2 Chronicles 21
21:1 ယောရှဖတ်မင်းကြီးသည် ဘိုးဘေးတို့နှင့်အတူအိပ်ပျော်၍ ဒါဝိဒ်မြို့တွင် ဘိုးဘေးတို့နှင့်အတူ သူ့ကိုသင်္ဂြိုဟ်ကြ၏။ သူ၏သားတော်ယဟောရံသည် သူ့အရိုက်အရာကို ဆက်ခံ၏။
21:2 ယောရှဖတ်မင်းကြီး၏သားတော်ယဟောရံတွင် အာဇရိ၊ ယေဟေလ၊ ဇာခရိ၊ အာဇရိ၊ မိက္ခေလ၊ ရှေဖတိ စသောညီအစ်ကိုများ ရှိ၏။ ဤသူအားလုံးသည် အစ္စရေးဘုရင်ယောရှဖတ်မင်းကြီး၏သားတော်များ ဖြစ်၏။
21:3 သူတို့၏ခမည်းတော်သည် သူတို့အား ရွှေငွေများ၊ အဖိုးတန်အသုံးအဆောင်များ အများအပြားနှင့် ယုဒခံတပ်မြို့များကိုပါ ပေးထားပြီး သားတော်ယဟောရံကိုမူ သားဦးဖြစ်သောကြောင့် ထီးနန်းကို လွှဲအပ်ပေး၏။
21:4 ယဟောရံသည် ခမည်းတော်၏ထီးနန်းကို ဆက်ခံ၍ အင်အားခိုင်မာလာသောအခါ ညီအစ်ကိုအားလုံးနှင့် အစ္စရေးအကြီးအကဲအချို့တို့ကို ဓားနှင့်ကွပ်မျက်လေ၏။
21:5 ယဟောရံမင်းကြီးသည် သက်တော်သုံးဆယ့်နှစ်နှစ်တွင် နန်းတက်ပြီး ဂျေရုဆလင်မြို့တွင် ရှစ်နှစ်စိုးစံ၏။
21:6 သူသည် အာဟပ်မင်းကြီး၏သမီးတော်ကို မိဖုရားမြှောက်ထား၍ အာဟပ်မင်းမျိုးမင်းနွယ်ကဲ့သို့ပင် အစ္စရေးဘုရင်တို့လျှောက်သောလမ်းအတိုင်း လိုက်လျှောက်ပြီး ထာဝရဘုရားရှေ့တော်တွင် မကောင်းမှုကို ပြုလေ၏။
21:7 သို့သော် ထာဝရဘုရားသည် ဒါဝိဒ်မင်းကြီးနှင့်ပြုထားသောပဋိညာဉ်ကိုထောက်၍ သူနှင့်သူ့သားမြေးတို့၏မီးခွက်ကို အစဉ်ထွန်းလင်းစေမည်ဟု ကတိထားသည်နှင့်အညီ ဒါဝိဒ်မင်းမျိုးမင်းနွယ်ကိုဖျက်ဆီးရန် အလိုတော်မရှိပေ။
21:8 ယဟောရံမင်းကြီးလက်ထက်တွင် ယုဒပြည်လက်အောက်ခံဖြစ်သော ဧဒုံပြည်သည် ယုဒပြည်ကိုပုန်ကန်၍ သူတို့ကို အုပ်စိုးရန် ဘုရင်တစ်ပါးကို တင်မြှောက်လိုက်ကြ၏။
21:9 ထို့ကြောင့် ယဟောရံမင်းကြီးသည် မှူးမတ်များပါလျက် မိမိ၌ရှိသမျှသောစစ်ရထားအားလုံးနှင့်တကွ ချီတက်၍ သူ့အားဝိုင်းရံလာသောဧဒုံတပ်သားတို့နှင့် စစ်ရထားမှူးတို့ကို ညအချိန် ထ၍တိုက်ခိုက်၏။
21:10 ယဟောရံမင်းကြီးသည် ဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရားကို စွန့်ပယ်သောကြောင့် ယုဒပြည်၏လက်အောက်ခံဖြစ်သော ဧဒုံပြည်သည် သူ့ကို ယနေ့တိုင်အောင် ပုန်ကန်၏။ တစ်ချိန်တည်းမှာပင် သူ၏လက်အောက်ခံဖြစ်သော လိဗနပြည်သည်လည်း သူ့ကိုပုန်ကန်လေ၏။
