2 Chronicles 36
36:1 ထို့နောက် ပြည်သူပြည်သားတို့သည် ယောရှိမင်းကြီး၏သားတော်ယောခတ်အား ဂျေရုဆလင်မြို့တွင် ခမည်းတော်၏အရိုက်အရာကို ဆက်ခံစေ၏။
36:2 ယောခတ်နန်းတက်သောအခါ သက်တော်နှစ်ဆယ့်သုံးနှစ်ရှိပြီး ဂျေရုဆလင်မြို့တွင် သုံးလစိုးစံ၏။
36:3 အီဂျစ်ဘုရင်သည် သူ့ကို ဂျေရုဆလင်မြို့တွင်နန်းချပြီး တိုင်းပြည်ကိုလည်း ငွေတာလန်တစ်ရာ ၊ ရွှေတစ်တာလန် ဒဏ်တပ်လေ၏။
36:4 ထို့နောက် အီဂျစ်ဘုရင်သည် ယောခတ်မင်းကြီး၏ညီတော်ဧလျာကိမ်ကို ယုဒပြည်သူဂျေရုဆလင်မြို့သားတို့အပေါ် အုပ်စိုးစေပြီး ယောယကိမ် ဟုအမည်ပြောင်းပေး၏။ နောင်တော်ယောခတ်မင်းကြီးကိုမူကား နေခေါမင်းကြီးသည် အီဂျစ်ပြည်သို့ ခေါ်ဆောင်သွား၏။
36:5 ယောယကိမ် နန်းတက်သောအခါ သက်တော်နှစ်ဆယ့်ငါးနှစ်ရှိပြီး ဂျေရုဆလင်မြို့တွင် တစ်ဆယ့်တစ်နှစ်စိုးစံ၏။ သူသည် သူ၏ဘုရားသခင်ထာဝရဘုရားရှေ့တော်တွင် မကောင်းမှုကို ပြု၏။
36:6 ဘေဘီလုံဘုရင်နေဗုခဒ်နေဇာမင်းကြီးသည် ချီလာ၍ သူ့ကိုတိုက်ခိုက်ပြီး ကြေးနီကြိုးများဖြင့် ချည်နှောင်ကာ ဘေဘီလုံမြို့သို့ ခေါ်ဆောင်သွား၏။
36:7 နေဗုခဒ်နေဇာမင်းကြီးသည် ထာဝရဘုရား၏အိမ်တော်အသုံးအဆောင်အချို့တို့ကိုလည်း ဘေဘီလုံပြည်သို့ယူဆောင်သွားပြီး ဘေဘီလုံမြို့ရှိမိမိဗိမာန်တွင် ထားရှိလေ၏။
36:8 ကျန်ရှိနေသောယောယကိမ်မင်းကြီးလက်ထက်အဖြစ်အပျက်များ၊ သူပြုခဲ့သောစက်ဆုပ်ရွံရှာဖွယ်အမှုများ၊ သူ၏ဆိုးယုတ်မှုများကို အစ္စရေးနှင့် ယုဒဘုရင်တို့၏ရာဇဝင်ကျမ်းများတွင် ရေးမှတ်ထား၏။ သူ၏သားတော်ယောယခိမ်သည် သူ့အရိုက်အရာကို ဆက်ခံ၏။
36:9 ယောယခိမ်နန်းတက်သောအခါ သက်တော်ရှစ်နှစ် ရှိ၏။ ဂျေရုဆလင်မြို့တွင် သုံးလ၊ ဆယ်ရက် စိုးစံ၏။ သူသည် ထာဝရဘုရားရှေ့တော်၌ မကောင်းမှုကို ပြု၏။
36:10 နှစ်လည်သောအခါ နေဗုခဒ်နေဇာမင်းကြီးသည် ရဲမက်များကိုစေလွှတ်၍ ယောယခိမ်မင်းကြီးကို ဘေဘီလုံမြို့သို့ ခေါ်ဆောင်လာစေ၏။ ထာဝရဘုရား၏အိမ်တော်မှအဖိုးတန်အသုံးအဆောင်များကိုလည်း သိမ်းယူလာစေ၏။ ထို့ပြင် ယောယခိမ်မင်းကြီး၏ညီတော် ဇေဒကိကို မင်းမြှောက်ပြီး ယုဒပြည်သူဂျေရုဆလင်မြို့သားတို့ကို အုပ်စိုးစေ၏။
36:11 ဇေဒကိနန်းတက်သောအခါ သက်တော်နှစ်ဆယ့်တစ်နှစ်ရှိပြီး ဂျေရုဆလင်မြို့တွင် တစ်ဆယ့်တစ်နှစ်စိုးစံ၏။
36:12 သူသည် သူ၏ဘုရားသခင်ထာဝရဘုရားရှေ့တော်တွင် မကောင်းမှုကိုပြု၏။ ထာဝရဘုရား၏နှုတ်ကပတ်တော်ကို ဆင့်ဆိုသောပရောဖက်ယေရမိရှေ့တွင် မိမိကိုယ်ကိုနှိမ့်ချခြင်းမရှိ။
36:13 သူ့အား ဘုရားသခင်ထံတိုင်တည်ကျိန်ဆိုစေခဲ့သောနေဗုခဒ်နေဇာမင်းကြီးကိုလည်း ပုန်ကန်၏။ သူသည် အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားထံ ပြန်မလှည့်၊ ခေါင်းမာ လျက်၊ စိတ်နှလုံးမာကျောလျက်သာ နေ၏။
