ်အလောင်းကို ခါနာန်ပြည်သို့သယ်ဆောင်သွား၍ အာဗြဟံက ဟိတ္တိလူမျိုးဧဖရုန်ထံမှ ကိုယ်ပိုင်သင်္ချိုင်းမြေအဖြစ် ဝယ်ယူထားသောလယ်ဖြစ်သည့် မံရေမြို့အရှေ့ဘက် မပ္ပေလလယ်၌ရှိသောလိုဏ်ဂူ၌ သူ့ကို သင်္ဂြိုဟ်ကြ၏။
50:14 ဖခင်ကို သင်္ဂြိုဟ်ပြီးနောက် ယောသပ်သည် မိမိညီအစ်ကိုတို့မှစ၍ ဖခင်ကိုသင်္ဂြိုဟ်ရန်လိုက်ပါသွားသောသူအပေါင်းတို့နှင့်အတူ အီဂျစ်ပြည်သို့ ပြန်လာ၏။
50:15 ယောသပ်၏အစ်ကိုတို့သည် မိမိတို့ဖခင်သေဆုံးပြီဖြစ်ကြောင်းသိမြင်လျှင် သူတို့က “ယောသပ်သည် သူ့အပေါ်ငါတို့ပြုခဲ့သည့်မကောင်းမှုရှိသမျှအတွက် အငြိုးထားလျှင် ငါတို့ကို ပြန်၍လက်စားချေလိမ့်မည်”ဟု ဆိုပြီး
50:16 သူတို့သည် ယောသပ်ထံသို့ လူလွှတ်၍ “သခင့်ဖခင်မကွယ်လွန်မီက
50:17 ‘သခင့်အပေါ်မကောင်းမှုပြုခဲ့သည့် သခင့်ညီအစ်ကိုတို့ကျူးလွန်ခဲ့သောအပြစ်ကို ခွင့်လွှတ်ပါလော့’ဟူ၍ သခင့်အားပြောကြားရန် မှာကြားခဲ့ပါ၏။ သို့ဖြစ်၍ သခင့်ဖခင်ကိုးကွယ်သည့်ဘုရားသခင်၏အစေအပါးဖြစ်သော အကျွန်ုပ်တို့ ကျူးလွန်မိသောအပြစ်များကို ခွင့်လွှတ်ပါလော့”ဟု လျှောက်စေ၏။ ထိုသို့လျှောက်ထားသောအခါ ယောသပ်သည် မျက်ရည်ကျလေ၏။
50:18 ထို့နောက် ယောသပ်၏ညီအစ်ကိုတို့သည်လည်း ရောက်လာ၍ သူ့ရှေ့၌ပျပ်ဝပ်လျက် “အကျွန်ုပ်တို့သည် သခင့်ကျွန်များဖြစ်ကြပါ၏”ဟု လျှောက်ကြ၏။
50:19 ယောသပ်ကလည်း “မကြောက်ကြနှင့်။ အကျွန်ုပ်သည် ဘုရားသခင်ကို ကိုယ်စားပြုနိုင်သလော။
50:20 သင်တို့သည် အကျွန်ုပ်ကို မကောင်းကြံစည်ခဲ့သော်လည်း ယနေ့မြင်ရသည့်အတိုင်း များစွာသောလူတို့အသက်ချမ်းသာရာရစေရန် ဘုရားသခင်သည် ကောင်းကျိုးချမ်းသာအတွက် ကြံစည်တော်မူ၏။
50:21 သို့ဖြစ်၍ မကြောက်ကြနှင့်။ သင်တို့နှင့်သင်တို့၏ကလေးများကို အကျွန်ုပ်ကျွေးမွေးမည်”ဟု ဆိုလျက် သူတို့အားနှစ်သိမ့်၍ ကြင်နာစွာစကားပြောလေ၏။
50:22 ယောသပ်သည် မိမိဖခင်၏အိမ်သူအိမ်သားတို့နှင့်အတူ အီဂျစ်ပြည်၌နေထိုင်လေ၏။ ယောသပ်သည် အနှစ်တစ်ရာ့တစ်ဆယ်အသက်ရှင်၍
50:23 ဧဖရိမ်၏သားသမီးတို့ကို တတိယမျိုးဆက်အထိ မြင်ရ၏။ မနာရှေ၏မြေး၊ မာခိရ၏သားသမီးတို့သည်လည်း ယောသပ်၏ဒူးပေါ်မှာ မွေးဖွားကြ၏။
50:24 ယောသပ်က သူ၏ညီအစ်ကိုတို့အား “အကျွန်ုပ်သေရတော့မည်။ သို့သော် ဘုရားသခင်သည် သင်တို့ထံသို့ အမှန်ပင်အကြည့်အရှုကြွလာ၍ သင်တို့ကို ဤပြည်မှ အာဗြဟံ၊ ဣဇက်၊ ယာကုပ်တို့အား ကျိန်ဆိုခဲ့သည့်ပြည်သို့ ပို့ဆောင်တော်မူမည်”ဟု ဆိုလေ၏။
50:25 တစ်ဖန် ယောသပ်က “ဘုရားသခင်သည် သင်တို့ထံသို့ အမှန်ပင်အကြည့်အရှုကြွလာတော်မူမည်။ ထိုအခါ သင်တို့သည် ငါ့အရိုးတို့ကို ဤပြည်မှ ယူဆောင်သွားရမည်”ဟု ဆိုလျက် အစ္စရေးအမျိုးသားတို့အား ကျိန်ဆိုစေ၏။
50:26 ယောသပ်သည် အသက်တစ်ရာ့တစ်ဆယ်ရှိသော် သေဆုံးလေ၏။ ယောသပ်၏အလောင်းကိုဆေးစီရင်၍ အီဂျစ်ပြည်၌ အခေါင်းဖြင့်ထားကြလေ၏။