1 Chronicles 15
15:1 ထို့နောက်တွင် ဒါဝိဒ်မင်းကြီးသည် ဒါဝိဒ်မြို့၌ မိမိအဖို့နန်းတော်ကို တည်ဆောက်၏။ ဘုရားသခင်၏သေတ္တာတော်ထားဖို့နေရာကိုပြင်ဆင်ပြီး တဲတော်ကို စိုက်ထူပေး၏။
15:2 ဒါဝိဒ်မင်းကြီးက “လေဝိအမျိုးမှလွဲ၍ မည်သူမျှ ဘုရားသခင်၏သေတ္တာတော်ကို မထမ်းရ။ အကြောင်းမူကား ထာဝရဘုရား၏သေတ္တာတော်ကိုထမ်းရန်နှင့် အမှုတော်ကိုအစဉ်ဆောင်ရွက်ရန် သူတို့ကို ထာဝရဘုရား ရွေးချယ်တော်မူပြီ”ဟု မိန့်ဆို၏။
15:3 ထို့နောက် ဒါဝိဒ်မင်းကြီးသည် သူပြင်ဆင်ထားသောနေရာသို့ ထာဝရဘုရား၏သေတ္တာတော်ကို ယူဆောင်လာရန် အစ္စရေးလူမျိုးအပေါင်းတို့ကို ဂျေရုဆလင်မြို့သို့ စုဝေးစေ၏။
15:4 ဒါဝိဒ်မင်းကြီး ခေါ်ယူစုဝေးစေသော လေဝိအမျိုး အာရုန်၏သားမြေးများမှာ
15:5 ကောဟတ်၏သားမြေးများတွင် အကြီးအကဲဥရေလနှင့်သူ၏ဆွေမျိုးသားချင်း ပေါင်းအယောက်တစ်ရာ့နှစ်ဆယ်၊
15:6 မေရာရိ၏သားမြေးများတွင် အကြီးအကဲအသာယနှင့်သူ၏ဆွေမျိုးသားချင်း ပေါင်းအယောက်နှစ်ရာ့နှစ်ဆယ်၊
15:7 ဂေရရှုံ၏သားမြေးများတွင် အကြီးအကဲယောလနှင့်သူ၏ဆွေမျိုးသားချင်း ပေါင်းအယောက်တစ်ရာ့သုံးဆယ်၊
15:8 ဧလိဇာဖန်၏သားမြေးများတွင် အကြီးအကဲရှေမာယနှင့်သူ၏ဆွေမျိုးသားချင်း ပေါင်းအယောက်နှစ်ရာ၊
15:9 ဟေဗြုန်၏သားမြေးများတွင် အကြီးအကဲဧလျေလနှင့်သူ၏ဆွေမျိုးသားချင်း ပေါင်းအယောက်ရှစ်ဆယ်၊
15:10 ဩဇေလ၏သားမြေးများတွင် အကြီးအကဲအမိနဒပ်နှင့်သူ၏ဆွေမျိုးသားချင်း ပေါင်းအယောက်တစ်ရာတစ်ဆယ့်နှစ်ယောက် တို့ဖြစ်ကြ၏။
15:11 ထို့ပြင် ဒါဝိဒ်မင်းကြီးသည် ယဇ်ပုရောဟိတ်ဇာဒုတ်နှင့်အဗျာသာ၊ လေဝိအမျိုး ဥရေလ၊ အသာယ၊ ယောလ၊ ရှေမာယ၊ ဧလျေလ၊ အမိနဒပ်တို့ကို ခေါ်ပြီး
15:12 သူတို့အား “သင်တို့သည် လေဝိအမျိုးဘိုးဘေးတို့၏အိမ်ထောင်စုအကြီးအမှူးများ ဖြစ်ကြ၏။ ထို့ကြောင့် ယခု သင်တို့ကိုယ်တိုင်နှင့် သင်တို့၏ဆွေမျိုးသားချင်းများကိုယ်တိုင် ကိုယ်ကိုသန့်ရှင်းစေပြီး ငါပြင်ဆင်ထားသောနေရာသို့ အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရား၏သေတ္တာတော်ကို သယ်ဆောင်လာကြလော့။
15:13 ယခင်က သေတ္တာတော်ကိုသယ်ဆောင်ရာတွင် သင်တို့မပါခဲ့၊ ငါတို့လည်း စီရင်ထုံးဖွဲ့ချက်အတိုင်း မမေးလျှောက်ဘဲ သယ်ဆောင်ခဲ့သောကြောင့် ငါတို့၏ဘုရားသခင်ထာဝရဘုရားသည် ငါတို့ကို ဒဏ်ခတ်တော်မူခဲ့ပြီ”ဟု မိန့်ဆို၏။
15:14 ထို့ကြောင့် ယဇ်ပုရောဟိတ်တို့နှင့် လေဝိအမျိုးတို့သည် အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရား၏သေတ္တာတော်ကို သယ်ဆောင်ရန် ကိုယ်ကိုသန့်ရှင်းစေကြ၏။
15:15 ထို့နောက် ထာဝရဘုရားက မောရှေအား မိန့်မှာထားတော်မူသည့်အတိုင်း လေဝိအမျိုးတို့သည် ဘုရားသခင်၏သေတ္တာတော်ကို ထမ်းပိုးတို့နှင့် ပခုံးပေါ်တင်ထမ်းကာ သယ်ဆောင်လာကြ၏။
