1 Kings 9
9:1 ရှောလမုန်မင်းကြီးသည် ထာဝရဘုရား၏အိမ်တော်၊ ရှင်ဘုရင်နန်းတော်နှင့် မိမိဆန္ဒအတိုင်းတည်ဆောက်လိုသမျှကို တည်ဆောက်ပြီးစီးသောအခါ
9:2 ထာဝရဘုရားက ဂိဗောင်မြို့၌ ကိုယ်ထင်ရှားပြခဲ့သကဲ့သို့ ရှောလမုန်မင်းကြီးအား ဒုတိယအကြိမ် ထင်ရှားပြတော်မူ၏။
9:3 ထာဝရဘုရားက သူ့အား “ငါ့ရှေ့မှောက်တွင် သင်ဆုတောင်းအသနားခံသည်ကို ငါနားညောင်းပြီ။ သင်တည်ဆောက်သောဤအိမ်တော်ကို ငါသန့်ရှင်းစေမည်။ ငါ့နာမအဖို့ အစဉ်တည်စေမည်။ ဤအိမ်တော်ကို ငါအစဉ်အမြဲကြည့်ရှုနှလုံးသွင်းမည်။
9:4 သင့်ခမည်းတော်ဒါဝိဒ်မင်းကြီး အသက်ရှင်လျှောက်လှမ်းခဲ့သည့်အတိုင်း၊ သင်သည် ငါမိန့်မှာထားသည့်အတိုင်း လုပ်ဆောင်၍ ငါ၏ပညတ်ချက်၊ စီရင်ထုံးဖွဲ့ချက်တို့ကို စောင့်ထိန်းလျက် ငါ့ရှေ့မှောက်တွင် စိတ်နှလုံးတည်ကြည်ဖြောင့်မတ်စွာ အသက်ရှင်လျှောက်လှမ်းလျှင်
9:5 သင့်ခမည်းတော်ဒါဝိဒ်အား ‘အစ္စရေးရာဇပလ္လင်ပေါ်တွင် သင်၏မျိုးဆက်မပြတ်ရ’ဟု ငါကတိထားခဲ့သည့်အတိုင်း အစ္စရေးလူမျိုးကိုအုပ်စိုးရန် သင်၏ရာဇပလ္လင်ကို ငါအစဉ်တည်စေမည်။
9:6 သို့သော် သင်နှင့်သင့်သားမြေးတို့သည် ငါ့ထံမှကျောခိုင်းသွားပြီး သင်တို့အား ငါမိန့်မှာထားသောပညတ်ချက်များ၊ ပြဋ္ဌာန်းချက်များကို မစောင့်ထိန်းဘဲ အခြားဘုရားများကို သွား၍ဝတ်ပြုကိုးကွယ်မည်ဆိုလျှင်
9:7 အစ္စရေးလူမျိုးတို့ကို ငါပေးထားသောပြည်ပေါ်မှ ငါဖယ်ရှားပစ်မည်။ ငါ့နာမအဖို့ ငါသန့်ရှင်းစေသောအိမ်တော်ကိုလည်း ငါ့ရှေ့မှောက်မှ ဖယ်ရှားပစ်မည်။ အစ္စရေးလူမျိုးတို့သည် လူမျိုးတကာတို့အလယ်တွင် ပုံခိုင်းစရာ၊ ပြောင်လှောင်စရာ ဖြစ်ရလိမ့်မည်။
9:8 ဤသန့်ရှင်းမြင့်မြတ်သော အိမ်တော်အနားမှ ဖြတ်သွားသောသူတိုင်း အံ့အားသင့်လျက် ကဲ့ရဲ့ကြလိမ့်မည်။ ‘ဤပြည်နှင့် ဤအိမ်တော်ကို အဘယ်ကြောင့် ထာဝရဘုရား ဤသို့ပြုတော်မူသနည်း’ဟု ဆိုကြလိမ့်မည်။
