2 Chronicles 12
12:1 ရောဗောင်မင်းကြီးသည် နိုင်ငံတော်တည်မြဲ၍ အင်အားကြီးမားလာသောအခါ သူနှင့်အစ္စရေးလူမျိုးတစ်မျိုးလုံး ထာဝရဘုရား၏ပညတ်တော်များကို စွန့်ပယ်ကြလေ၏။
12:2 ဤသို့ ထာဝရဘုရားကိုသစ္စာမဲ့သောကြောင့် ရောဗောင်မင်းကြီးနန်းစံငါးနှစ်တွင် အီဂျစ်ဘုရင်ရှိရှက်မင်းကြီးသည် ဂျေရုဆလင်မြို့သို့ ချီလာ၏။
12:3 သူနှင့်အတူ စစ်ရထားအစီးရေတစ်ထောင့်နှစ်ရာ၊ မြင်းစီးသူရဲခြောက်သောင်းနှင့် မရေမတွက်နိုင်သော အီဂျစ်ပြည်မှ လစ်ဗျားလူမျိုး၊ သုကိလူမျိုး၊ အီသီယိုးပီးယားလူမျိုးတို့၏စစ်သည်များ လိုက်ပါလာကြ၏။
12:4 ထိုမင်းကြီးသည် ယုဒပြည်ရှိ ခံတပ်မြို့များကို သိမ်းပိုက်ပြီး ဂျေရုဆလင်မြို့တိုင်အောင် ဆက်လက်ချီတက်၏။
12:5 ထိုအခါ ရှိရှက်မင်းကြီးကြောင့် ဂျေရုဆလင်မြို့တွင် စုဝေးနေကြသော ရောဗောင်မင်းကြီးနှင့် ယုဒခေါင်းဆောင်များထံသို့ ပရောဖက်ရှေမာယရောက်လာ၍ သူတို့အား “ ‘သင်တို့သည် ငါ့ကိုစွန့်ပယ်ခဲ့သောကြောင့် ငါသည်လည်း သင်တို့ကိုစွန့်ပြီး ရှိရှက်မင်းကြီးလက်သို့ အပ်လိုက်ပြီ’ဟူ၍ ထာဝရဘုရားမိန့်တော်မူပြီ”ဟု ဆင့်ဆိုလေ၏။
12:6 ထိုအခါ ရှင်ဘုရင်နှင့် အစ္စရေးအကြီးအကဲတို့က မိမိကိုယ်ကိုနှိမ့်ချပြီး “ထာဝရဘုရား ဖြောင့်မတ်တော်မူပါ၏”ဟု ဆိုကြ၏။
12:7 ဤသို့ မိမိကိုယ်ကိုနှိမ့်ချကြသည်ကို ထာဝရဘုရားမြင်တော်မူလျှင် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ရှေမာယထံရောက်လာပြန်၍ “သူတို့သည် မိမိကိုယ်ကိုနှိမ့်ချကြသောကြောင့် သူတို့ကို ငါမဖျက်ဆီး။ အသက်ချမ်းသာခွင့်ကိုကား ငါပေးမည်။ ရှိရှက်မင်းကြီးအားဖြင့် ငါ့အမျက်တော်ကို ဂျေရုဆလင်မြို့ပေါ်သို့ ငါသွန်ချမည်မဟုတ်။
12:8 သို့သော် ငါ့ထံ အမှုထမ်းခြင်းနှင့် တိုင်းနိုင်ငံများထံ အမှုထမ်းခြင်းကို ခွဲခြားသိမြင်နိုင်ရန် သူတို့ကို ရှိရှက်မင်းကြီးထံ ကျွန်ခံစေမည်”ဟု မိန့်ဆိုစေ၏။
