1 Kings 17
17:1 ဂိလဒ်ပြည်ရှိ တိရှဘိမြို့သားဧလိယက အာဟပ်မင်းကြီးအား “ငါကိုးကွယ်သော အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရား အသက်ရှင်တော်မူသည်နှင့်အညီ ဤနှစ်များအတွင်း ငါအမိန့်မပေးဘဲ မိုးမရွာ၊ နှင်းမကျစေရ”ဟု ဆို၏။
17:2 ထို့နောက် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ဧလိယထံသို့ရောက်လာ၍
17:3 “ဤအရပ်မှထွက်၍ အရှေ့ဘက်သို့ သွားလော့။ ဂျော်ဒန်မြစ်အရှေ့ဘက် ခေရိတ်ချောင်းနားတွင် ပုန်းရှောင်၍
17:4 ထိုချောင်းရေကို သောက်ရမည်။ ထိုနေရာတွင် သင့်ကိုကျွေးမွေးရန် ကျီးအတို့ကို ငါမှာထားပြီ”ဟု မိန့်ဆို၏။
17:5 ဧလိယလည်း ထွက်သွား၍ ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း ဂျော်ဒန်မြစ်အရှေ့ဘက်ရှိ ခေရိတ်ချောင်းနားတွင် သွားရောက်နေထိုင်လေ၏။
17:6 ကျီးအတို့သည် သူ့အတွက် အသားနှင့်မုန့်တို့ကို နံနက်တစ်ကြိမ်၊ ညနေတစ်ကြိမ် ယူဆောင်လာပေး၏။ ထိုချောင်းမှရေကို သူသောက်၏။
17:7 သို့သော် မြေပေါ်တွင် မိုးမရွာသဖြင့် ကာလအတန်ကြာသောအခါ ချောင်းရေခန်းခြောက်သွားလေ၏။
17:8 ထိုအခါ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် သူ့ထံသို့ရောက်လာ၍
17:9 “ထလော့။ ဆီဒုန်ပြည်၊ ဇရတ္တမြို့သို့သွားပြီး ထိုမြို့တွင်နေလော့။ ကြည့်ရှုလော့။ ထိုမြို့တွင် သင့်ကိုကျွေးမွေးရန် မုဆိုးမကို ငါမှာထားပြီ”ဟု မိန့်ဆို၏။
17:10 ဧလိယလည်း ဇရတ္တမြို့သို့ ထသွားလေ၏။ မြို့တံခါးနားသို့ရောက်သောအခါ ထင်းကောက်နေသောမုဆိုးမတစ်ယောက်ကို တွေ့၏။ သူသည် ထိုမုဆိုးမကိုခေါ်၍ “ငါ့ကို ရေတစ်ခွက်လောက်တိုက်ပါ”ဟု ဆို၏။
17:11 ထိုမုဆိုးမ ရေသွားယူစဉ် ဧလိယက သူ့အား “မုန့်လည်း အနည်းငယ် ယူလာပေးပါ”ဟု လှမ်းပြော၏။
17:12 ထိုအခါ ထိုမုဆိုးမက “သင်၏ဘုရားသခင်ထာဝရဘုရား အသက်ရှင်တော်မူသည်နှင့်အညီ အကျွန်ုပ်၌ မုန့်မရှိပါ။ အိုးထဲ၌ လက်တစ်ဆုပ်စာမုန့်ညက်နှင့် ဘူးထဲ၌ဆီအနည်းငယ်သာ ရှိပါ၏။ အကျွန်ုပ်သည် ထင်းနှစ်ချောင်းကို ကောက်ပြီးလျှင် အကျွန်ုပ်နှင့်အကျွန်ုပ်သားအဖို့ မုန့်ပြန်ဖုတ်ပါမည်။ ထိုမုန့်ကိုစားပြီးလျှင် အကျွန်ုပ်တို့ သေဖို့သာကျန်ပါတော့သည်”ဟု ပြန်ပြော၏။
