Library · my

1 Kings 4

4:1 ရှောလမုန်​မင်းကြီး​သည် အစ္စရေး​လူမျိုး​တစ်မျိုးနွယ်လုံး​ကို အုပ်ချုပ်​ရ​၏​။ 4:2 သူ​၏​မင်းမှုထမ်း​အကြီးအကဲ​များ​မှာ ဇာဒုတ်​၏​သား​အာဇရိ​သည် ယဇ်ပုရောဟိတ်​၊ 4:3 ရှိရှ​၏​သား​ဧလိဟောရပ်​နှင့်​အဟိယ​တို့​သည် စာရေးတော်ကြီး​၊ အဟိလုဒ်​၏​သား​ယောရှဖတ်​သည် အတွင်းဝန်​၊ 4:4 ယောယဒ​၏​သား​ဗေနာယ​သည် ဗိုလ်ချုပ်​၊ ဇာဒုတ်​နှင့်​အဗျာသာ​တို့​သည် ယဇ်ပုရောဟိတ်​၊ 4:5 နာသန်​၏​သား​အာဇရိ​သည် နယ်စားမင်းကြီး​၊ နာသန်​၏​သား​ဇာဗုဒ်​သည် ယဇ်ပုရောဟိတ်​နှင့် ဘုရင့်​အတိုင်ပင်ခံ​၊ 4:6 အဟိရှာ​သည် နန်းတော်အုပ်​၊ အာဗဒ​၏​သား​အဒေါနိရံ​သည် ချွေးတပ်အုပ်​တို့​ဖြစ်​ကြ​၏​။ 4:7 ရှောလမုန်​မင်းကြီး​၌ အစ္စရေး​နိုင်ငံ​တစ်နိုင်ငံလုံး​တွင် နယ်စားမင်း​တစ်ဆယ့်​နှစ်​ပါး​ရှိ​၏​။ သူ​တို့​သည် ဘုရင်​နှင့်​နန်းတွင်းသူ​နန်းတွင်းသား​တို့​အဖို့ နှစ်​တစ်​နှစ်​တွင် တစ်​လ​တစ်ပါးစီ ရိက္ခာ​ဆက်သ​ရ​၏​။ 4:8 ထို​သူ​တို့​၏​အမည်​များ​မှာ ဧဖရိမ်​တောင်ပေါ်ဒေသ​၏​နယ်စားမင်း ဗင်ဟုရ​၊ 4:9 မာကတ်​မြို့​၊ ရှာလဗိမ်​မြို့​၊ ဗက်ရှေမက်​မြို့​၊ ဧလုန်ဗက်သနန်​မြို့​တို့​၏​နယ်စားမင်း ဗင်ဒေကာ​၊ 4:10 စောခေါ​မြို့​နှင့်​ဟေဖာ​နယ်​တစ်နယ်လုံး​အပါအဝင် အရုဗုတ်​မြို့​တို့ ၏ ​နယ်စားမင်း ဗင်​ဟေသက်​၊ 4:11 ရှောလမုန်​မင်းကြီး​၏​သမီး​တော်​တာဖတ်​နှင့်​စုံဖက်​ထား​သူ​ဖြစ်​သည့် ဒေါရ​နယ်​တစ်နယ်လုံး​၏​နယ်စားမင်း ဗင်​အဘိနဒပ်​၊ 4:12 တာနက်​မြို့​၊ မေဂိဒ္ဒေါ​မြို့​အပါအဝင် ဇာရတန်​မြို့​အနီး​ယေဇရေလ​မြို့​အောက်​ဘက်​ရှိ ဗက်ရှန်​မြို့​တစ်လျှောက်လုံး​နှင့် ဗက်ရှန်​မြို့​မှ ယောကမံ​မြို့​တစ်ဖက်ကမ်း အာဗေလမဟောလ​မြို့​၏​နယ်စား အဟိလုဒ်​၏​သား​ဗာနာ​၊ 4:13 ဂိလဒ်​ပြည်သား​၊ မနာရှေ​၏​သား​ယာဣရ​ပိုင်​သော​မြို့ငယ်​များ​မှစ၍ ဗာရှန်​ပြည်​ရှိ အာဂေါဘ​နယ်​၊ ခိုင်ခံ့​သော​မြို့ရိုး​နှင့် ကြေးနီ​ကန့်လန့်ကျင်​ရှိ​သည့် မြို့​ခြောက်ဆယ်​အပါအဝင် ရာမုတ်ဂိလဒ်​မြို့​၏​နယ်စားမင်း ဗင်​ဂေဗာ​၊ 4:14 မဟာနိမ်​မြို့​၏​နယ်စားမင်း