2 Samuel 22
22:1 ရှောလုမင်းကြီး၏လက်မှလည်းကောင်း၊ ရန်သူအပေါင်းတို့၏လက်မှလည်းကောင်း ဒါဝိဒ်မင်းကြီးအား ထာဝရဘုရားကယ်နုတ်တော်မူသောနေ့တွင် ဒါဝိဒ်မင်းကြီးသည် ထာဝရဘုရားထံ ဤသို့ သီချင်းစပ်ဆိုခဲ့၏။
22:2 “ထာဝရဘုရားသည် ငါ၏ကျောက်၊ ငါ၏ရဲတိုက်၊ ငါ့ကိုကယ်တင်တော်မူသောအရှင်၊
22:3 ငါ၏ဘုရား၊ ငါခိုလှုံရာကျောက်ဆောင်၊ ငါ၏ဒိုင်းလွှား၊ ငါ၏ကယ်တင်ခြင်းဦးချို၊ ငါ၏ခံတပ်၊ ငါ၏မှီခိုရာ၊ ရက်စက်ကြမ်းကြုတ်မှုတို့မှ ငါ့ကိုကယ်တင်တော်မူသောအရှင် ဖြစ်တော်မူ၏။
22:4 ချီးမွမ်းထိုက်သောထာဝရဘုရားကို ငါခေါ်သောအခါ ငါ့ရန်သူတို့၏လက်မှ ငါ့ကိုကယ်တင်တော်မူ၏။
22:5 အကယ်စင်စစ် သေခြင်းလှိုင်းလုံးတို့သည် ငါ့ကိုဝိုင်းရံထားပြီး ဖျက်ဆီးခြင်းရေအဟုန်တို့သည် ငါ့ကိုခြောက်လှန့်နေပါ၏။
22:6 မရဏာကြိုးတို့သည် ငါ့ကို ပတ်စည်းထားပြီး သေမင်းထောင်ချောက်များလည်း ငါ့ကို ဆီးကြိုနေပါ၏။
22:7 ဆင်းရဲဒုက္ခရောက်စဉ် ငါသည် ထာဝရဘုရားကို ခေါ်ပါ၏။ ငါ၏ဘုရားသခင်ကို ဟစ်ခေါ်ပါ၏။ ကိုယ်တော်သည် ငါ၏အသံကို ဗိမာန်တော်ထဲမှ ကြားတော်မူပါ၏။ ငါ၏အော်ဟစ်သံသည်လည်း နားတော်သို့ရောက်ပါ၏။
22:8 ထိုအခါ ကိုယ်တော်သည် အမျက်ထွက်တော်မူသောကြောင့် မြေကြီးသည် ယိမ်းထိုးလှုပ်ခါ၏။ မိုးကောင်းကင်အုတ်မြစ်သည်လည်း ယိမ်းထိုးခါယမ်း၏။
22:9 ကိုယ်တော်၏နှာခေါင်းတော်ထဲမှ မီးခိုးထွက်၍ ခံတွင်းတော်ထဲမှ မီးတောက်ထွက်လာ၏။ ထိုမီးတောက်ကြောင့် မီးခဲတို့သည် တောက်လောင်ကြ၏။
22:10 ကိုယ်တော်သည် မိုးကောင်းကင်ကို ညွတ်စေ၍ ကြွဆင်းတော်မူ၏။ အမှောင်ထုသည် ခြေတော်အောက်၌ရှိ၏။
22:11 ကိုယ်တော်သည် ခေရုဗိမ် ကိုစီး၍ ပျံသန်းတော်မူ၏။ လေအတောင်ပံပေါ်တွင် ကိုယ်တော်ကို ဖူးမြင်ရ၏။
22:12 ကိုယ်တော်သည် မိုးရေဖွဲ့ထားသောတိမ်တိုက်ထုကြီး၏အမှောင်ထုဖြင့် ကိုယ်ကိုပတ်လည်ခြံရံစေတော်မူ၏။
22:13 ရှေ့တော်ရှိ ရောင်ခြည်တော်ကြောင့် မီးခဲများတောက်လောင်ရပါ၏။
22:14 ထာဝရဘုရားသည် ကောင်းကင်၌ ခြိမ်းသံကိုပေးတော်မူ၏။ အမြင့်ဆုံးသောအရှင်သည် အသံကို လွှင့်တော်မူ၏။
