2 Chronicles 23
23:1 ခုနစ်နှစ်မြောက်တွင် ယောယဒသည် သတ္တိမွေးကာ ရာတပ်မှူးများဖြစ်သော ယေရောဟံ၏သားအာဇရိ၊ ယေဟောဟနန်၏သားဣရှမေလ၊ ဩဗက်၏သားအာဇရိ၊ အဒါယ၏သားမာသေယ၊ ဇိခရိ၏သားဧလိရှဖတ်တို့နှင့် ကတိသစ္စာပြု၍
23:2 ယုဒပြည်တစ်လျှောက်လုံးသို့လှည့်လည်သွားလာပြီး ယုဒမြို့ရွာရှိသမျှတို့မှ လေဝိအမျိုးများ၊ အစ္စရေးလူမျိုးတို့၏ဘိုးဘေးအိမ်ထောင်စုအကြီးအမှူးများကို စည်းရုံးသဖြင့် သူတို့သည် ဂျေရုဆလင်မြို့သို့ လာကြ၏။
23:3 ထို့နောက် ဘုရားသခင်၏အိမ်တော်တွင် လူထုတစ်ရပ်လုံးသည် ရှင်ဘုရင်နှင့် ကတိသစ္စာပြုကြပြီး ယောယဒက “ဒါဝိဒ်မင်းကြီး၏သားမြေးတို့နှင့်ပတ်သက်၍ ထာဝရဘုရား ကတိထားခဲ့သည့်အတိုင်း ရှင်ဘုရင်၏သားတော်သည် အုပ်စိုးရလိမ့်မည်။
23:4 သင်တို့ ဤသို့ပြုရမည်။ ဥပုသ်နေ့တွင် တာဝန်ကျသောယဇ်ပုရောဟိတ်များနှင့် လေဝိအမျိုးတို့ကို သုံးစုခွဲပြီး တစ်စုသည် တံခါးစောင့်ရမည်။
23:5 နောက်တစ်စုသည် ဘုရင့်နန်းတော်ကို စောင့်ကြပ်ရမည်။ နောက်တစ်စုသည် အုတ်မြစ်ချရာတံခါးကို စောင့်ကြပ်ရမည်။ လူအားလုံး ထာဝရဘုရား၏အိမ်တော်ဝင်းထဲ၌ ရှိနေရမည်။
23:6 ယဇ်ပုရောဟိတ်များနှင့် အိမ်တော်အမှုထမ်းများဖြစ်သောလေဝိအမျိုးတို့မှတစ်ပါး မည်သူ့ကိုမျှ ထာဝရဘုရား၏အိမ်တော်ထဲသို့ မဝင်စေနှင့်။ သူတို့သည် သန့်ရှင်းသူများဖြစ်သောကြောင့် ဝင်ခွင့်ရှိ၏။ လူအားလုံး ထာဝရဘုရား၏ညွှန်ကြားချက်ကို လိုက်နာရမည်။
23:7 လေဝိအမျိုးတစ်ဦးချင်းစီသည် လက်နက်ကိုကိုင်ဆောင်ထားပြီး ရှင်ဘုရင်ကို ဝိုင်းရံထားရမည်။ အိမ်တော်သို့ ဝင်လာသူတိုင်းကို သုတ်သင်ပစ်ရမည်။ ရှင်ဘုရင်သွားလာလေရာရာသို့ သင်တို့လိုက်ပါစောင့်ရှောက်ရမည်”ဟု မှာကြားလေ၏။
23:8 လေဝိအမျိုးနှင့် ယုဒလူမျိုးအပေါင်းတို့သည် ယဇ်ပုရောဟိတ်ယောယဒ မှာကြားသည့်အတိုင်း ပြုကြ၏။ ယဇ်ပုရောဟိတ်ယောယဒက အလှည့်ကျအဖွဲ့များကို ပြန်မလွှတ်ပေးသောကြောင့် အဖွဲ့ခေါင်းဆောင်များသည် ဥပုသ်နေ့တွင် တာဝန်ကျသူများနှင့် တာဝန်မကျသူများပါ အသီးသီးမိမိတို့လူကို ခေါ်ထားကြ၏။
23:9 ထို့နောက် ယဇ်ပုရောဟိတ်ယောယဒသည် ဘုရားသခင်၏အိမ်တော်၌ရှိသော ဒါဝိဒ်မင်းကြီး၏လှံများ၊ ဒိုင်းလွှားကြီးများ၊ ဒိုင်းလွှားငယ်များကို ရာတပ်မှူးတို့အား ပေးအပ်၏။
23:10 လူအပေါင်းတို့ကို လက်နက်ကိုယ်စီကိုင်ဆောင်စေပြီး အိမ်တော်တောင်ဘက်ထောင့်မှ အိမ်တော်မြောက်ဘက်ထောင့်အထိ ယဇ်ပလ္လင်အနား၊ အိမ်တော်အနားတို့၌ နေရာယူလျက် ရှင်ဘုရင်ကို ခြံရံစေ၏။
23:11 ထို့နောက် ယဇ်ပုရောဟိတ်သည် ဘုရင့်သားတော်ကို ထုတ်ဆောင်လာ၍ သရဖူနှင့်တကွ ကတိဝန်ခံလွှာကို အပ်နှင်း၏။ ယောယဒနှင့်သူ၏သားတို့သည်လည်း သူ့ကို ဘိသိက်ပေးမင်းမြှောက်ကာ “မင်းကြီး သက်တော်ရှည်ပါစေ”ဟု ကြွေးကြော်ကြ၏။