9:9 ထိုအခါ လူတို့က ‘သူတို့၏ဘိုးဘေးတို့ကို အီဂျစ်ပြည်မှထုတ်ဆောင်လာခဲ့သော သူတို့၏ဘုရားသခင်ထာဝရဘုရားကို သူတို့စွန့်ပယ်၍ အခြားသောဘုရားတို့ကို ဆည်းကပ်လျက် ပျပ်ဝပ်ကိုးကွယ်ကြသောကြောင့် ထာဝရဘုရားသည် သူတို့အား ဤဘေးအန္တရာယ်အပေါင်းနှင့် ကြုံတွေ့စေတော်မူပြီ’ဟူ၍ ပြန်ပြောကြလိမ့်မည်”ဟု မိန့်တော်မူ၏။
9:10 ရှောလမုန်မင်းကြီးသည် ထာဝရဘုရား၏အိမ်တော်နှင့် ရှင်ဘုရင်နန်းတော်တည်းဟူသော အဆောက်အအုံနှစ်ခုကို တည်ဆောက်ချိန် အနှစ်နှစ်ဆယ်ကြာသောအခါ
9:11 တိုင်ရာဘုရင်ဟိရံမင်းကြီးသည် ရှောလမုန်မင်းကြီးအား သစ်ကတိုးသား၊ ထင်းရှူးသားနှင့် ရွှေတို့ကို အလိုရှိသမျှပံ့ပိုးပေးခဲ့သဖြင့် ရှောလမုန်မင်းကြီးသည် ဟိရံမင်းကြီးအား ဂါလိလဲပြည်ရှိ မြို့နှစ်ဆယ်မြို့ကိုပေးလေ၏။
9:12 ထို့ကြောင့် ဟိရံမင်းကြီးသည် တိုင်ရာမြို့မှထွက်လာ၍ ရှောလမုန်မင်းကြီးပေးသောမြို့များကို သွားရောက်ကြည့်ရှုရာ ထိုမြို့များကို စိတ်တိုင်းမကျဖြစ်လျက်
9:13 “ညီတော်၊ သင်ပေးသောမြို့ကား အဘယ်သို့နည်း”ဟု ဆို၏။ ထို့ကြောင့် ထိုမြို့များကို ကာဗုလမြေဟု ယနေ့တိုင် ခေါ်ဝေါ်ကြလေ၏။
9:14 ဟိရံမင်းကြီးသည် ရှင်ဘုရင်အား ရွှေတာလန်တစ်ရာ့နှစ်ဆယ် ကို ဆက်သခဲ့သေး၏။
9:15 ဤသို့ ရှောလမုန်မင်းကြီးသည် ထာဝရဘုရား၏အိမ်တော်၊ သူစံမြန်းရန်နန်းတော်၊ မိလ္လော ၊ ဂျေရုဆလင်မြို့ရိုး၊ ဟာဇော်မြို့၊ မေဂိဒ္ဒေါမြို့၊ ဂေဇာမြို့တို့ကို တည်ဆောက်ရန် အလုပ်ကြမ်းသမားများကို ခေါ်ယူခဲ့ရ၏။
9:16 အီဂျစ်ဘုရင်ဖာရောမင်းကြီးသည် ဂေဇာမြို့ကို ချီတက်သိမ်းပိုက်ပြီး မီးရှို့၍ ထိုမြို့သားခါနာန်လူမျိုးတို့အား သတ်ပြီးလျှင် ထိုမြို့ကို မိမိသမီးတော် ရှောလမုန်မင်းကြီး၏မိဖုရားအား လက်ဖွဲ့အဖြစ် ပေးခဲ့၏။
9:17 ရှောလမုန်မင်းကြီးသည် ဂေဇာမြို့အပါအဝင် အောက်ဗေသောရုန်မြို့ကိုလည်း ပြန်လည်တည်ဆောက်၏။
9:18 ထို့ပြင် မိမိပိုင်နက်ထဲရှိ ကန္တာရအရပ်တွင် ဗာလတ်မြို့၊ တာဒမော်မြို့၊
