2 Kings 24
24:1 ယောယကိမ်မင်းကြီးလက်ထက်တွင် ဘေဘီလုံဘုရင်နေဗုခဒ်နေဇာမင်းကြီး ချီလာ၍တိုက်ခိုက်သဖြင့် ယောယကိမ်မင်းကြီးသည် သူ့လက်အောက်ခံအဖြစ် သုံးနှစ်နေရ၏။ ထို့နောက် သူ့ကို ပြန်လည်ပုန်ကန်ခဲ့၏။
24:2 ယောယကိမ်မင်းကြီးကိုတိုက်ခိုက်ဖို့ ထာဝရဘုရားသည် ခါလဒဲတပ်များ၊ ဆီးရီးယားတပ်များ၊ မောဘတပ်များနှင့် အမ္မုန်တပ်များကို စေလွှတ်တော်မူ၏။ မိမိအစေအပါး ပရောဖက်တို့မှတစ်ဆင့် ထာဝရဘုရားမိန့်တော်မူခဲ့သောစကားတော်အတိုင်း ယုဒပြည်ကိုဖျက်ဆီးဖို့ ထိုတပ်များကိုစေလွှတ်တော်မူ၏။
24:3 မနာရှေမင်းကြီးပြုခဲ့သောအပြစ်များကြောင့် စကားတော်အတိုင်း ထာဝရဘုရားသည် ယုဒပြည်ကို ရှေ့တော်မှ ဖယ်ရှားရန် ဤသို့စီရင်ခြင်း ဖြစ်၏။
24:4 မနာရှေမင်းကြီးသည် အပြစ်ကင်းသောသူတို့ကိုသတ်၍ ဂျေရုဆလင်မြို့တွင် အပြစ်ကင်းသောသူတို့၏သွေးနှင့် ပြည့်စေသောကြောင့် ထာဝရဘုရားသည် သူ့ကို ခွင့်လွှတ်ရန် အလိုတော်မရှိ။
24:5 ကျန်ရှိနေသောယောယကိမ်မင်းကြီးလက်ထက်အဖြစ်အပျက်များ၊ သူပြုခဲ့သမျှသောအရာများကို ယုဒဘုရင်တို့၏ရာဇဝင်မှတ်တမ်းများတွင် ရေးမှတ်ထား၏ ။
24:6 ယောယကိမ်မင်းကြီးသည် ဘိုးဘေးတို့နှင့်အတူ အိပ်ပျော်၍ သူ၏သားတော်ယောယခိမ်သည် သူ့အရိုက်အရာကို ဆက်ခံ၏။
24:7 ဘေဘီလုံဘုရင်သည် အီဂျစ်မြစ်မှယူဖရေးတီးမြစ် တိုင်အောင် အီဂျစ်ဘုရင်ပိုင်နက်အားလုံးကို တိုက်ခိုက်သိမ်းပိုက်လိုက်သောကြောင့် အီဂျစ်ဘုရင်သည် မိမိပြည်မှ စစ်ချီထွက်၍မရတော့ချေ။
24:8 ယောယခိမ်နန်းတက်သောအခါ သက်တော်တစ်ဆယ့်ရှစ်နှစ်ရှိပြီး ဂျေရုဆလင်မြို့တွင် သုံးလစိုးစံ၏။ မယ်တော်ကား ဂျေရုဆလင်မြို့သားဧလနာသန်၏သမီး နဟုတ္တအမည်ရှိ၏။
24:9 သူသည် ခမည်းတော်ပြုခဲ့သမျှအတိုင်း ထာဝရဘုရားရှေ့တော်၌ မကောင်းမှုကို ပြု၏။
24:10 ထိုကာလ၌ ဘေဘီလုံဘုရင်နေဗုခဒ်နေဇာမင်းကြီး၏အမှုထမ်းတို့သည် ဂျေရုဆလင်မြို့ကို ချီတက်ဝိုင်းရံထား၏။
24:11 မင်းမှုထမ်းများ မြို့ကိုဝိုင်းရံထားစဉ် ဘေဘီလုံဘုရင်နေဗုခဒ်နေဇာမင်းကြီးသည် စစ်ချီလာ၍ ထိုမြို့ကို တိုက်ခိုက်လေ၏။
