2 Kings 13
13:1 အာခဇိမင်းကြီး၏သားတော် ယုဒဘုရင်ယောရှမင်းကြီး နန်းစံနှစ်ဆယ့်သုံးနှစ်တွင် ယေဟုမင်းကြီး၏သားတော် ယောခတ်သည် အစ္စရေးပြည်၌နန်းတက်ပြီး ရှမာရိမြို့တွင်တစ်ဆယ့်ခုနစ်နှစ် စိုးစံ၏။
13:2 သူသည် ထာဝရဘုရားရှေ့တော်တွင် မကောင်းမှုများကို ပြု၏။ အစ္စရေးလူမျိုးကို လမ်းမှားစေသောနေဗတ်၏သားယေရောဗောင်မင်းကြီး ပြုသောအပြစ်တို့ကို မလွှဲမရှောင်ဘဲ ထိုအပြစ်တို့နောက်သို့လိုက်၏။
13:3 ထို့ကြောင့် ထာဝရဘုရားသည် အစ္စရေးလူမျိုးကို အမျက်ထွက်၍ ဆီးရီးယားဘုရင် ဟာဇေလမင်းကြီးလက်ထက်မှစ၍ ဟာဇေလမင်းကြီး၏သားတော် ဗင်္ဟာဒဒ်၏လက်ထက်တစ်လျှောက်လုံး သူတို့၏လက်အောက်ခံ ဖြစ်စေတော်မူ၏။
13:4 ထိုအခါ ယောခတ်မင်းကြီးသည် ထာဝရဘုရားထံ တိုးလျှိုးတောင်းပန်လေ၏။ အစ္စရေးလူမျိုးတို့အား ဆီးရီးယားဘုရင်ဖိနှိပ်ညှဉ်းဆဲသည်ကို ထာဝရဘုရား မြင်တော်မူသဖြင့် သူ၏တောင်းပန်သံကို နားညောင်းတော်မူ၏။
13:5 အစ္စရေးလူမျိုးတို့အား ကယ်တင်ပေးမည့်သူတစ်ဦးကို ထာဝရဘုရား ပေါ်ထွန်းစေတော်မူသဖြင့် အစ္စရေးအမျိုးသားတို့သည် ဆီးရီးယားလူမျိုးလက်မှ လွတ်မြောက်၍ ယခင်ကကဲ့သို့ပင် မိမိတို့အိမ်တွင် ပြန်လည်နေထိုင်ရလေ၏။
13:6 သို့သော် သူတို့သည် အစ္စရေးလူမျိုးကို လမ်းမှားစေသည့် ယေရောဗောင်မင်းမျိုးမင်းနွယ်ပြုသောအပြစ်မျိုးကို မလွှဲမရှောင်ဘဲ လိုက်၍ပြုကျင့်ကြ၏။ အာရှရနတ်ဘုရားမတံခွန်တိုင်သည်လည်း ရှမာရိမြို့တွင် စိုက်ထူလျက်ပင်ရှိနေသေး၏။
13:7 ဆီးရီးယားဘုရင်က အစ္စရေးစစ်တပ်ကို ဖျက်ဆီးပစ်၍ ကောက်နယ်တလင်းရှိအမှုန့်ကဲ့သို့ ဖြစ်စေသောကြောင့် ယောခတ်မင်းကြီးတွင် မြင်းတပ်သားအယောက်ငါးဆယ်၊ စစ်ရထား ဆယ်စီး၊ ခြေလျင်တပ်သားအယောက်တစ်သောင်းမှလွဲ၍ စစ်တပ်ဟူ၍ပင် မရှိတော့ပေ။
13:8 ကျန်ရှိနေသော ယောခတ်မင်းကြီးလက်ထက် အဖြစ်အပျက်များ၊ သူပြုခဲ့သောအရာအားလုံး၊ သူ၏ဘုန်းတန်ခိုးကြီးခဲ့ပုံ စသည်တို့ကို အစ္စရေးဘုရင်တို့၏ရာဇဝင်မှတ်တမ်းတွင် ရေးမှတ်ထား၏ ။