17:13 ဧလိယကလည်း သူ့အား “မစိုးရိမ်နှင့်။ သင်ပြောသည့်အတိုင်း သွား၍ပြုပါ။ ပြီးလျှင် မုန့်သေးသေးလေးတစ်ချပ်ကိုဖုတ်ပြီး ငါ့ကို ဦးစွာလာပေးပါ။ နောက်မှ သင်နှင့်သင့်သားအတွက် ဖုတ်ပါ။
17:14 အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားက ‘ငါထာဝရဘုရားသည် မြေပေါ်၌ မိုးရွာစေမည့်အချိန်မရောက်မချင်း အိုးထဲမှမုန့်ညက် မကုန်၊ ဘူးထဲမှဆီ မလျော့ရ’ဟူ၍ မိန့်တော်မူနှင့်ပြီ”ဟု ဆို၏။
17:15 ထိုမုဆိုးမလည်း ဧလိယဆိုသည့်အတိုင်း သွား၍ပြုလေ၏။ ဧလိယအပါအဝင် ထိုအမျိုးသမီးနှင့် သူ၏အိမ်သားတို့သည် ရက်ပေါင်းများစွာ စားရကြ၏။
17:16 ဧလိယအား ထာဝရဘုရားမိန့်ဆိုထားသည့်စကားအတိုင်း အိုးထဲမှမုန့်ညက် မကုန်၊ ဘူးထဲမှဆီ မလျော့ဘဲ ရှိလေ၏။
17:17 ထို့နောက်တွင် အိမ်ရှင်မုဆိုးမ၏သားသည် နာမကျန်းဖြစ်၍ ဝေဒနာပြင်းထန်သဖြင့် သေဆုံးလေ၏။
17:18 ထိုအခါ သူက ဧလိယအား “အို ဘုရားသခင်၏လူ၊ သင်နှင့်အကျွန်ုပ် အဘယ်သို့ဆိုင်သနည်း။ အကျွန်ုပ်၏အပြစ်များကို ပြန်သတိရစေရန်နှင့် အကျွန်ုပ်သားကိုသေစေရန် အကျွန်ုပ်ထံ ရောက်လာခဲ့သလော”ဟု ဆိုလေ၏။
17:19 ထိုအခါ ဧလိယက “သင့်သားကိုပေးပါ”ဟု ဆိုပြီး ထိုမုဆိုးမရင်ခွင်မှသားကိုယူ၍ မိမိနေရာအထက်ခန်းသို့ သယ်သွားကာ မိမိ၏အိပ်ရာပေါ်တွင် ချထား၏။
17:20 ထို့နောက် “အို အကျွန်ုပ်၏ဘုရားသခင်ထာဝရဘုရား၊ အကျွန်ုပ်တည်းခိုရာအိမ်မှ မုဆိုးမကိုပါ ဒုက္ခရောက်စေတော်မူပြီလော။ ယခု သူ၏သားသေပါပြီ”ဟု ထာဝရဘုရားထံ အော်ဟစ်တောင်းလျှောက်လေ၏။
17:21 ထို့နောက် သူသည် သူငယ်အပေါ် ကိုယ်ကိုသုံးကြိမ်မှောက်ပြီး ထာဝရဘုရားထံ “အကျွန်ုပ်၏ဘုရားသခင်ထာဝရဘုရား၊ ဤသူငယ်ကို ပြန်၍အသက်ရှင်စေတော်မူပါ”ဟူ၍ အော်ဟစ်တောင်းလျှောက်၏။
17:22 ဧလိယ၏တောင်းလျှောက်သံအား ထာဝရဘုရားနားညောင်းတော်မူပြီး သူငယ်ကို အသက်ပြန်သွင်းပေး၍ သူငယ် အသက်ပြန်ရှင်လာလေ၏။
17:23 ဧလိယသည် သူငယ်ကိုပွေ့ပြီး မိမိနေရာအထက်ခန်းမှ အောက်သို့ချီလာ၍ သူငယ်ကို မိခင်လက်သို့အပ်လိုက်ပြီး ဧလိယက “ကြည့်ပါ။ သင့်သား အသက်ပြန်ရှင်ပြီ”ဟု ဆို၏။
17:24 ထိုအခါ ထိုအမျိုးသမီးက ဧလိယအား “သင်သည် ဘုရားသခင်၏လူဖြစ်ကြောင်း၊ သင်ဆင့်ဆိုသောထာဝရဘုရား၏စကားတော်သည် မှန်ကန်ကြောင်းကို အကျွန်ုပ်သိပါပြီ”ဟု ဆို၏။