24:12 ထိုအခါ ယုဒဘုရင်ယောယခိမ်မင်းကြီးသည် မယ်တော်မှစ၍ မင်းမှုထမ်းများ၊ မှူးမတ်များနှင့် မိန်းမစိုးများပါလျက် ဘေဘီလုံဘုရင်ထံ အညံ့ခံလေ၏။ ထို့ကြောင့် ဘေဘီလုံဘုရင်သည် နန်းစံရှစ်နှစ်တွင် ယောယခိမ်မင်းကြီးကို ဖမ်းခေါ်သွား၏။
24:13 ထာဝရဘုရား မိန့်တော်မူခဲ့သည့်အတိုင်းပင် ထာဝရဘုရား၏အိမ်တော်ဘဏ္ဍာတိုက်နှင့် ဘုရင့်နန်းတော်ဘဏ္ဍာတိုက်တို့မှ ရှိသမျှကို ယူဆောင်သွား၏။ ထာဝရဘုရား၏ဗိမာန်တော်ရှိ အစ္စရေးဘုရင်ရှောလမုန်မင်းကြီးပြုလုပ်ထားခဲ့သော ရွှေအသုံးအဆောင်အားလုံးကိုလည်း ချိုးဖဲ့ဖျက်ဆီး၍ယူဆောင်သွားလေ၏။
24:14 ထို့ပြင် ဂျေရုဆလင်မြို့သားများအပါအဝင် မှူးမတ်များ၊ စစ်သူရဲများ၊ လက်မှုပညာသည်များ၊ ပန်းပဲသမားများအားလုံး စုစုပေါင်းလူတစ်သောင်းကို ဖမ်းခေါ်သွား၏။ ဆင်းရဲသောပြည်သူပြည်သားများမှအပ မည်သူမျှမကျန်တော့ပေ။
24:15 ဤသို့ဖြင့် ဘေဘီလုံဘုရင်သည် ယောယခိမ်မင်းကြီးကို ဘေဘီလုံမြို့သို့ဖမ်းခေါ်သွား၏။ ရှင်ဘုရင်၏မယ်တော်၊ ရှင်ဘုရင်၏မိဖုရားများ၊ မှူးမတ်များနှင့် တိုင်းပြည်အကြီးအကဲအားလုံးတို့ကိုလည်း ဂျေရုဆလင်မြို့မှ ဘေဘီလုံမြို့သို့ သုံ့ပန်းအဖြစ် ဖမ်းခေါ်သွားလေ၏။
24:16 ဘေဘီလုံဘုရင်သည် စစ်သူရဲပေါင်းခုနစ်ထောင်၊ လက်မှုပညာသည်နှင့်ပန်းပဲပညာသည်ပေါင်းတစ်ထောင်စသည့် စစ်တိုက်နိုင်စွမ်းရှိသောသူအားလုံးကိုလည်း ဘေဘီလုံမြို့သို့ သုံ့ပန်းအဖြစ်ဖမ်းခေါ်သွား၏။
24:17 ထို့ပြင် ဘေဘီလုံဘုရင်သည် ယောယခိမ်မင်းကြီး၏ဘထွေးတော်မတ္တနိကို မင်းကြီး၏အရိုက်အရာဆက်ခံစေပြီး ဇေဒကိဟုအမည်ပြောင်းပေး၏။
24:18 ဇေဒကိနန်းတက်သောအခါ သက်တော်နှစ်ဆယ့်တစ်နှစ်ရှိပြီး ဂျေရုဆလင်မြို့တွင် တစ်ဆယ့်တစ်နှစ်စိုးစံ၏။ မယ်တော်ကား လိဗနမြို့သားယေရမိ၏သမီး ဟာမုတလအမည်ရှိ၏။
24:19 ဇေဒကိမင်းကြီးသည် ယောယကိမ်မင်းကြီးပြုခဲ့သမျှအတိုင်း ထာဝရဘုရားရှေ့တော်တွင် မကောင်းမှုကို ပြု၏။
24:20 ထာဝရဘုရား အမျက်တော်ကြောင့် ဂျေရုဆလင်မြို့အပါအဝင် ယုဒပြည်ကို ရှေ့တော်မှဖယ်ရှားလိုက်သည်အထိ ဤသို့ဖြစ်ရခြင်း ဖြစ်၏။ ဇေဒကိမင်းကြီးသည်လည်း ဘေဘီလုံဘုရင်ကို ပြန်၍ပုန်ကန်၏။