22:15 မြားတို့ကို ပစ်လွှတ်၍ ရန်သူတို့အား ကွဲလွင့်စေတော်မူ၏။ လျှပ်စီးကိုလက်စေ၍ သူတို့အား ကစဥ့်ကလျားဖြစ်စေတော်မူ၏။
22:16 ထာဝရဘုရား၏ဆုံးမခြင်းနှင့် နှာခေါင်းတော်ထဲမှ ရှူထုတ်သောလေကြောင့် ပင်လယ်ကြမ်းပြင်များ ပေါ်လာ၍ ကမ္ဘာကြီး၏အောက်ခြေတို့သည် ဟင်းလင်းပြင်ဖြစ်လေ၏။
22:17 ကိုယ်တော်သည် အထက်အရပ်မှလှမ်း၍ ငါ့ကိုဆွဲကိုင်တော်မူ၏။ ရေထုထဲမှလည်း ငါ့ကို ဆယ်ယူတော်မူ၏။
22:18 ငါမပြိုင်နိုင်လောက်အောင် ခွန်အားကြီးမားသော ငါ့ရန်သူ၏လက်မှလည်းကောင်း၊ ငါ့ကိုမုန်းသောသူတို့၏လက်မှလည်းကောင်း ငါ့ကိုကယ်နုတ်တော်မူ၏။
22:19 ငါဘေးဒုက္ခရောက်ချိန်တွင် သူတို့သည် ငါ့ကို တိုက်ခိုက်ကြသော်လည်း ထာဝရဘုရားသည် ငါ့ကို ထောက်မတော်မူ၏။
22:20 ကိုယ်တော်သည် ငါ့ကို ကျယ်ဝန်းသောအရပ်သို့ ပို့ဆောင်တော်မူ၏။ ငါ့ကိုနှစ်သက်တော်မူသောကြောင့် ကယ်မတော်မူ၏။
22:21 ထာဝရဘုရားသည် ငါဖြောင့်မတ်သည်နှင့်အညီ ငါ့ကို ကျေးဇူးပြုတော်မူ၏။ ငါ့လက်သန့်ရှင်းသည်နှင့်အညီ ငါ့ကို ချီးမြှောက်တော်မူ၏။
22:22 အကြောင်းမူကား ငါသည် ထာဝရဘုရား၏လမ်းတို့ကို စောင့်ထိန်း၏။ ငါ၏ဘုရားသခင်ကိုဆန့်ကျင်ပြီး ဆိုးယုတ်သောအမှုကို မပြုပါ။
22:23 အကယ်စင်စစ် ကိုယ်တော်၏စီရင်ထုံးဖွဲ့ချက်ရှိသမျှတို့ကို ငါမျက်မှောက်ပြုပါ၏။ ကိုယ်တော်၏ပြဋ္ဌာန်းချက်တို့မှ ငါလွှဲရှောင်မသွားပါ။
22:24 ငါသည် ကိုယ်တော်၏ရှေ့တော်၌ အပြစ်တင်စရာမရှိအောင်နေ၍ ကိုယ့်ဒုစရိုက်ကို ကိုယ်ရှောင်ကြဉ်ပါ၏။
22:25 ထို့ကြောင့် ထာဝရဘုရားသည် ငါဖြောင့်မတ်သည်နှင့်အညီ၊ ကိုယ်တော်၏မျက်မှောက်တော်၌ ငါ့လက်သန့်ရှင်းသည်နှင့်အညီ ငါ့ကိုချီးမြှောက်တော်မူ၏။
22:26 ကိုယ်တော်သည် မေတ္တာကရုဏာရှိသောသူအား မိမိမေတ္တာကရုဏာရှိကြောင်းကို ပြတော်မူ၏။ အပြစ်ကင်းသောသူအား မိမိအပြစ်ကင်းကြောင်းကို ပြတော်မူ၏။
22:27 သန့်ရှင်းသောသူအား မိမိသန့်ရှင်းကြောင်းကို ပြတော်မူ၏။ ကောက်ကျစ်သောသူအား မိမိဉာဏ်များကြောင်းကို ပြတော်မူ၏။