15:16 ဒါဝိဒ်မင်းကြီးက လေဝိအမျိုးအကြီးအကဲတို့အား စောင်းပြား၊ စောင်းကောက်၊ လင်းကွင်းစသောတူရိယာတို့ဖြင့် အားရဝမ်းမြောက်စွာသီဆိုနိုင်သော သူတို့၏ဆွေမျိုးသားချင်းတို့ကို သီချင်းသည်အဖြစ် ခွဲခန့်ထားရန် အမိန့်ပေးထား၏။
15:17 ထို့ကြောင့် လေဝိအမျိုးတို့လည်း ယောလ၏သားဟေမန်နှင့် သူ၏ဆွေမျိုးသားချင်းများထဲမှ ဗေရခိ၏သားအာသပ်၊ မေရာရိ၏သားမြေးများထဲမှ သူတို့၏ဆွေမျိုးသားချင်း ကုရှာယ၏သားဧသန်၊
15:18 ဒုတိယအုပ်စုတွင် သူတို့၏ဆွေမျိုးသားချင်းများဖြစ်သော ဇာခရိ၊ ဗင်၊ ယာဇေလ၊ ရှေမိရာမုတ်၊ ယေဟေလ၊ ဥန္နိ၊ ဧလျာဘ၊ ဗေနာယ၊ မာသေယ၊ မတ္တိသိ၊ ဧလိဖလေ၊ မိတ်နေယ၊ တံခါးစောင့်ဩဗဒေဒုံနှင့်ယေယေလ တို့ကိုခွဲခန့်ထား၏။
15:19 သီချင်းသည် ဟေမန်၊ အာသပ်၊ ဧသန် တို့သည် ကြေးနီလင်းကွင်းများကို တီးရ၏။
15:20 ဇာခရိ၊ အဇေလ၊ ရှေမိရာမုတ်၊ ယေဟေလ၊ ဥန္နိ၊ ဧလျာဘ၊ မာသေယ၊ ဗေနာယ တို့သည် အာလမုတ်သံစဉ်နှင့်အညီ စောင်းပြားကို တီးရ၏။
15:21 မတ္တိသိ၊ ဧလိဖလေ၊ မိတ်နေယ၊ ဩဗဒေဒုံ၊ ယေယေလ၊ အာဇဇိ တို့သည် ရှေမိနိတ်သံစဉ်နှင့်အညီစောင်းကို တီးရသော ဂီတမှူးများ ဖြစ်ကြ၏။
15:22 လေဝိအမျိုးအကြီးအကဲခေနနိသည် သီချင်းအရာ၌ကျွမ်းကျင်သောကြောင့် သူသည် သီဆိုခြင်းအမှုကို တာဝန်ယူရ၏။
15:23 ဗေရခိနှင့်ဧလကာနတို့သည် သေတ္တာတော်တံခါးကို စောင့်ကြပ်ရ၏။
15:24 ယဇ်ပုရောဟိတ် ရှေဗနိ၊ ယောရှာဖတ်၊ နာသနေလ၊ အာမသဲ၊ ဇာခရိ၊ ဗေနာယ၊ ဧလျေဇာတို့သည် ဘုရားသခင်၏သေတ္တာတော်ရှေ့တွင် တံပိုးခရာမှုတ်ကြရ၏။ ဩဗဒေဒုံနှင့်ယေဟိတို့သည်လည်း သေတ္တာတော်တံခါးကို စောင့်ကြပ်ရ၏။
15:25 ဤသို့ဖြင့် ဒါဝိဒ်မင်းကြီးနှင့် အစ္စရေးသက်ကြီးဝါကြီးများ၊ လူတစ်ထောင်အုပ်သောသူများသည် ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်ကို ဩဗဒေဒုံ၏အိမ်မှ ပြန်သယ်လာရန် ဝမ်းမြောက်စွာထွက်သွားကြ၏။
15:26 ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်ကို ထမ်းသောလေဝိအမျိုးတို့အား ဘုရားသခင်သည် စောင်မတော်မူ၏။ သူတို့သည် နွားထီး ခုနစ်ကောင်၊ သိုးထီး ခုနစ်ကောင်ကို ယဇ်ပူဇော်ကြ၏။
15:27 ဒါဝိဒ်မင်းကြီးမှစ၍ သေတ္တာတော်ကိုထမ်းသောလေဝိအမျိုးသားအားလုံးနှင့် ခေနနိဦးဆောင်သောသီချင်းသီဆိုသည့်သီချင်းသည်များသည် ပိတ်ချောထည်ဝတ်လုံကို ဝတ်ဆင်ကြ၏။ ဒါဝိဒ်မင်းကြီးသည် ပိတ်ချောဧဖုဒ်ကိုလည်း ဝတ်ဆင်ထားသေး၏။
15:28 ဤသို့ဖြင့် အစ္စရေးလူမျိုးအပေါင်းတို့သည် ကြွေးကြော်လျက်၊ တံပိုးမှုတ်သံနှင့်အတူ တံပိုးခရာများ၊ လင်းကွင်းများ၊ စောင်းကောက်၊ စောင်းပြားများကို တီးမှုတ်လျက် ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်ကို သယ်ဆောင်လာကြ၏။
15:29 ဒါဝိဒ်မြို့တွင်းသို့ ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော် ဝင်ရောက်လာသောအခါ ရှောလုမင်းကြီး၏သမီးတော် မိခါလသည် ပြတင်းပေါက်မှလှမ်းကြည့်ရာ ဒါဝိဒ်မင်းကြီး ကခုန်ပျော်မြူးနေသည်ကိုမြင်လျှင် သူ့စိတ်ထဲတွင် ဒါဝိဒ်မင်းကြီးကို မထီလေးစားပြုမိလေ၏။