2 Samuel 8
8:1 ထို့နောက်တွင် ဒါဝိဒ်မင်းကြီးသည် ဖိလိတ္တိလူမျိုးတို့ကို တိုက်ခိုက်နှိမ်နင်းပြီး ဖိလိတ္တိလူမျိုးတို့လက်မှ မေသေဂမ္မာမြို့ကို သိမ်းယူလိုက်၏။
8:2 ထို့နောက် မောဘပြည်ကိုလည်း တိုက်ခိုက်၏။ မောဘပြည်သားတို့ကို မြေပေါ်တွင်လှဲစေပြီး ကြိုးနှင့်တိုင်းရာ ကြိုးသုံးပုံနှစ်ပုံအတွင်းရောက်နေသူများကို သတ်ပစ်ပြီး ကျန်သုံးပုံတစ်ပုံကို အသက်ချမ်းသာပေး၏။ ဤသို့ဖြင့် မောဘလူမျိုးတို့သည် ဒါဝိဒ်မင်းကြီး၏လက်အောက်ခံဖြစ်လာပြီး အခွန်များကိုဆက်သရ၏။
8:3 ရဟောဘ၏သား၊ ဇောဘဘုရင်ဟာဒဒေဇာမင်းကြီးသည် ယူဖရေးတီးမြစ် တစ်လျှောက်ကို ပြန်လည်သိမ်းပိုက်ရန် စစ်ချီလာသောအခါ ဒါဝိဒ်မင်းကြီးသည် သူ့ကိုတိုက်ခိုက်ပြီး
8:4 ထိုဘုရင်ထံမှ မြင်းစီးသူရဲအယောက်တစ်ထောင့်ခုနစ်ရာနှင့် ခြေလျင်တပ်သား အယောက်နှစ်သောင်းကိုသိမ်းပိုက်လိုက်၏။ ထို့နောက် ဒါဝိဒ်မင်းကြီးသည် မိမိအဖို့ စစ်ရထားမြင်းအကောင်တစ်ရာကိုချန်ထားပြီး ကျန်စစ်ရထားမြင်းအားလုံးကို တံကောက်ကြော ဖြတ်ပစ်လေ၏။
8:5 ဒါဝိဒ်မင်းကြီးသည် ဇောဘဘုရင်ဟာဒဒေဇာမင်းကြီးကို စစ်ကူလာသော ဒမတ်စကပ်မြို့သား ဆီးရီးယားလူမျိုးတို့ထဲမှ ဆီးရီးယားလူမျိုး နှစ်သောင်းနှစ်ထောင်ကိုသုတ်သင်ပစ်ပြီး
8:6 ဆီးရီးယားပြည်၊ ဒမတ်စကပ်မြို့တွင် မြို့စောင့်တပ်များကိုချထားခဲ့၏။ ဆီးရီးယားလူမျိုးတို့သည် ဒါဝိဒ်မင်းကြီး၏လက်အောက်ခံများဖြစ်လာပြီး အခွန်ဆက်သရ၏။ ထာဝရဘုရားသည် ဒါဝိဒ်မင်းကြီးစစ်ချီသွားလေရာရာ၌ အောင်ပွဲရစေတော်မူ၏။
8:7 ဒါဝိဒ်မင်းကြီးသည် ဟာဒဒေဇာမင်းကြီး၏အစေအပါးတို့ကိုင်ဆောင်သော ရွှေဒိုင်းလွှားတို့ကိုသိမ်းပြီး ဂျေရုဆလင်မြို့သို့ယူဆောင်လာ၏။
8:8 ဒါဝိဒ်မင်းကြီးသည် ဘေတမြို့၊ ဗေရောသဲမြို့စသည့် ဟာဒဒေဇာမင်းကြီးပိုင်သောမြို့တို့မှ ကြေးနီအမြောက်အမြားကိုလည်း သိမ်းယူလေ၏။
