1 Chronicles 11
11:1 အစ္စရေးလူမျိုးအပေါင်းတို့သည် ဟေဗြုန်မြို့ရှိ ဒါဝိဒ်ထံ၌ စုရုံးကြပြီး “ကြည့်လော့။ အကျွန်ုပ်တို့သည် အရှင်၏အရိုး၊ အရှင်၏အသားများ ဖြစ်ကြပါ၏။
11:2 ယခင် ရှောလုမင်းကြီးအုပ်စိုးစဉ်ကာလကပင် အရှင်သည် အစ္စရေးလူမျိုးကို ဦးဆောင်ဦးရွက်ပြုပေးခဲ့သူ ဖြစ်ပါ၏။ ထာဝရဘုရားကလည်း အရှင့်အား ‘သင်သည် ငါ့လူမျိုးတော်အစ္စရေးတို့ကို ကြည့်ရှုစောင်မရမည်၊ အစ္စရေးလူမျိုးတို့ကို အုပ်ချုပ်ရမည်’ဟူ၍ မိန့်ဆိုတော်မူခဲ့ပါပြီ”ဟု လျှောက်တင်ကြ၏။
11:3 အစ္စရေးသက်ကြီးဝါကြီးအပေါင်းတို့သည်လည်း ရှင်ဘုရင်ရှိရာ ဟေဗြုန်မြို့သို့ရောက်လာကြ၏။ ဟေဗြုန်မြို့တွင် ဒါဝိဒ်သည် ထာဝရဘုရားရှေ့တော်၌ သူတို့နှင့် ကတိသစ္စာပြုပြီးလျှင် ရှမွေလမှတစ်ဆင့် ထာဝရဘုရားမိန့်မှာထားတော်မူခဲ့သည့်အတိုင်း သူတို့သည် ဒါဝိဒ်ကို အစ္စရေးလူမျိုး၏ဘုရင်အဖြစ် ဘိသိက်ပေးကြ၏။
11:4 တစ်ခါသော် ဒါဝိဒ်မင်းကြီးနှင့် အစ္စရေးလူမျိုးအပေါင်းတို့သည် ပြည်သားရင်းယေဗုသိလူမျိုးတို့နေထိုင်ရာ ယေဗုတ်ဟုခေါ်သောဂျေရုဆလင်မြို့သို့ ချီတက်ကြ၏။
11:5 ယေဗုတ်မြို့သားတို့က ဒါဝိဒ်မင်းကြီးအား “သင်သည် ဤမြို့ထဲသို့ မဝင်ရ”ဟု ဆို၏။ သို့သော် ဒါဝိဒ်မင်းကြီးသည် ဒါဝိဒ်မြို့ ဟုခေါ်တွင်မည့် ဇိအုန်ခံတပ်ကို သိမ်းပိုက်နိုင်ခဲ့၏။
11:6 ထို့နောက် ဒါဝိဒ်မင်းကြီးက “ယေဗုသိလူမျိုးကို ဦးစွာတိုက်ခိုက်နိုင်သူအား ဗိုလ်ချုပ်ကြီးရာထူးပေးမည်”ဟု မိန့်ဆိုလျှင် ဇေရုယာ၏သားယွာဘသည် ဦးစွာသွားတိုက်၏။ ထို့ကြောင့် သူသည် ဗိုလ်ချုပ်ကြီး ဖြစ်လာလေ၏။
11:7 ဒါဝိဒ်မင်းကြီးသည် ရဲတိုက်တွင်နေသည်ကိုအစွဲပြု၍ ထိုရဲတိုက်ကို ဒါဝိဒ်မြို့ ဟုခေါ်ဆိုကြ၏။
11:8 ဒါဝိဒ်မင်းကြီးသည် မိလ္လော နှင့် ဝန်းကျင်ပတ်ပတ်လည်တွင် မြို့ကိုတည်ဆောက်၏။ မြို့၏ကျန်အပိုင်းကို ယွာဘက ပြန်လည်ပြုပြင်၏။