22:28 ကိုယ်တော်သည် အဖိနှိပ်ခံရသောလူမျိုးကို ကယ်တင်တော်မူ၏။ ထောင်လွှားသောသူတို့ကိုကား နှိမ့်ချဖို့ စောင့်ကြည့်တော်မူ၏။
22:29 အို ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်၏မီးခွက်ဖြစ်တော်မူ၏။ ထာဝရဘုရားသည် အကျွန်ုပ်၏မှောင်မိုက်ကို လင်းစေတော်မူ၏။
22:30 အကယ်စင်စစ် အကျွန်ုပ်သည် ကိုယ်တော်အားဖြင့် တပ်တစ်တပ်လုံးကို ဝင်ရောက်စီးနင်းနိုင်ပါ၏။ အကျွန်ုပ်၏ဘုရားသခင်အားဖြင့် တံတိုင်းကိုလည်း ကျော်နိုင်ပါ၏။
22:31 ဘုရားသခင်၏လမ်းသည် ပြည့်ဝစုံလင်၏။ ထာဝရဘုရား၏မိန့်တော်မူချက်သည် ခိုင်လုံမှန်ကန်၏။ ကိုယ်တော်သည် အထံတော်၌ခိုလှုံသောသူရှိသမျှတို့၏ဒိုင်းလွှားဖြစ်တော်မူ၏။
22:32 အကြောင်းမူကား ထာဝရဘုရားမှတစ်ပါး မည်သူသည် ဘုရားသခင်ဖြစ်သနည်း။ ငါတို့၏ဘုရားသခင်မှတစ်ပါး မည်သူသည် ကျောက်ဆောင်ဖြစ်သနည်း။
22:33 ဘုရားသခင်သည် ငါ၏ခိုင်ခံ့သောရဲတိုက်ဖြစ်၍ ငါ၏လမ်းကို ချောမွေ့စေတော်မူ၏။
22:34 ငါ၏ခြေကို သမင်ခြေကဲ့သို့ဖြစ်စေ၍ မြင့်သောနေရာတို့၌ ငါ့ကိုရပ်စေတော်မူ၏။
22:35 ငါ၏လက်ကို စစ်ရေး၌လေ့ကျက်စေတော်မူသဖြင့် ငါ၏လက်ရုံးသည် ကြေးဝါလေးကိုတင်နိုင်၏။
22:36 ကိုယ်တော်သည် ကယ်တင်ခြင်းဒိုင်းလွှားကို အကျွန်ုပ်အားပေးတော်မူ၏။ ကိုယ်တော်၏နူးညံ့သိမ်မွေ့သောသဘောကြောင့် အကျွန်ုပ်သည် ကြီးမြတ်သူဖြစ်လာရပါ၏။
22:37 ကိုယ်တော်သည် အကျွန်ုပ်ခြေလှမ်းစရာလမ်းကို ကျယ်ပြန့်စေတော်မူသောကြောင့် အကျွန်ုပ်ခြေမချော်ခဲ့ပါ။
22:38 အကျွန်ုပ်သည် အကျွန်ုပ်၏ရန်သူများကို လိုက်၍ သုတ်သင်ခဲ့ပါ၏။ သူတို့ကိုအပြီးသတ်မသုတ်သင်မီတိုင်အောင် နောက်ပြန်မလှည့်ခဲ့ပါ။
22:39 အကျွန်ုပ်သည် သူတို့ကို အပြီးသတ်သုတ်သင်ခဲ့ပါ၏။ သူတို့မထနိုင်အောင်ချေမှုန်းခဲ့ပါ၏။ သူတို့သည် အကျွန်ုပ်၏ခြေအောက်တွင်လဲကျခဲ့ကြပါ၏။
22:40 ကိုယ်တော်သည် စစ်ပွဲအတွက် အကျွန်ုပ်ကိုခွန်အားနှင့်ပတ်စည်း၍ အကျွန်ုပ်ကိုဆန့်ကျင်သောသူတို့အား အကျွန်ုပ်၏အောက်တွင် ညွတ်တွားစေတော်မူ၏။