8:9 ဟာဒဒေဇာမင်းကြီး၏စစ်တပ်တစ်တပ်လုံးအား ဒါဝိဒ်မင်းကြီးချေမှုန်းလိုက်ကြောင်းကို ဟာမတ်ဘုရင်တောဣမင်းကြီးကြားလျှင်
8:10 သာကြောင်းမာကြောင်းနှုတ်ဆက်ရန်နှင့် ဟာဒဒေဇာမင်းကြီးကို တိုက်ခိုက်ချေမှုန်းနိုင်သောကြောင့် ဂုဏ်ပြုရန် ရွှေထည်၊ ငွေထည်၊ ကြေးထည်တို့ပါလျက် မိမိသားတော်ယောရံကို ဒါဝိဒ်မင်းကြီးထံစေလွှတ်၏။ အကြောင်းမှာ တောဣမင်းကြီးသည်လည်း ဟာဒဒေဇာမင်းကြီးနှင့် စစ်တိုက်ခဲ့ဖူး၏။
8:11 ဒါဝိဒ်မင်းကြီးသည် ထိုပစ္စည်းများအပြင် မိမိနှိမ်နင်းခဲ့သောတိုင်းပြည်အပေါင်းတို့မှသိမ်းယူခဲ့သော ရွှေငွေတို့ကိုလည်း ထာဝရဘုရားထံဆက်ကပ်၏။
8:12 ထိုရွှေငွေတို့သည် ဆီးရီးယားလူမျိုး၊ မောဘလူမျိုး၊ အမ္မုန်အမျိုးသား၊ ဖိလိတ္တိလူမျိုး၊ အာမလက်လူမျိုးနှင့် ရဟောဘ၏သား ဇောဘဘုရင်ဟာဒဒေဇာမင်းကြီးတို့ထံမှ တိုက်ရာပါပစ္စည်းများဖြစ်၏။
8:13 ဒါဝိဒ်မင်းကြီးသည် ဆီးရီးယားလူမျိုး တစ်သောင်းရှစ်ထောင်ကို ဆားချိုင့်ဝှမ်းတွင် သုတ်သင်နိုင်ခဲ့ပြီး ပြန်လာသောအခါ ဂုဏ်သတင်းကြီးလာလေ၏။
8:14 ဧဒုံပြည်တွင်လည်း မြို့စောင့်တပ်များ ချထားလိုက်၏။ ထိုသို့ ဧဒုံပြည်တစ်ပြည်လုံးတွင် မြို့စောင့်တပ်များ ချထားသောကြောင့် ဧဒုံလူမျိုးအပေါင်းတို့သည် ဒါဝိဒ်မင်းကြီး၏လက်အောက်ခံဖြစ်သွား၏။ ထာဝရဘုရားသည်လည်း ဒါဝိဒ်မင်းကြီးစစ်ချီသွားလေရာရာ၌ အောင်ပွဲရစေတော်မူ၏။
8:15 ဒါဝိဒ်မင်းကြီးသည် အစ္စရေးတစ်မျိုးလုံးကို အုပ်စိုး၍ ပြည်သူပြည်သားအပေါင်းတို့ကို တရားမျှတစွာ၊ ဖြောင့်မတ်စွာ အုပ်ချုပ်၏။
8:16 ဇေရုယာ၏သားယွာဘကား ဗိုလ်ချုပ်၊ အဟိလုဒ်၏သားယောရှဖတ်ကား အတွင်းဝန်၊
8:17 အဟိတုပ်၏သား ဇာဒုတ်နှင့် အဗျာသာ၏သား အဟိမလက်တို့ကား ယဇ်ပုရောဟိတ်များ၊ စရာယကား စာရေးတော်ကြီး၊
8:18 ယောယဒ၏သားဗေနာယကား ခေရသိလူမျိုးနှင့် ပေလသိလူမျိုးတို့ကို အုပ်ချုပ်ရသူ၊ ဒါဝိဒ်မင်းကြီး၏သားတို့ကား နန်းတွင်းအရာရှိများ စသည်ဖြင့် အသီးသီးနေရာရကြ၏။