9:19 ရှောလမုန်ဘဏ္ဍာသိုလှောင်ရာမြို့များ၊ စစ်ရထားမြို့များ၊ မြင်းစီးသူရဲမြို့များသာမက ဂျေရုဆလင်မြို့၊ လက်ဘနွန်တောင်အပါအဝင် မိမိအုပ်စိုးရာနယ်မြေရှိသမျှတို့တွင် ဆောက်လိုသောအဆောက်အအုံများကိုလည်း စိတ်တိုင်းကျဆောက်လုပ်လေ၏။
9:20 အစ္စရေးလူမျိုးမဟုတ်သော အာမောရိလူမျိုး၊ ဟိတ္တိလူမျိုး၊ ဖေရဇိလူမျိုး၊ ဟိဝိလူမျိုး၊ ယေဗုသိလူမျိုးတို့ထဲမှ ကြွင်းကျန်သောလူမျိုးအားလုံးနှင့်
9:21 အစ္စရေးအမျိုးသားတို့ အကုန်အစင်မသုတ်သင်နိုင်ခဲ့ဘဲ တိုင်းပြည်တွင်ကြွင်းကျန်နေခဲ့သောသူတို့၏သားမြေးများကို ရှောလမုန်မင်းကြီးသည် အလုပ်ကြမ်းသမားများအဖြစ် ယနေ့တိုင်အောင်ထားရှိ၏။
9:22 ရှောလမုန်မင်းကြီးသည် အစ္စရေးလူမျိုးတို့ကို ကျွန်အဖြစ်မထားရှိဘဲ စစ်သူရဲများ၊ မင်းမှုထမ်းများ၊ အကြီးအကဲများ၊ တပ်မှူးများ၊ ရထားမှူးများ၊ မြင်းစီးသူရဲများအဖြစ် ထားရှိ၏။
9:23 ရှောလမုန်မင်းကြီး၏ဆောက်လုပ်ရေးလုပ်ငန်းတွင် အလုပ်သမားများကိုကြီးကြပ်သော အကြီးအကဲအယောက်ငါးရာ့ငါးဆယ်ရှိ၏။
9:24 ဖာရောမင်းကြီး၏သမီးတော်သည် ဒါဝိဒ်မြို့မှထွက်၍ သူ့အတွက် ရှောလမုန်မင်းကြီးဆောက်လုပ်ပေးသော နန်းဆောင်သို့ ပြောင်းနေ၏။ ရှောလမုန်မင်းကြီးသည် မိလ္လောကိုလည်း တည်ဆောက်၏။
9:25 ရှောလမုန်မင်းကြီးသည် ထာဝရဘုရားအဖို့တည်ဆောက်သောယဇ်ပလ္လင်ပေါ်တွင် မီးရှို့ရာယဇ်၊ မိတ်သဟာယယဇ်တို့ကို တစ်နှစ်လျှင် သုံးကြိမ်ပူဇော်၏။ နံ့သာပေါင်းကိုလည်း ထာဝရဘုရားရှေ့တော်တွင် မီးရှို့ပူဇော်၏။ ဤသို့ဖြင့် အိမ်တော်ကို လက်စသတ်လေ၏။
9:26 ထို့ပြင် ရှောလမုန်မင်းကြီးသည် ဧဒုံပြည်၊ ပင်လယ်နီကမ်းခြေရှိ ဧလတ်မြို့အနီး ဧဇယုန်ဂါဗာမြို့တွင် သင်္ဘောကိုတည်ဆောက်၏။
9:27 ဟိရံမင်းကြီးသည် ပင်လယ်ပြင်အကြောင်းကို သိနားလည်သော မိမိ၏အမှုထမ်းသင်္ဘောသားတို့ကို ရှောလမုန်မင်းကြီး၏အမှုထမ်းတို့နှင့်အတူ သင်္ဘောလိုက်စေ၏။
9:28 သူတို့သည် ဩဖိရမြို့သို့ရွက်လွှင့်သွားပြီး ရွှေတာလန်လေးရာ့နှစ်ဆယ် ယူဆောင်လာ၍ ရှောလမုန်မင်းကြီးကိုဆက်သကြ၏။