22:41 အကျွန်ုပ်ရှေ့တွင် အကျွန်ုပ်၏ရန်သူတို့ကို လည်စင်းခံရစေသဖြင့် အကျွန်ုပ်ကိုမုန်းသောသူတို့အား အကျွန်ုပ် ဖယ်ရှားသုတ်သင်နိုင်ခဲ့ပါ၏။
22:42 သူတို့သည် မျှော်ကြည့်သော်လည်း ကယ်တင်မည့်သူ မရှိပါ။ ထာဝရဘုရားထံမျှော်ကြည့်သော်လည်း သူတို့ကို ထူးတော်မမူပါ။
22:43 ထိုအခါ အကျွန်ုပ်သည် သူတို့ကို မြေမှုန့်ကဲ့သို့ ညက်ညက်ချေ၍ လမ်းပေါ်မှရွှံ့ကဲ့သို့ သူတို့ကိုဖိနင်းပါ၏။
22:44 ကိုယ်တော်သည် အကျွန်ုပ်ကိုတိုက်ခိုက်သောလူတို့လက်မှ အကျွန်ုပ်ကိုလွတ်မြောက်စေ၍ လူမျိုးတကာတို့၏အကြီးအမှူးအဖြစ် အကျွန်ုပ်ကို စောင့်ရှောက်တော်မူ၏။ အကျွန်ုပ်မသိဖူးသောလူတို့သည်လည်း အကျွန်ုပ်ကိုအစေခံကြပါ၏။
22:45 တိုင်းတစ်ပါးသားတို့သည် အကျွန်ုပ်ကို ခယဝပ်တွားကြပြီး အကျွန်ုပ်အကြောင်းကိုကြားရသည်နှင့် အကျွန်ုပ်စကားကိုနာခံကြပါ၏။
22:46 တိုင်းတစ်ပါးသားတို့သည် လက်မှိုင်ချ၍ မိမိတို့၏ခြေကုပ်စခန်းများထဲမှ တုန်လှုပ်လျက်ထွက်လာကြပါ၏။
22:47 ထာဝရဘုရားသည် အသက်ရှင်တော်မူ၏။ သို့ဖြစ်၍ ငါ၏ကျောက်ဆောင်ကို ကောင်းချီးထောမနာပြုကြလော့။ ငါ၏ကယ်တင်ရာကျောက်ဆောင်ဖြစ်တော်မူသောဘုရားသခင်ကို ချီးမြှောက်ကြလော့။
22:48 ဘုရားသခင်သည် ငါ့အတွက်လက်တုံ့ပြန်ပေး၍ လူမျိုးတကာတို့ကို ငါ့လက်အောက်သို့ ရောက်စေတော်မူ၏။
22:49 ငါ၏ရန်သူတို့လက်မှ ငါ့ကိုလွတ်မြောက်စေတော်မူ၏။ ကိုယ်တော်သည် အကျွန်ုပ်ကိုဆန့်ကျင်သောသူတို့အပေါ် အကျွန်ုပ်ကိုချီးမြှောက်တော်မူပြီး ရက်စက်ကြမ်းကြုတ်သောသူတို့၏လက်မှ အကျွန်ုပ်ကိုကယ်နုတ်တော်မူ၏။
22:50 ထို့ကြောင့် အို ထာဝရဘုရား၊ အကျွန်ုပ်သည် လူမျိုးတကာတို့အလယ်၌ ကိုယ်တော်၏ကျေးဇူးတော်ကိုချီးမွမ်း၍ ကိုယ်တော်၏နာမတော်ကိုသီဆိုချီးမွမ်းပါမည်။
22:51 ကိုယ်တော်သည် မိမိခန့်ထားသောရှင်ဘုရင်အား ကြီးမားသောအောင်ပွဲများကိုခံစေပြီး မိမိဘိသိက်ပေးထားသောဒါဝိဒ်နှင့် သူ၏အမျိုးအနွယ်အား မေတ္တာကရုဏာတော်ကို ကာလအစဉ်အဆက်ပြတော်မူ၏။”