11:9 ကောင်းကင်ဗိုလ်ခြေအရှင် ဘုရားသခင်ထာဝရဘုရားသည် ဒါဝိဒ်မင်းကြီးနှင့်အတူ ရှိတော်မူသည်ဖြစ်၍ သူသည် အားကြီးသည်ထက်ကြီးလာလေ၏။
11:10 အစ္စရေးလူမျိုးတို့အား ထာဝရဘုရားမိန့်မှာတော်မူခဲ့သည့်အတိုင်း အစ္စရေးလူမျိုးအပေါင်းတို့သည် ဒါဝိဒ်ကို မင်းမြှောက်၍ နိုင်ငံတော်တည်ထောင်ရာတွင် သူ့ကိုဝိုင်းဝန်းကူညီပေးသော စစ်သူရဲအကြီးအကဲများရှိခဲ့ကြ၏။
11:11 ဒါဝိဒ်မင်းကြီး၌ရှိသော စာရင်းဝင်သူရဲကောင်းများမှာ ဤသူတို့ဖြစ်၏။ တပ်မှူးသုံးဆယ်ကိုဦးစီးရသော ဟခမောနိအမျိုး ယာရှောဗံသည် လှံကိုဝှေ့ယမ်းလိုက်သည်နှင့် တစ်ချိန်တည်းမှာပင် လူအယောက်သုံးရာကို သတ်ဖြတ်နိုင်ခဲ့သူဖြစ်၏။
11:12 နောက်တစ်ဦးမှာ သူရဲကောင်းသုံးဦးအဝင်ဖြစ်သော အဟောဟိလူမျိုး ဒေါဒေါ၏သား ဧလာဇာ ဖြစ်၏။
11:13 ဧလာဇာသည် ဒါဝိဒ်မင်းကြီးနှင့်အတူ ပါသဒမ္မိမ်အရပ်ရှိ မုယောစပါးအပြည့်စိုက်ထားသောလယ်ကွက်၌နေစဉ် ဖိလိတ္တိလူမျိုးတို့ စစ်တိုက်ရန် စုဝေးချီတက်လာကြ၏။ ကျန်စစ်သည်များ ဖိလိတ္တိလူမျိုးတို့ရှေ့မှ ထွက်ပြေးကုန်သော်လည်း
11:14 ဧလာဇာသည် လယ်ကွက်အလယ်တွင်ရပ်လျက် ဖိလိတ္တိလူမျိုးတို့ကို ခုခံတိုက်ခိုက်ရာ ထာဝရဘုရားသည် ကြီးမားသောအောင်ပွဲကို ရစေတော်မူ၏။
11:15 စစ်သူရဲသုံးဆယ်ထဲမှ သုံးဦးသည် ဒါဝိဒ်မင်းကြီးရှိရာ အဒုလံလိုဏ်ဂူကျောက်ဆောင်သို့ ဆင်းသွားကြ၏။ ဖိလိတ္တိတပ်မူကား ရေဖိမ်ချိုင့်ဝှမ်းတွင် စခန်းချလျက်ရှိ၏။
11:16 ထိုအချိန်က ဒါဝိဒ်မင်းကြီးသည် ခံတပ်တွင်စံမြန်းလျက်ရှိပြီး ဖိလိတ္တိမြို့စောင့်တပ်မူကား ဗက်လင်မြို့၌ တပ်စွဲထားလျက်ရှိ၏။
11:17 ဒါဝိဒ်မင်းကြီးက “ဗက်လင်မြို့တံခါးအနီးရှိ ရေတွင်းမှရေကို ငါ့အတွက် တစ်ယောက်ယောက်ခပ်ပေးလျှင် ကောင်းပေမည်”ဟု တောင့်တ၍ ဆိုမိလျှင်
