1 Kings 14
14:1 ထိုအချိန်တွင် ယေရောဗောင်မင်းကြီး၏သားအဘိယ နာမကျန်းဖြစ်လာ၏။
14:2 ယေရောဗောင်က သူ့မိဖုရားအား “သင့်ကို ယေရောဗောင်၏မိဖုရားမှန်း လူတို့မသိအောင် ရုပ်ဖျက်ပြီး ရှိလောမြို့ရှိပရောဖက် အဟိယထံသို့သွားလော့။ သူက ငါ့အား သင်သည် ဤလူမျိုးကို အုပ်ချုပ်ရမည်ဟု ပြောခဲ့သောသူဖြစ်၏။
14:3 မုန့်အလုံးတစ်ဆယ်၊ မုန့်ပြားအနည်းငယ်နှင့် ပျားရည်တစ်ဘူးကိုပါ ယူသွားလော့။ သူ့ထံရောက်လျှင် သူငယ်မည်သို့ဖြစ်မည်ကို သင့်အား ပြောပြလိမ့်မည်”ဟု ဆို၏။
14:4 ယေရောဗောင်မင်းကြီး၏မိဖုရားသည်လည်း ထ၍ ရှိလောမြို့သို့သွားကာ အဟိယအိမ်သို့ရောက်လေ၏။ အဟိယသည် အသက်အရွယ်ကြီးရင့်ပြီဖြစ်၍ မျက်စိပင်မမြင်တော့ချေ။
14:5 ထာဝရဘုရားက အဟိယအား “ယေရောဗောင်၏မိဖုရားသည် နာမကျန်းသောသားနှင့်ပတ်သက်၍မေးမြန်းရန် သင့်ထံလာလေပြီ။ သူသည် အခြားသူအယောင်ဆောင်ပြီး ရောက်လာလိမ့်မည်။ သူ့ကို ဤသို့ဤသို့ ပြန်ဖြေပါ”ဟု မိန့်တော်မူ၏။
14:6 ထိုစဉ် တံခါးဝနားရောက်လာသောမိဖုရား၏ခြေသံကို အဟိယကြားလေ၏။ ထို့ကြောင့် သူက “ယေရောဗောင်၏မိဖုရား၊ ဝင်လာပါ။ အဘယ်ကြောင့် အခြားသူအယောင်ဆောင်ရသနည်း။ သင့်အား သတင်းဆိုးပြောကြားရန် ငါ့ကို စေခိုင်းတော်မူပြီ။
14:7 ယေရောဗောင်ကို ပြန်ပြောလော့။ အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားက ‘ဤလူမျိုးတို့ထဲမှ သင့်ကို ငါရွေးကောက်၍ ငါ့လူမျိုးတော်အစ္စရေးတို့ကို အုပ်ချုပ်စေခဲ့၏။
14:8 နိုင်ငံတော်ကို ဒါဝိဒ်မင်းမျိုးမင်းနွယ်လက်ထဲမှ ရုပ်သိမ်းပြီး သင့်ကို ပေးအပ်ခဲ့၏။ သို့သော် ငါ့အစေအပါးဒါဝိဒ်ကဲ့သို့ သင်မပြု။ သူသည် ပညတ်တရားတို့ကို စောင့်ထိန်း၍ ငါ့နောက်သို့ စိတ်နှလုံးအကြွင်းမဲ့လိုက်လျှောက်ပြီး ငါ့မျက်မှောက်တွင် ဖြောင့်မှန်စွာပြုကျင့်၏။
14:9 သင်မူကား သင့်ရှေ့ကလူအပေါင်းတို့ထက် ဆိုးညစ်မှုများကို ပြုလေပြီ။ သင်သည် ငါ့ကိုကျောခိုင်းပြီး အခြားဘုရားများ၊ ရုပ်တုများကို ပြုလုပ်ကာ ငါ့ကိုအမျက်ထွက်စေပြီ။
14:10 ထို့ကြောင့် ယခု ငါသည် ယေရောဗောင်မင်းမျိုးမင်းနွယ်တို့အပေါ် ဘေးဆိုးကျရောက်စေမည်။ အစ္စရေးပြည်ရှိ ကျွန်ပြုခံရသူနှင့် ကျွန်ပြုမခံရသူပါမကျန် ယေရောဗောင်မင်းမျိုးမင်းနွယ်ထဲမှ ယောက်ျားတို့ကို ငါပယ်ရှင်းမည်။ အမှိုက်ပုံကို မီးရှို့ရှင်းလင်းပစ်သကဲ့သို့ ယေရောဗောင်မင်းမျိုးမင်းနွယ်တို့ကို သုတ်သင်ပယ်ရှင်းပစ်မည်။