ဣဒေါ​၏​သား​အဟိနဒပ်​၊ 4:15 ရှောလမုန်​မင်းကြီး​၏​သမီး​တော်​ဗာရှမတ်​နှင့်​စုံဖက်​ထား​သူ​ဖြစ်​သည့် နဿလိ​နယ်​၏​နယ်စားမင်း အဟိမတ်​၊ 4:16 အာရှာ​နယ်​နှင့်​ဗာလုတ်​မြို့​၏​နယ်စားမင်း ဟုရှဲ​၏​သား​ဗာနာ​၊ 4:17 ဣသခါ​နယ်​၏​နယ်စားမင်း ပါရွာ​၏​သား​ယောရှဖတ်​၊ 4:18 ဗင်္ယာမိန်​နယ်​၏​နယ်စားမင်း ဧလာ​၏​သား​ရှိမိ​၊ 4:19 အာမောရိ​ဘုရင်​ရှိဟုန်​မင်းကြီး​၊ ဗာရှန်​ဘုရင်​ဩဃ​မင်းကြီး​တို့​၏​နယ်မြေ​ဖြစ်​သော ဂိလဒ်​ပြည်​၏​နယ်စားမင်း ဥရိ​၏​သား​ဂေဗာ​တို့​ဖြစ်​ကြ​၏​။ ဂေဗာ​သည် ထို​ပြည်​၏​တစ်ဦးတည်း​သော​နယ်စားမင်း ဖြစ်​၏​။ 4:20 သမုဒ္ဒရာ​သဲလုံး​နှင့်အမျှ အရေအတွက်​များပြား​လှ​သော ယုဒ​လူမျိုး​၊ အစ္စရေး​လူမျိုး​တို့​သည် ဝမ်းမြောက်​ပျော်ရွှင်​စွာ စား​သောက်​နေထိုင်​ရ​လေ​၏​။ 4:21 ရှောလမုန်​မင်းကြီး​သည် ယူဖရေးတီး​မြစ် ​မှစ၍ ဖိလိတ္တိ​ပြည်​၊ အီဂျစ်​ပြည်​နယ်နိမိတ်​တိုင်အောင် တိုင်းနိုင်ငံ​အလုံးစုံ​ကို အုပ်ချုပ်​ရ​၏​။ ထို​တိုင်းနိုင်ငံ​တို့​သည် ရှောလမုန်​မင်းကြီး​အသက်ရှင်​သမျှ​ကာလ​ပတ်လုံး လက်ဆောင်ပဏ္ဏာ​ဆက်သ​ရ​သော​လက်အောက်ခံ​နိုင်ငံ​များ ဖြစ်​ကြ​၏​။ 4:22 ရှောလမုန်​မင်းကြီး​၏​တစ်ရက်စာ​အတွက် ကုန်ကျ​သော​ရိက္ခာ​မှာ အကောင်းဆုံး​ဂျုံမှုန့် ကောရ ​သုံးဆယ်​၊ မုန့်ညက် ကောရ​ခြောက်ဆယ်​၊ 4:23 သမင်​၊ ဒရယ်​၊ ဆတ်​နှင့် ဆူဖြိုး​သော​ကြက်ငှက်​တို့​အပြင် ဆူဖြိုး​သော​နွား အကောင်​တစ်ဆယ်​၊ စားကျက်မြေ​မှ နွား​အကောင်​နှစ်ဆယ်​၊ သိုး​အကောင်​တစ်ရာ ဖြစ်​၏​။ 4:24 သူ​သည် တိဖသ​မြို့​မှ ဂါဇ​မြို့​အထိ ယူဖရေးတီး​မြစ် ​အနောက်ဘက်ကမ်း​တစ်လျှောက်လုံး​ကို ပိုင်​၏​။ ယူဖရေးတီး​မြစ်​အနောက်ဘက်​ကမ်း​ရှိ​ဘုရင်​အားလုံး​တို့​ကို အုပ်စိုး​ရ​ပြီး သူ့​ဝန်းကျင်​တစ်ခွင်​မှာ ငြိမ်းချမ်းသာယာ​ခြင်း​ရှိ​လေ​၏​။ 4:25 ရှောလမုန်​မင်းကြီး​အုပ်စိုး​စဉ်​ကာလ​ပတ်လုံး ဒန်​မြို့​မှ​ဗေရရှေဘ​မြို့​တိုင်အောင် ယုဒ​လူမျိုး​နှင့်​အစ္စရေး​လူမျိုး​တို့​သည် ကိုယ့်​စပျစ်ပင်​အောက်​၊ ကိုယ့်​သဖန်းပင်​အောက်​တွင် ဘေးကင်းလုံခြုံ​စွာ​နေထိုင်​ရ​လေ​၏​။ 4:26 ရှောလမုန်​မင်းကြီး​ပိုင်​သော​ရထားဆွဲ​မြင်း​များ​ထား​ရန် မြင်းဇောင်း လေးသောင်း ​နှင့် မြင်းစီးသူရဲ တစ်သောင်းနှစ်ထောင်​ရှိ​၏​။ 4:27 ရှောလမုန်​မင်းကြီး​အပါအဝင် သူ​နှင့်​တစ်စားပွဲတည်း​တွင် စားသောက်​ရ​သူ​တို့ လိုလေသေး​မ​ရှိ​အောင် နယ်စားမင်း​တို့​သည် တစ်​လ​လျှင်​တစ်ပါးစီ ရိက္ခာ​များ​ကို ဆက်သ​ပေး​ရ​၏​။ 4:28 မြင်း​များ​၊ လား​များ​အတွက် မုယောစပါး​များ​၊ ကောက်ရိုး​များ​ကို​လည်း လိုအပ်​သည့်​နေရာ​သို့ ခွဲတမ်း​အလိုက် ပို့ပေး​ရ​၏​။ 4:29 ဘုရားသခင်​သည် ရှောလမုန်​မင်းကြီး​အား ဉာဏ်ပညာ​နှင့် အတိုင်းမသိ​ထိုးထွင်းသိမြင်​နိုင်စွမ်း​ကို ပေး​တော်မူ​၏​။ သမုဒ္ဒရာ​ကမ်းစပ်​ရှိ​သဲလုံး​များ​ကဲ့သို့ များပြား​သော​အသိတရား​တို့​ကို​လည်း ပေးသနား​တော်မူ​၏​။ 4:30 ထို့ကြောင့် အရှေ့တိုင်းသား​တို့ ဉာဏ်ပညာ​ရှိ​သည်​ထက်​၊ အီဂျစ်​ပြည်သား​တို့ ဉာဏ်ပညာ​ရှိ​သည်​ထက် ရှောလမုန်​မင်းကြီး​သည် ဉာဏ်ပညာ​ပို၍​ရှိ​လေ​၏​။ 4:31 ဧဇရဟိတ်​လူမျိုး ဧသန်​နှင့် မဟေလ​၏​သား​များ​ဖြစ်​သော ဟေမန်​၊ ကာလကောလ​နှင့် ဒါရဒ စသော​ပညာရှိ​အပေါင်း​တို့​ထက် သာ၍​ဉာဏ်ပညာရှိ​သဖြင့် သူ့​ဝန်းကျင်​တစ်ခွင်ရှိ တိုင်းနိုင်ငံ​အားလုံး​တို့​တွင် နာမည်​ကျော်ကြား​လေ​၏​။ 4:32 သုတ္တံစကားပုံ သုံးထောင်​ကို မြွက်ဆို​ခဲ့​၍ သီချင်း​အပုဒ်ရေ တစ်ထောင့်​ငါး​ပုဒ်​တို့​ကို ရေးစပ်​ခဲ့​၏​။ 4:33 လက်ဘနွန်​တောင်​ရှိ သစ်ကတိုးပင်​မှစ၍ မြို့ရိုး​ကြား​ပေါက်​တတ်​သော ဟုဿုပ်ပင်​အထိ အပင်​များ​အကြောင်း​ကို မြွက်ဆို​ခဲ့​၏​။ တိရစ္ဆာန်​များ​အကြောင်း​၊ ငှက်​များ​အကြောင်း​၊ တွားသွားသတ္တဝါ​များ​အကြောင်း​ကို​လည်း မြွက်ဆို​ခဲ့​၏​။ 4:34 ကမ္ဘာ​အရပ်ရပ်​ရှိ တိုင်းနိုင်ငံ​အသီးသီး​မှ​ရှင်ဘုရင်​တို့​ပင်လျှင် သူ​၏​ဉာဏ်ပညာ​ကြီး​သော​သတင်း​ကို ကြားသိ​ရ​သဖြင့် ထို​တိုင်းနိုင်ငံ​တို့​မှ လူ​တို့​သည် ရှောလမုန်​မင်းကြီး​၏​ဉာဏ်ပညာ​နှင့်​မြွက်ဆို​သော​စကား​ကို သွားရောက်​နားဆင်​ကြ​၏​။