21:11 ထို့ပြင် သူသည် ယုဒတောင်ကုန်းများပေါ်တွင် အထွတ်အမြတ်ထားရာနေရာများကိုလည်း တည်၍ ဂျေရုဆလင်မြို့သားများကို ဖောက်ပြန်မှားယွင်းစေ၏။ ယုဒပြည်သားများကိုလည်း လမ်းလွဲစေ၏။
21:12 ထို့နောက်တွင် ပရောဖက်ဧလိယသည် သူ့ထံသို့ စာတစ်စောင်ရေးသားပေးပို့ခဲ့၏။ ထိုစာတွင် “သင့်ဘိုးဘေးဒါဝိဒ်မင်းကြီး၏ဘုရားသခင်ထာဝရဘုရားက ‘သင်သည် သင့်ခမည်းတော်ယောရှဖတ်မင်းကြီးလျှောက်သောလမ်း၊ ယုဒဘုရင်အာသမင်းကြီးလျှောက်သောလမ်းအတိုင်း မလိုက်လျှောက်ဘဲ
21:13 အစ္စရေးဘုရင်တို့လျှောက်သောလမ်းအတိုင်းလိုက်လျှောက်ပြီး အာဟပ်မင်းမျိုးမင်းနွယ်တို့ ဖောက်ပြန်မှားယွင်းသကဲ့သို့ ယုဒပြည်သူဂျေရုဆလင်မြို့သားတို့ကို ဖောက်ပြန်မှားယွင်းစေ၏။ သင့်ခမည်းတော်၏အိမ်သားများဖြစ်သော သင့်ထက်ကောင်းသောသင့်ညီအစ်ကိုများကိုပင် သင်သတ်ပစ်ခဲ့၏။
21:14 ထို့ကြောင့် ကြည့်ရှုလော့။ သင့်ပြည်သားများ၊ သင့်သားတော်သမီးတော်များ၊ သင့်မိဖုရားများနှင့် သင်ပိုင်ဆိုင်သမျှတို့ကို ထာဝရဘုရားသည် ဆိုးဝါးသောဘေးဒဏ်ဖြင့် ဒဏ်ခတ်တော်မူမည်။
21:15 သင်သည် အူနာသောရောဂါဖြင့် ဝေဒနာကို ပြင်းထန်စွာခံစားရမည်။ အူများထွက်ကျလာသည်အထိ တစ်နေ့ထက်တစ်နေ့တိုး၍ သင်ဝေဒနာခံစားရမည်’ဟူ၍ မိန့်တော်မူပြီ”ဟု ပါရှိ၏။
21:16 အီသီယိုးပီးယားပြည်နားရှိ အာရပ်လူမျိုး၊ ဖိလိတ္တိလူမျိုးတို့သည် ယဟောရံမင်းကြီးအား တိုက်ခိုက်လာအောင် သူတို့စိတ်ကို ထာဝရဘုရားနှိုးဆော်တော်မူ၏။
21:17 သူတို့သည် ယုဒပြည်သို့ချီတက်သိမ်းပိုက်ကြပြီး ဘုရင့်နန်းတော်တွင် တွေ့သမျှဥစ္စာတို့ကို ယူဆောင်သွားကြ၏။ အငယ်ဆုံးသားတော်ယောခတ်မှတစ်ပါး ကျန်သားတော်များ၊ မိဖုရားများကိုလည်း တစ်ယောက်မကျန် ဖမ်းဆီးခေါ်ဆောင်သွားကြ၏။
21:18 ထို့နောက်တွင် ထာဝရဘုရားသည် ယဟောရံမင်းကြီးကို ကုသ၍မရနိုင်သောအူနာရောဂါဖြင့် ဒဏ်ခတ်တော်မူ၏။
21:19 နေ့စဉ်ရက်ဆက်ဝေဒနာခံစားရပြီး နှစ်နှစ်ကြာသောအခါ ထိုအနာရောဂါကြောင့် အူများထွက်ကျလာ၍ ပြင်းစွာသောဝေဒနာကိုခံစားရင်း အနိစ္စရောက်သွား၏။ ဘိုးဘေးတို့အား မီးပွဲသဘင်ကို ခမ်းနားစွာကျင်းပပေးသကဲ့သို့ သူ့ပြည်သားတို့သည် သူ့ကို မပြုပေးကြချေ။
21:20 သူသည် သက်တော်သုံးဆယ့်နှစ်နှစ်တွင် နန်းတက်၍ ဂျေရုဆလင်မြို့၌ ရှစ်နှစ်စိုးစံ၏။ သူအနိစ္စရောက်သောအခါ မည်သူမျှဝမ်းမနည်း။ သူ့ကို ဒါဝိဒ်မြို့တွင် သင်္ဂြိုဟ်သော်လည်း ရှင်ဘုရင်တို့သင်္ချိုင်းတွင် မသင်္ဂြိုဟ်ကြပေ။