13:9 ယောခတ်မင်းကြီးသည် ဘိုးဘေးတို့နှင့်အတူအိပ်ပျော်၍ သူ့ကို ရှမာရိမြို့တွင်သင်္ဂြိုဟ်ကြ၏။ သူ၏သားတော်ယောရှ သည် သူ့အရိုက်အရာကို ဆက်ခံ၏။
13:10 ယုဒဘုရင်ယောရှမင်းကြီး နန်းစံသုံးဆယ့်ခုနစ်နှစ်တွင် ယောခတ်မင်းကြီး၏သားတော်ယဟောရှသည် အစ္စရေးပြည်တွင် နန်းတက်၍ ရှမာရိမြို့တွင် တစ်ဆယ့်ခြောက်နှစ် စိုးစံ၏။
13:11 သူသည် ထာဝရဘုရားရှေ့တော်တွင် မကောင်းမှုကို ပြု၏။ အစ္စရေးလူမျိုးတို့ကို လမ်းမှားစေသည့် နေဗတ်၏သားယေရောဗောင်ပြုသမျှအပြစ်တို့ကို မလွဲမရှောင်ဘဲ လိုက်၍ပြုကျင့်၏။
13:12 ကျန်ရှိနေသော ယောရှ မင်းကြီးလက်ထက်အဖြစ်အပျက်များ၊ သူပြုခဲ့သမျှသောအရာများ၊ ယုဒဘုရင်အာမဇိမင်းကြီးနှင့် စစ်တိုက်ရာတွင် အစွမ်းသတ္တိကြီးမားခဲ့ပုံ စသည်တို့ကို အစ္စရေးဘုရင်များ၏ရာဇဝင်မှတ်တမ်းတွင် ရေးမှတ်ထား၏ ။
13:13 ယောရှ မင်းကြီးသည် ဘိုးဘေးတို့နှင့်အတူအိပ်ပျော်၍ သူ့ကို အစ္စရေးဘုရင်တို့နှင့်အတူ ရှမာရိမြို့တွင်သင်္ဂြိုဟ်ကြ၏။ ယေရောဗောင်သည် သူ၏ရာဇပလ္လင်တွင် စံမြန်းလေ၏။
13:14 ဧလိရှဲသည် သေလုမျောပါးနာမကျန်းဖြစ်နေချိန်တွင် အစ္စရေးဘုရင်ယောရှ မင်းကြီးက သူ့ထံလာ၍ငိုကြွေးလျက် “အကျွန်ုပ်အဖ၊ အကျွန်ုပ်အဖ၊ အစ္စရေးစစ်ရထား၊ အစ္စရေးမြင်းစီးသူရဲများပါတကား”ဟု ဆို၏။
13:15 ဧလိရှဲကလည်း သူ့အား “လေးနှင့်မြားကို ယူခဲ့လော့”ဟုဆိုလျှင် သူသည် လေးနှင့်မြားကိုယူခဲ့၏။
13:16 ထို့နောက် ဧလိရှဲက အစ္စရေးဘုရင်အား “လက်ကိုလေးပေါ် တင်လော့”ဟုဆိုလျှင် သူလည်း လက်ကိုလေးပေါ်တင်၏။ ထိုအခါ ဧလိရှဲက မိမိလက်ကို အစ္စရေးဘုရင်၏လက်ပေါ် တင်၏။
13:17 ထို့နောက် ဧလိရှဲက “အရှေ့ပြတင်းပေါက်ကို ဖွင့်လော့”ဟုဆိုသဖြင့် ပြတင်းပေါက်ကိုဖွင့်လျှင် ဧလိရှဲက “ပစ်လော့”ဟုဆိုသဖြင့် ရှင်ဘုရင်လည်း ပစ်လိုက်လေ၏။ ထိုအခါ ဧလိရှဲက “ထာဝရဘုရား၏အောင်မြင်သောမြား၊ ဆီးရီးယားလူမျိုးကိုအောင်နိုင်သောမြား ဖြစ်၏။ သင်သည် အာဖက်မြို့တွင် ဆီးရီးယားလူမျိုးတို့ကို အပြီးသတ်တိုက်ခိုက်နှိမ်နင်းနိုင်လိမ့်မည်”ဟု ဆို၏။
