2 Chronicles 1
1:1 ဒါဝိဒ်မင်းကြီး၏သားတော် ရှောလမုန်မင်းကြီးသည် မိမိနိုင်ငံတော်ကို ခိုင်ခံ့တည်မြဲစေ၏။ သူ၏ဘုရားသခင်ထာဝရဘုရားသည် သူနှင့်အတူပါရှိပြီး သူ့ကိုအထူးချီးမြှောက်တော်မူ၏။
1:2 ရှောလမုန်မင်းကြီးသည် အစ္စရေးလူမျိုးတစ်မျိုးနွယ်လုံးမှစ၍ လူတစ်ထောင်အုပ်၊ လူတစ်ရာအုပ်၊ တရားသူကြီးများ၊ အစ္စရေးတစ်ပြည်လုံးရှိ ခေါင်းဆောင်များဖြစ်ကြသောဘိုးဘေးအကြီးအမှူးရှိသမျှတို့အား ဆင့်ခေါ်ပြီး
1:3 ရှောလမုန်မင်းကြီးသည် တောကန္တာရတွင် ထာဝရဘုရား၏အစေအပါးမောရှေပြုလုပ်ခဲ့သော ဘုရားသခင်၏တွေ့ဆုံစည်းဝေးရာတဲတော်ရှိရာ ဂိဗောင်မြို့၊ အထွတ်အမြတ်ထားရာကုန်းမြင့်သို့ လူထုကြီးနှင့်အတူသွား၏။
1:4 ဘုရားသခင်၏သေတ္တာတော်ကိုကား ဒါဝိဒ်မင်းကြီးသည် ကိရယတ်ယာရိမ်မြို့မှ ဂျေရုဆလင်မြို့ရှိ မိမိပြင်ဆင်ထားသောတဲတော်ရှိရာနေရာသို့ ဆောင်ယူခဲ့ပြီးဖြစ်၏။
1:5 ဟုရ၏မြေး၊ ဥရိ၏သားဗေဇလေလပြုလုပ်သောကြေးနီယဇ်ပလ္လင်ကို ထာဝရဘုရား၏တဲတော်ရှေ့တွင် ထားရှိ၏။ ရှောလမုန်မင်းကြီးနှင့် လူထုတို့သည် ထိုယဇ်ပလ္လင်ကို ထာဝရဘုရားထံမေးမြန်းရာတွင် အသုံးပြုကြ၏။
1:6 ရှောလမုန်မင်းကြီးသည် တွေ့ဆုံစည်းဝေးရာတဲတော်ရှေ့ရှိ ကြေးနီယဇ်ပလ္လင်နားသို့သွား၍ ထာဝရဘုရားထံ မီးရှို့ရာယဇ်အကောင်တစ်ထောင်ကို ပူဇော်၏။
1:7 ထိုညတွင် ဘုရားသခင်သည် ရှောလမုန်မင်းကြီးအား ကိုယ်ထင်ရှားပြ၍ “ငါပေးရမည့်ဆုကို တောင်းလော့”ဟု မိန့်တော်မူ၏။
1:8 ထိုအခါ ရှောလမုန်မင်းကြီးက ဘုရားသခင်အား “ကိုယ်တော်သည် အကျွန်ုပ်၏ခမည်းတော်ဒါဝိဒ်မင်းကြီးအား ကြီးမားသောမေတ္တာကရုဏာကို ပြတော်မူပြီး အကျွန်ုပ်အားလည်း ခမည်းတော်၏အရိုက်အရာကို ဆက်ခံစေပါပြီ။
1:9 ယခုမှာ အို ဘုရားသခင်ထာဝရဘုရား၊ မြေမှုန့်ကဲ့သို့ များပြားလှသောလူတို့ကို အကျွန်ုပ်အား အုပ်စိုးစေတော်မူပြီဖြစ်၍ အကျွန်ုပ်၏ခမည်းတော်ဒါဝိဒ်မင်းကြီးအား ပေးထားသောကတိစကားတော်သည် တည်ပါစေသော။