11:18 ထိုသူရဲကောင်းသုံးဦးသည် ဖိလိတ္တိတပ်စခန်းကို ထိုးဖောက်ပြီး ဗက်လင်မြို့တံခါးအနီးရှိရေတွင်းမှ ရေကိုခပ်ယူကာ ဒါဝိဒ်မင်းကြီးထံ ယူဆောင်လာပေး၏။ သို့သော် ဒါဝိဒ်မင်းကြီးသည် ထိုရေကိုမသောက်ဘဲ ထာဝရဘုရားရှေ့တော်တွင် သွန်းလျက်
11:19 “အို အကျွန်ုပ်၏ဘုရားသခင်၊ ဤအမှုသည် အကျွန်ုပ်နှင့်ဝေးပါစေသော။ ဤရေသည် သူတို့၏အသွေးဖြစ်ပါ၏။ သူတို့အသက်နှင့်ရင်း၍ရလာသောရေကို အကျွန်ုပ်သောက်ရပါမည်လော။ သူတို့သည် အသက်ကိုရင်း၍ ဤရေများကို ခပ်လာခဲ့သည်မဟုတ်လော”ဟု ဆိုလျက် ထိုရေကို မသောက်ဘဲ နေ၏။ သူရဲကောင်းသုံးဦးတို့သည် ဤသို့စွမ်းဆောင်ပေးခဲ့လေ၏။
11:20 ဇေရုယာ၏သား၊ ယွာဘ၏ညီ အဘိရှဲသည် ထိုသူရဲကောင်းသုံးဦးကို ဦးဆောင်ရ၏။ သူသည် လှံကိုဝှေ့ယမ်းပြီး လူအယောက်သုံးရာကို တိုက်ခိုက်သတ်ဖြတ်၏။ ထို့ကြောင့် သူသည် ထိုသူရဲကောင်းသုံးဦးကဲ့သို့ နာမည်ကျော်စော၏။
11:21 သူသည် ထိုသူရဲကောင်းသုံးဦးတို့ထက် နှစ်ဆအစွမ်းထက်သောကြောင့် သူတို့၏အကြီးအကဲဖြစ်ရ၏။ သို့သော် ပထမသူရဲကောင်းသုံးဦးကို မမီ။
11:22 ရဲစွမ်းသတ္တိထက်မြက်သော ကပ်ဇေလမြို့မှ စစ်သူရဲမျိုးရိုး ယောယဒ၏သား ဗေနာယသည်လည်း ခြင်္သေ့ကဲ့သို့အားကြီးသောမောဘလူမျိုးနှစ်ဦးကို သုတ်သင်ပစ်ခဲ့၏။ နှင်းကျသောနေ့တစ်နေ့တွင် ခြင်္သေ့တွင်းထဲသို့ဝင်ပြီး ခြင်္သေ့တစ်ကောင်ကို သတ်ခဲ့၏။
11:23 သူသည် အရပ်ငါးတောင် ရှိသောအီဂျစ်အမျိုးသားတစ်ယောက်ကိုလည်း သတ်ခဲ့၏။ ရက်ကန်းလိပ်တုံးတမျှကြီးသောလှံကိုကိုင်ထားသော ထိုအီဂျစ်အမျိုးသားအား သူသည် ကြိမ်လုံးဖြင့်သာ သွား၍တိုက်ခိုက်၏။ အီဂျစ်အမျိုးသား၏လက်မှ လှံကိုလုယူ၍ ထိုလှံဖြင့်ပင် ထိုသူကို ထိုးသတ်လေ၏။
11:24 ယောယဒ၏သား ဗေနာယသည် ထိုသို့ပြုခဲ့သောကြောင့် သူရဲကောင်းသုံးဦးကဲ့သို့ပင် သူသည်လည်း နာမည်ကျော်စော၏။