23:12 အာသလိဘုရင်မသည် လူတို့ပြေးလွှားလှုပ်ရှားနေ၍ ရှင်ဘုရင်အားချီးမွမ်းသီဆိုနေသောအသံကို ကြားလျှင် လူတို့စုဝေးရာထာဝရဘုရား၏အိမ်တော်သို့ သွား၏။
23:13 ရှင်ဘုရင်သည် အဝင်ဝတိုင်နားတွင် ရပ်နေပြီး မှူးမတ်များ၊ တံပိုးခရာမှုတ်သူများလည်း ရှင်ဘုရင်အား ခြံရံလျက် ရှိနေသည်ကိုလည်းကောင်း၊ ပြည်သူပြည်သားအပေါင်းတို့က ဝမ်းမြောက်ပျော်ရွှင်စွာတံပိုးခရာတူရိယာမှုတ်လျက် သီချင်းများချီးမွမ်းသီဆိုနေကြသည်ကိုလည်းကောင်း အာသလိဘုရင်မ မြင်ရလျှင် သူ့အဝတ်ကိုဆုတ်ဖြဲလျက် “လျှို့ဝှက်ကြံစည်မှုပါတကား၊ လျှို့ဝှက်ကြံစည်မှုပါတကား”ဟု အော်ဟစ်လေ၏။
23:14 ယဇ်ပုရောဟိတ်ယောယဒက စစ်သည်တို့ကို အုပ်ချုပ်ရသောရာတပ်မှူးတို့ကို ခေါ်ထုတ်ပြီး “သူ့ကို စောင့်ကြပ်ထားသောနေရာမှ ဆွဲထုတ်လိုက်ကြ။ သူ့နောက်မှ လိုက်ပါလာသောသူတို့ကိုလည်း ဓားနှင့်ကွပ်မျက်လိုက်ကြ”ဟု အမိန့်ပေးလိုက်၏။ ယဇ်ပုရောဟိတ်က “သူ့ကို ထာဝရဘုရား၏အိမ်တော်တွင် မသတ်ကြနှင့်”ဟု မှာထားသဖြင့်
23:15 သူ့ကိုဖမ်းချုပ်ခေါ်ဆောင်သွားပြီး ဘုရင့်နန်းတွင်း မြင်းဝင်ရာတံခါးဝသို့ရောက်သောအခါ သူ့ကို ကွပ်မျက်လိုက်ကြလေ၏။
23:16 ထို့နောက် ယောယဒသည် မိမိအပါအဝင် ရှင်ဘုရင်နှင့်ပြည်သူပြည်သားအားလုံး ထာဝရဘုရား၏လူမျိုးတော်များအဖြစ်တည်နေစေရန် ကတိသစ္စာပြုကြ၏။
23:17 ထို့နောက် ပြည်သူပြည်သားအပေါင်းတို့သည် ဗာလဘုရားဝတ်ကျောင်းသို့သွား၍ ထိုဝတ်ကျောင်းကိုဖြိုဖျက်ပစ်ပြီး သူ၏ယဇ်ပလ္လင်များ၊ ရုပ်တုများကို ချိုးဖျက်ပစ်ကြ၏။ ဗာလဘုရား၏ယဇ်ပုရောဟိတ်မဿန်ကိုလည်း ယဇ်ပလ္လင်ရှေ့တွင် ကွပ်မျက်လိုက်ကြ၏။
23:18 ထို့နောက် ယောယဒသည် ဒါဝိဒ်မင်းကြီးကိုယ်တိုင် ခွဲခန့်ထားခဲ့သည့် ယဇ်ပုရောဟိတ်များနှင့် လေဝိအမျိုးတို့အား ထာဝရဘုရား၏အိမ်တော်ကို တာဝန်ယူကြီးကြပ်ရန် ခန့်ထား၏။ သူတို့သည် မောရှေ၏ပညတ်တရားကျမ်းတွင်ရေးထားသည့်အတိုင်း ထာဝရဘုရား၏အိမ်တော်တွင် ထာဝရဘုရားထံ မီးရှို့ရာယဇ်ကို ပူဇော်ရပြီး ဒါဝိဒ်မင်းကြီးမိန့်မှာထားခဲ့သည့်အတိုင်း ဝမ်းမြောက်စွာချီးမွမ်းသီချင်း သီဆိုရသောသူများဖြစ်ကြ၏။
23:19 တစ်စုံတစ်ရာကြောင့် ညစ်ညူးသောသူတို့ မဝင်ရောက်နိုင်စေရန် ထာဝရဘုရား၏အိမ်တော်တံခါးများတွင် တံခါးစောင့်များကို ချထား၏။
23:20 ရာတပ်မှူးများ၊ မှူးမတ်များ၊ ပြည်သူတို့ကိုကြီးကြပ်ပေးမည့်သူများနှင့် ပြည်သူပြည်သားအားလုံးတို့ကို ဆင့်ခေါ်၍ ရှင်ဘုရင်ကို ထာဝရဘုရား၏အိမ်တော်မှခေါ်ထုတ်လာကြ၍ အထက်တံခါးလမ်းအတိုင်း ဘုရင့်နန်းတော်သို့ကြွချီစေပြီး တော်ဝင်ရာဇပလ္လင်တွင် စံမြန်းစေလေ၏။
23:21 ပြည်သူပြည်သားအပေါင်းတို့သည်လည်း ဝမ်းမြောက်ပျော်ရွှင်ကြ၏။ အာသလိဘုရင်မကို ဓားနှင့်ကွပ်မျက်လိုက်ပြီဖြစ်၍ တစ်မြို့လုံးငြိမ်းချမ်းလေ၏။