1:10 ဤများပြားလှသောကိုယ်တော်၏လူမျိုးတော်ကို မည်သူအုပ်ချုပ်နိုင်ပါမည်နည်း။ ထို့ကြောင့် ဤလူမျိုးတို့ကို ဦးဆောင်သွားလာလေရာရာတွင် လိုအပ်သောဉာဏ်ပညာ၊ အသိတရားများကို အကျွန်ုပ်အား ပေးတော်မူပါ”ဟု တောင်းလျှောက်၏။
1:11 ထို့ကြောင့် ဘုရားသခင်က ရှောလမုန်မင်းကြီးအား “သင်သည် ဓနဥစ္စာစည်းစိမ်ချမ်းသာနှင့် ဂုဏ်သရေကိုမတောင်း၊ ရန်သူ့အသက်ကိုမတောင်း၊ အသက်တာရှည်ဖို့မတောင်းဘဲ သင့်အား ငါအုပ်ချုပ်စေသည့် ငါ့လူမျိုးတော်တို့ကိုအုပ်ချုပ်နိုင်ရန်အတွက် သင့်စိတ်နှလုံးတွင်ရှိသည့်အတိုင်း ဉာဏ်ပညာ၊ အသိတရားတို့ကိုသာ တောင်းဆိုသောကြောင့်
1:12 သင့်အား ဉာဏ်ပညာနှင့် အသိတရားများကိုသာမက သင့်ရှေ့၌ရှိခဲ့သောဘုရင်၊ သင့်နောက်တွင်ရှိမည့်ဘုရင်တို့၌ မရနိုင်သော ဓနဥစ္စာ၊ ကြွယ်ဝချမ်းသာခြင်းနှင့် ဂုဏ်သရေရှိခြင်းတို့ကိုပါ ငါပေးမည်”ဟု မိန့်တော်မူ၏။
1:13 ထို့နောက် ရှောလမုန်မင်းကြီးသည် တွေ့ဆုံစည်းဝေးရာတဲတော်ရှိရာ ဂိဗောင်မြို့၊ အထွတ်အမြတ်ထားရာကုန်းမြင့်မှ ဂျေရုဆလင်မြို့သို့ ပြန်လာ၏။ ထို့နောက် အစ္စရေးလူမျိုးကို အုပ်ချုပ်လေ၏။
1:14 ရှောလမုန်မင်းကြီးသည် မြင်းများ၊ ရထားများကို စုဆောင်းလေ့ရှိ၏။ ထို့ကြောင့် သူ၌ ရထားအစီးရေတစ်ထောင့်လေးရာနှင့် မြင်းစီးသူရဲ တစ်သောင်းနှစ်ထောင်ရှိ၏။ ၎င်းတို့ကို ရထားထားရာမြို့များနှင့် ရှင်ဘုရင်စံမြန်းရာဂျေရုဆလင်မြို့တို့တွင် ထားရှိ၏။
1:15 ရှင်ဘုရင်သည် ဂျေရုဆလင်မြို့တွင် ရွှေငွေတို့ကို ကျောက်ခဲသဖွယ်၊ သစ်ကတိုးပင်များကို လွင်ပြင်၌ပေါက်သော သင်္ဘောသဖန်းပင်သဖွယ် အမြောက်အမြားထားရှိ၏။
1:16 အီဂျစ်ပြည်နှင့်ကောမြို့တို့မှ မြင်းများကို ရှောလမုန်မင်းကြီးထံ တင်သွင်းတတ်ကြ၏။ ရှင်ဘုရင်၏ကုန်သည်တို့သည် အဖိုးအခပေး၍ ကောမြို့မှ ဝယ်ယူတင်သွင်းပေးကြ၏။
1:17 အီဂျစ်ပြည်မှ ရထားတစ်စီးလျှင် ငွေခြောက်ရာရှယ်ကယ် ၊ မြင်းတစ်ကောင်လျှင် ငွေတစ်ရာ့ငါးဆယ်ရှယ်ကယ် ဖြင့် ဝယ်ယူတင်သွင်းပြီး ဟိတ္တိဘုရင်၊ ဆီးရီးယားဘုရင်အပေါင်းတို့ထံသို့ တစ်ဆင့်ပြန်လည်ရောင်းချကြ၏။