11:25 သူသည် စစ်သူရဲအယောက်သုံးဆယ်ထက် အစွမ်းထက်သော်လည်း ပထမသူရဲကောင်းသုံးဦးကိုမမီ။ ဒါဝိဒ်မင်းကြီးသည် သူ့အား ကိုယ်ရံတော်မှူးအဖြစ် ခန့်အပ်ထား၏။
11:26 အခြားရဲစွမ်းသတ္တိရှိသောစစ်သူရဲများမှာ ယွာဘ၏ညီ အာသဟေလ၊ ဗက်လင်မြို့သား ဒေါဒေါ၏သား ဧလဟာနန်၊
11:27 ဟာရုတ်မြို့သား ရှမ္မုတ်၊ ပေလောမြို့သား ဟေလက်၊
11:28 တေကောမြို့သား ဣကေရှ၏သား ဣရ၊ အနေသောသိလူမျိုး အဗျေဇာ၊
11:29 ဟုရှသိလူမျိုး သိဗေခဲ၊ အဟောဟိလူမျိုး ဣလဲ၊
11:30 နေတောဖာသိလူမျိုး မဟာရဲ၊ နေတောဖာသိလူမျိုး ဗာနာ၏သား ဟေလက်၊
11:31 ဂိဗာမြို့မှ ဗင်္ယာမိန်သားမြေး ရိဘဲ၏သား အိတ္တဲ၊ ပိရသုန်မြို့သား ဗေနာယ၊
11:32 ဂါရှချိုင့်ဝှမ်းမှ ဟုရဲ၊ အာဗသိလူမျိုး အဗျေလ၊
11:33 ဗာဟုမိလူမျိုး အာဇမာဝက်၊ ရှာလဗောနိလူမျိုး ဧလျာဘ၊
11:34 ဂိဇောနိလူမျိုး ဟာရှင်၏သားများ၊ ဟာရရိလူမျိုး ရှာဂဲ၏သား ယောနသန်၊
11:35 ဟာရရိလူမျိုး စာကာ၏သား အဟိအံ၊ ဥရ၏သား ဧလိဖလ၊
11:36 မေခေရသိလူမျိုး ဟေဖာ၊ ပေလောနိလူမျိုး အဟိယ၊
11:37 ကရမေလိလူမျိုး ဟေဇရဲ၊ ဧဇဗဲ၏သား နာရဲ၊
11:38 နာသန်၏ညီ ယောလ၊ ဟာဂရိ၏သား မိဗဟာ၊
11:39 အမ္မုန်လူမျိုး ဇေလက်၊ ဇေရုယာ၏သား ယွာဘ၏လက်နက်ကိုင် ဗေရောသိလူမျိုး နဟာရဲ၊
11:40 ဣသရိလူမျိုး ဣရ၊ ဣသရိလူမျိုး ဂါရက်၊
11:41 ဟိတ္တိလူမျိုး ဥရိယ၊ အာလဲ၏သား ဇာဗဒ်၊
11:42 ရုဗင်အနွယ်တွင် လူအယောက်သုံးဆယ်ကို ကြီးစိုးသော ရုဗင်အမျိုး၏အကြီးအမှူး ရှိဇ၏သား အဒိန၊
11:43 မာခါ၏သား ဟာနန်၊ မိသနိလူမျိုး ယောရှာဖတ်၊
11:44 အာရှတယောသိလူမျိုး ဩဇိ၊ အာရောရိလူမျိုး ဟောသံ၏သားများဖြစ်သော ရှာမ၊ ယေယေလ၊
11:45 ရှိမရိ၏သား ယေဒယေလနှင့် သူ့ညီ တိဇိလူမျိုး ယောဟ၊
11:46 မဟာဝိလူမျိုး ဧလျေလ၊ ဧလနန်၏သား ယေရိဗဲနှင့် ယောရှဝိ၊ မောဘလူမျိုး ဣသမ၊
11:47 ဧလျေလ၊ ဩဗက်၊ မေဇောဗိတ်လူမျိုး ယာသေလ တို့ဖြစ်ကြ၏။