14:11 ယေရောဗောင်မင်းမျိုးမင်းနွယ်တို့သည် မြို့ထဲ၌သေလျှင် ခွေးများစားကြလိမ့်မည်။ မြို့ပြင်၌သေလျှင် ကောင်းကင်ငှက်တို့စားကြလိမ့်မည်’ဟူ၍ ထာဝရဘုရား မိန့်တော်မူပြီ။
14:12 ယခု သင်ထ၍ ကိုယ့်အိမ်သို့ပြန်လော့။ မြို့ထဲသို့ သင်ခြေချလိုက်သည်နှင့် သူငယ်သေလိမ့်မည်။
14:13 အစ္စရေးလူမျိုးတစ်မျိုးလုံး သူ့အတွက် ငိုကြွေးမြည်တမ်းလျက် သူ့ကို သင်္ဂြိုဟ်ကြလိမ့်မည်။ ယေရောဗောင်မင်းမျိုးမင်းနွယ်တွင် သူသည် အစ္စရေးလူမျိုး၏ဘုရားသခင် ထာဝရဘုရား၏စိတ်တော်နှင့်တွေ့သူဖြစ်၏။ ထို့ကြောင့် ယေရောဗောင်မင်းမျိုးမင်းနွယ်ထဲတွင် သူတစ်ဦးတည်းသာ သင်္ချိုင်း၌ သင်္ဂြိုဟ်ခြင်းခံရလိမ့်မည်။
14:14 ထာဝရဘုရားသည် တစ်နေ့တွင် ယေရောဗောင်မင်းမျိုးမင်းနွယ်ကို ပယ်ရှင်းမည့်ရှင်ဘုရင်တစ်ပါး အစ္စရေးလူမျိုးထဲမှ ပေါ်ထွန်းစေမည်။ မည်သည့်အချိန်နည်းဆိုလျှင် ယခုပင်ဖြစ်၏။
14:15 အစ္စရေးလူမျိုးသည် အာရှရနတ်ဘုရားမတံခွန်တိုင်များကို ပြုလုပ်ပြီး ထာဝရဘုရားကိုအမျက်ထွက်စေသောကြောင့် ထာဝရဘုရားသည် သူတို့ကို ရေထဲ၌လှုပ်ခါယမ်းသောကျူပင်ကဲ့သို့ လှုပ်ခါယမ်းစေမည်။ ဘိုးဘေးတို့အားပေးတော်မူသည့် ဤသာယာဝပြောသောပြည်ထဲမှ အစ္စရေးလူမျိုးတို့ကို ထုတ်ပစ်၍ ယူဖရေးတီးမြစ် တစ်ဖက်ကမ်းသို့ ကွဲလွင့်သွားစေမည်။
14:16 ယေရောဗောင်မင်းကြီးသည် ကိုယ်တိုင်အပြစ်ပြုသည်သာမက အစ္စရေးလူမျိုးတို့ကိုပါ အပြစ်ပြုစေသောအပြစ်များကြောင့် ကိုယ်တော်သည် အစ္စရေးလူမျိုးကို စွန့်ပစ်တော်မူမည်”ဟု သူ့အား ဆိုလေ၏။
14:17 ယေရောဗောင်မင်းကြီး၏မိဖုရားသည်လည်း ထ၍ပြန်သွားပြီး တိရဇာမြို့ထဲသို့ဝင်လာ၏။ နန်းတော်တံခါးခုံနားရောက်သည်နှင့် သူငယ်မှာ သေလေ၏။
14:18 မိမိအစေအပါး ပရောဖက်အဟိယအားဖြင့် ထာဝရဘုရားမိန့်မြွက်တော်မူခဲ့သည့်အတိုင်း အစ္စရေးလူမျိုးတစ်မျိုးလုံးသည် သူ့ကိုသင်္ဂြိုဟ်ကြပြီး သူ့အတွက် ငိုကြွေးမြည်တမ်းကြ၏။
14:19 ကျန်ရှိနေသော ယေရောဗောင်မင်းကြီးလက်ထက်အဖြစ်အပျက်များ၊ စစ်တိုက်ခဲ့ပုံများ၊ အုပ်ချုပ်ခဲ့ပုံများကို အစ္စရေးဘုရင်များ၏ရာဇဝင်မှတ်တမ်းတွင် ရေးမှတ်ထား၏ ။
14:20 ယေရောဗောင်မင်းကြီးသည် နှစ်ဆယ့်နှစ်နှစ်နန်းစံပြီး ဘိုးဘေးတို့နှင့်အတူအိပ်ပျော်သွား၏။ သူ၏သားတော်နာဒပ်သည် သူ့အရိုက်အရာကို ဆက်ခံ၏။