36:14 ယဇ်ပုရောဟိတ်အကြီးအကဲအပေါင်းတို့နှင့် ပြည်သူပြည်သားတို့သည်လည်း လူမျိုးခြားတို့ပြုသည့်စက်ဆုပ်ရွံရှာဖွယ်အမှုများအတိုင်း ဖောက်ပြန်မှားယွင်းကြ၏။ ဂျေရုဆလင်မြို့ရှိ ထာဝရဘုရားသန့်ရှင်းစေတော်မူခဲ့သောအိမ်တော်ကိုလည်း ညစ်ညူးစေကြ၏။
36:15 ဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရားသည် မိမိလူမျိုးတော်နှင့် ကိန်းဝပ်တော်မူရာအရပ်ကို ညှာတာထောက်ထားလျက် သူတို့ထံသို့ တမန်များကို အကြိမ်ကြိမ်စေလွှတ်တော်မူခဲ့၏။
36:16 သို့သော် လူမျိုးတော်အပေါ် ထာဝရဘုရားအမျက်တော်ထွက်၍ ချမ်းသာမပေးနိုင်သည့်တိုင်အောင် သူတို့သည် ဘုရားသခင်စေလွှတ်သောတမန်များကို လှောင်ပြောင်ကြ၏။ စကားတော်ကို မထီမဲ့မြင်ပြုကြ၏။ ပရောဖက်တို့ကို ပြက်ရယ်ပြုကြ၏။
36:17 ထို့ကြောင့် ဘုရားသခင်သည် ခါလဒဲဘုရင်ကို သူတို့ထံသို့ ချီလာစေတော်မူ၏။ ထိုဘုရင်သည် လူငယ်တို့ကို သူတို့၏သန့်ရှင်းရာဌာနတော်တွင်ပင် ဓားနှင့်ကွပ်မျက်၏။ လူပျိုအပျိုနှင့် သက်ကြီးလူအိုများပါမကျန် အားလုံးကို နှမြောခြင်းမရှိ၊ ထိုဘုရင်လက်သို့ အပ်လိုက်တော်မူ၏။
36:18 ဘုရားသခင်၏အိမ်တော်အသုံးအဆောင်အကြီးအသေးရှိသမျှ၊ ထာဝရဘုရား၏အိမ်တော်ဘဏ္ဍာများ၊ ရှင်ဘုရင်နှင့် မှူးမတ်တို့၏ဘဏ္ဍာများအားလုံးကို ဘေဘီလုံမြို့သို့ ယူဆောင်သွား၏။
36:19 သူတို့သည် ဘုရားသခင်၏အိမ်တော်ကို မီးရှို့ပြီး ဂျေရုဆလင်မြို့ရိုးကို ဖြိုချပစ်၏။ နန်းတော်တစ်ခုလုံးကိုလည်း မီးရှို့ပြီး အဖိုးတန်အသုံးအဆောင်အားလုံးကိုလည်း ဖျက်ဆီးပစ်ကြ၏။
36:20 ခါလဒဲဘုရင်သည် ဓားဘေးမှလွတ်၍ကြွင်းကျန်သူတို့ကို ဘေဘီလုံမြို့သို့ ဖမ်းခေါ်သွားပြီး ပါးရှားနိုင်ငံတော်မပေါ်ထွန်းမီတိုင်အောင် သူတို့ကို သူနှင့်သူ့သားမြေးတို့၏အစေအပါးအဖြစ် ထားရှိ၏။
36:21 အစ္စရေးမြေသည် မိမိ၏ဥပုသ်နေ့များကိုမွေ့လျော်ရမည်ဟူသော ယေရမိ၏နှုတ်အားဖြင့် ထာဝရဘုရားမိန့်တော်မူသောစကား အမှန်ပြည့်စုံလာ၍ လူသူကင်းမဲ့သောကာလပတ်လုံး အနှစ်ခုနစ်ဆယ်စေ့သည်အထိ ငြိမ်ဝပ်စွာနေရ၏။
36:22 ယေရမိ၏နှုတ်အားဖြင့် ထာဝရဘုရားမိန့်တော်မူသောစကား ပြည့်စုံစေရန် ပါးရှားဘုရင်ကုရုမင်းကြီး နန်းစံပထမနှစ်တွင် ထာဝရဘုရားသည် ပါးရှားဘုရင်ကုရုမင်းကြီး၏စိတ်ကို နှိုးဆော်တော်မူသဖြင့် သူသည် မိမိနိုင်ငံအားလုံးသို့ လိုက်လံကြေညာစေ၍ ထိုစကားကို စာဖြင့်လည်း မှတ်တမ်းတင်ထားလေ၏။
36:23 ပါးရှားဘုရင်ကုရုမင်းကြီးမိန့်ဆိုသောစကားမှာ “ကောင်းကင်ဘုံရှင် ဘုရားသခင်ထာဝရဘုရားသည် မြေကြီးပေါ်ရှိတိုင်းနိုင်ငံအလုံးစုံကို ငါ့အား ပေးတော်မူပြီ။ ယုဒပြည်၊ ဂျေရုဆလင်မြို့တွင် ကိုယ်တော့်အဖို့ အိမ်တော်ကိုတည်ရန် ငါ့ကို ခန့်ထားတော်မူပြီ။ ကိုယ်တော်၏လူမျိုးတော်အဝင်ဖြစ်သောသူအားလုံး တစ်ယောက်မကျန် သူတို့နှင့်အတူ သူတို့၏ဘုရားသခင်ထာဝရဘုရားပါရှိလျက် ဂျေရုဆလင်မြို့သို့ ပြန်သွားကြစေ”ဟူ၍ ဖြစ်၏။