12:9 အီဂျစ်ဘုရင်ရှိရှက်မင်းကြီးသည် ဂျေရုဆလင်မြို့ကို လာရောက်တိုက်ခိုက်သောအခါ ထာဝရဘုရား၏အိမ်တော်ရှိဘဏ္ဍာများနှင့် ရှင်ဘုရင်နန်းတော်ရှိဘဏ္ဍာများကို ယူဆောင်သွား၏။ ထိုအရာအားလုံးကိုယူဆောင်သွားသည့်အပြင် ရှောလမုန်မင်းကြီးပြုလုပ်ခဲ့သော ရွှေဒိုင်းလွှားများကိုလည်း ယူဆောင်သွား၏။
12:10 ထို့ကြောင့် ရောဗောင်မင်းကြီးသည် ရွှေဒိုင်းလွှားများအစား ကြေးနီဒိုင်းလွှားများကို ပြုလုပ်ပြီး ဘုရင့်နန်းတော်တံခါးစောင့်ကြပ်သော တံခါးမှူးတို့၏လက်သို့ အပ်၏။
12:11 ရှင်ဘုရင်သည် ထာဝရဘုရား၏အိမ်တော်သို့ ဝင်ရောက်သည့်အခါတိုင်း တံခါးစောင့်တို့သည် ထိုဒိုင်းလွှားတို့ကို ကိုင်ဆောင်ရ၏။ ပြီးလျှင် ထိုဒိုင်းလွှားတို့ကို တံခါးစောင့်တို့၏အခန်းထဲတွင် ပြန်သိမ်းထားရ၏။
12:12 ရောဗောင်မင်းကြီးသည် မိမိကိုယ်ကိုနှိမ့်ချသောကြောင့် ထာဝရဘုရား၏အမျက်တော်သည် သူ့ထံမှလွှဲသွားလေ၏။ အကုန်အစင်ဖျက်ဆီးခြင်းကို မခံရ။ ထို့ကြောင့် ယုဒပြည်အေးချမ်းသာယာသွားလေ၏။
12:13 ရောဗောင်မင်းကြီးသည် ဂျေရုဆလင်မြို့တွင် အာဏာကိုတည်မြဲစေပြီး ဆက်လက်အုပ်စိုး၏။ ရောဗောင်မင်းကြီးနန်းတက်သောအခါ သက်တော်လေးဆယ့်တစ်နှစ်ရှိ၏။ သူသည် ထာဝရဘုရားက မိမိ၏နာမကို တည်စေရန် အစ္စရေးမျိုးနွယ်အားလုံးထဲမှ ရွေးချယ်တော်မူသော ဂျေရုဆလင်မြို့တွင် တစ်ဆယ့်ခုနစ်နှစ်စိုးစံခဲ့၏။ မယ်တော်ကား အမ္မုန်အမျိုးသမီး နေမအမည်ရှိ၏။
12:14 ရောဗောင်မင်းကြီးသည် ထာဝရဘုရားကို ရှာလိုသောစိတ်မရှိဘဲ မကောင်းမှုများကိုသာ ပြုခဲ့၏။
12:15 ရောဗောင်မင်းကြီးလက်ထက် အဖြစ်အပျက်အစအဆုံးကို ပရောဖက်ရှေမာယနှင့် ဗျာဒိတ်ရသူဣဒေါ၏မျိုးရိုးစဉ်ဆက်မှတ်တမ်းတွင် ရေးမှတ်ထား၏ ။ ရောဗောင်မင်းကြီးနှင့် ယေရောဗောင်မင်းကြီးတို့သည် အသက်ရှင်သမျှကာလပတ်လုံး အချင်းချင်းစစ်တိုက်ခဲ့ကြ၏။
12:16 ရောဗောင်မင်းကြီးသည် ဘိုးဘေးတို့နှင့်အတူ အိပ်ပျော်၍ သူ့ကို ဒါဝိဒ်မြို့တွင် သင်္ဂြိုဟ်ကြ၏။ သားတော်အဘိယ သည် သူ့အရိုက်အရာကို ဆက်ခံ၏။