14:21 ယုဒပြည်တွင် ရှောလမုန်မင်းကြီး၏သားတော်ရောဗောင် နန်းတက်၏။ ရောဗောင်မင်းကြီးနန်းတက်သောအခါ သက်တော်လေးဆယ့်တစ်နှစ်ရှိ၏။ သူသည် ထာဝရဘုရားက မိမိ၏နာမကို တည်စေရန် အစ္စရေးမျိုးနွယ်အားလုံးထဲမှ ရွေးချယ်တော်မူသောဂျေရုဆလင်မြို့တွင် တစ်ဆယ့်ခုနစ်နှစ် စိုးစံခဲ့၏။ မယ်တော်ကား အမ္မုန်အမျိုးသမီး နေမအမည်ရှိ၏။
14:22 ယုဒလူမျိုးတို့သည်လည်း ထာဝရဘုရားရှေ့တော်တွင် မကောင်းမှုကိုသာ ပြုကြ၏။ ဘိုးဘေးတို့ပြုသမျှထက် သူတို့ပြစ်မှားသောအပြစ်က ထာဝရဘုရားကို ပို၍အမျက်ထွက်စေ၏။
14:23 သူတို့သည် အထွတ်အမြတ်ထားရာနေရာများ၊ ကျောက်တိုင်များ၊ အာရှရနတ်ဘုရားမတံခွန်တိုင်များကိုလည်း ကုန်းမြင့်ရှိသမျှ၊ စိမ်းလန်းသောသစ်ပင်ရှိသမျှတို့အောက်တွင် ကိုယ့်အဖို့ တည်ထားကြ၏။
14:24 ပြည်တော်တွင် မိစ္ဆာဒိဋ္ဌိကျင့်ထုံးဆိုင်ရာယောက်ျားပြည့်တန်ဆာလည်း ရှိ၏။ အစ္စရေးလူမျိုးတို့ထံမှ ထာဝရဘုရားနှင်ထုတ်တော်မူသောလူမျိုးခြားတို့ပြုသည့် စက်ဆုပ်ရွံရှာဖွယ်အရာရှိသမျှတို့ကို ပြုကြ၏။
14:25 ရောဗောင်မင်းကြီးနန်းစံငါးနှစ်တွင် အီဂျစ်ဘုရင်ရှိရှက်မင်းကြီးသည် ချီလာ၍ ဂျေရုဆလင်မြို့ကို တိုက်ခိုက်၏။
14:26 ထာဝရဘုရား၏အိမ်တော်ရှိဘဏ္ဍာများနှင့် ရှင်ဘုရင်နန်းတော်ရှိဘဏ္ဍာများကို ထုတ်ဆောင်၍ ထိုအရာအားလုံးအပြင် ရှောလမုန်မင်းကြီးပြုလုပ်ခဲ့သောရွှေဒိုင်းလွှားအားလုံးကိုလည်း ယူဆောင်သွား၏။
14:27 ထို့ကြောင့် ရောဗောင်မင်းကြီးသည် ရွှေဒိုင်းလွှားများအစား ကြေးနီဒိုင်းလွှားများကို ပြုလုပ်ပြီး ဘုရင့်နန်းတော်တံခါးကိုစောင့်ကြပ်သော တံခါးမှူးတို့၏လက်သို့အပ်၏။
14:28 ရှင်ဘုရင်သည် ထာဝရဘုရား၏အိမ်တော်သို့ ဝင်ရောက်သည့်အခါတိုင်း တံခါးစောင့်တို့သည် ထိုဒိုင်းလွှားတို့ကို ကိုင်ဆောင်ရ၏။ ပြီးလျှင် ထိုဒိုင်းလွှားတို့ကို တံခါးစောင့်တို့၏အခန်းထဲတွင် ပြန်သိမ်းထားရ၏။
14:29 ကျန်ရှိနေသော ရောဗောင်မင်းကြီးလက်ထက်အဖြစ်အပျက်များနှင့် သူပြုခဲ့သမျှတို့ကို ယုဒဘုရင်များ၏ရာဇဝင်မှတ်တမ်းတွင် ရေးမှတ်ထား၏ ။
14:30 ရောဗောင်မင်းကြီးနှင့် ယေရောဗောင်မင်းကြီးတို့သည် အသက်ရှင်သမျှကာလပတ်လုံး အချင်းချင်းစစ်တိုက်ခဲ့ကြ၏။
14:31 ရောဗောင်မင်းကြီးသည် ဘိုးဘေးတို့နှင့်အတူအိပ်ပျော်၍ ဘိုးဘေးတို့နှင့်အတူ သူ့ကိုဒါဝိဒ်မြို့တွင် သင်္ဂြိုဟ်ကြ၏။ မယ်တော်ကား အမ္မုန်အမျိုးသမီး နေမအမည်ရှိ၏။ ရောဗောင်မင်းကြီး၏သားတော်အဘိယံ သည် သူ့အရိုက်အရာကို ဆက်ခံ၏။