13:18 တစ်ဖန် ဧလိရှဲက “မြားတို့ကို ယူဦးလော့”ဟုဆိုလျှင် ရှင်ဘုရင်လည်း ယူ၏။ ထို့နောက် ဧလိရှဲက “ထိုမြားဖြင့် မြေကြီးကို ရိုက်လော့”ဟုဆိုလျှင် ရှင်ဘုရင်လည်း မြေကြီးကို သုံးကြိမ်ရိုက်ပြီး ရပ်လိုက်၏။
13:19 ထိုအခါ ဘုရားသခင်၏လူက ရှင်ဘုရင်ကို အမျက်ထွက်၍ “သင်သည် ငါးကြိမ်ခြောက်ကြိမ်ရိုက်သင့်၏။ သို့မှ ဆီးရီးယားဘုရင်ကို အပြီးသတ်တိုက်ခိုက်နှိမ်နင်းနိုင်မည်။ ယခုမှာ ဆီးရီးယားဘုရင်ကို သုံးကြိမ်သာ အောင်နိုင်လိမ့်မည်”ဟု ဆို၏။
13:20 ထို့နောက်တွင် ဧလိရှဲကွယ်လွန်သွားသဖြင့် သူ့ကို သင်္ဂြိုဟ်ကြ၏။ နှစ်ဦးပိုင်းရောက်ချိန်တွင် မောဘဓားပြအဖွဲ့တို့သည် တိုင်းပြည်ကို လာရောက်တိုက်ခိုက်ကြ၏။
13:21 အစ္စရေးလူမျိုးတို့သည် လူတစ်ယောက်ကို သင်္ဂြိုဟ်နေစဉ် ထိုဓားပြအဖွဲ့လာနေသည်ကို တွေ့သဖြင့် အလောင်းကို ဧလိရှဲ၏သင်္ချိုင်းတွင်းထဲသို့ ပစ်ချကြလေ၏။ ထိုအလောင်းမှာ ဧလိရှဲ၏အရိုးများနှင့် သွားထိသောအခါ အသက်ပြန်ဝင်လာ၍ မတ်တတ်ရပ်လေ၏။
13:22 ဆီးရီးယားဘုရင် ဟာဇေလမင်းကြီးသည် ယောခတ်မင်းကြီးလက်ထက်ကာလပတ်လုံး အစ္စရေးလူမျိုးတို့ကို ညှဉ်းဆဲခဲ့၏။
13:23 သို့သော် ထာဝရဘုရားသည် သူတို့ကို သနားတော်မူ၏။ အာဗြဟံ၊ ဣဇက်၊ ယာကုပ်တို့နှင့်ဖွဲ့ခဲ့သောပဋိညာဉ်ကြောင့် သူတို့ကို သနားစုံမက်၍ ကြည့်ရှုတော်မူ၏။ သူတို့ကို မဖျက်ဆီးလိုသောကြောင့် ယနေ့တိုင်အောင် သူတို့ကို ရှေ့တော်မှ မဖယ်ရှားဘဲနေတော်မူ၏။
13:24 ဆီးရီးယားဘုရင်ဟာဇေလမင်းကြီး အနိစ္စရောက်သောအခါ သူ၏သားတော်ဗင်္ဟာဒဒ်သည် သူ့အရိုက်အရာကို ဆက်ခံ၏။
13:25 ယောခတ်မင်းကြီး၏သားတော်ယဟောရှသည် ခမည်းတော်ယောခတ်မင်းကြီးလက်ထက် တိုက်ပွဲဖြစ်စဉ် အသိမ်းခံလိုက်ရသောမြို့ရွာများကို ဟာဇေလမင်းကြီး၏သားတော်ဗင်္ဟာဒဒ်လက်မှ ပြန်လည်သိမ်းယူခဲ့၏။ ယောရှ မင်းကြီးသည် ဗင်္ဟာဒဒ်မင်းကြီးကို သုံးကြိမ်အောင်နိုင်ခဲ့ပြီး အစ္စရေးမြို့ရွာများကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့၏။