Ezra 6
6:1 ထိုအခါ ဒါရိမင်းကြီးအမိန့်ထုတ်ပြန်၍ ဘေဘီလုံဘဏ္ဍာတိုက်ထဲရှိ မှတ်တမ်းများသိမ်းဆည်းထားသောနေရာ၌ ရှာဖွေစစ်ဆေးစေရာ
6:2 မေဒိနယ်ရှိ အာခမေသနန်းတော်တွင် စာလိပ်တစ်ခုကို တွေ့ရ၏။ ထိုစာလိပ်ထဲ၌
6:3 “ကုရုမင်းကြီးနန်းစံပထမနှစ်တွင် ဂျေရုဆလင်မြို့ရှိ ဘုရားသခင်၏အိမ်တော်နှင့်ပတ်သက်၍ ကုရုမင်းကြီးက ‘ယဇ်ကောင်များကို ပူဇော်ရာ အိမ်တော်ကို ပြန်လည်တည်ဆောက်စေ။ အုတ်မြစ်ကို ခိုင်ခံ့စွာချစေ။ အိမ်တော်သည် အမြင့်အတောင်ခြောက်ဆယ် ၊ အကျယ်အတောင်ခြောက်ဆယ် ရှိရမည်။
6:4 ကျောက်တုံးကြီးသုံးဆင့်၊ သစ်သားတစ်ဆင့်ဖြင့် တည်ဆောက်ရမည်။ ကုန်ကျစရိတ်ကို ဘုရင့်ဘဏ္ဍာတိုက်မှ ထုတ်ပေးစေ။
6:5 ဂျေရုဆလင်မြို့ရှိ ဗိမာန်တော်မှ ဘေဘီလုံမြို့သို့ နေဗုခဒ်နေဇာမင်းကြီး သိမ်းယူသွားသည့် ရွှေဖလား၊ ငွေဖလားစသော ဘုရားသခင်၏အိမ်တော်အသုံးအဆောင်များကိုလည်း ဂျေရုဆလင်မြို့ရှိ ဗိမာန်တော်သို့ ပြန်လည်ယူဆောင်လာ၍ ဘုရားသခင်၏အိမ်တော်၊ မိမိနေရာတွင် ပြန်ထားစေ’ဟူ၍ အမိန့်ထုတ်ပြန်၏။
6:6 ထို့ကြောင့် ယူဖရေးတီးမြစ်အနောက်ဘက်ကမ်း၏ဘုရင်ခံ တာတနဲ၊ ရှေသာဗောဇနဲမှစ၍ မြစ်အနောက်ဘက်ကမ်းရှိ သူတို့၏အပေါင်းပါ အဖာသပြည်သားတို့၊ ထိုအမှုနှင့် ကင်းကင်းရှင်းရှင်းနေကြလော့။
6:7 ဤဘုရားသခင်၏အိမ်တော် တည်ဆောက်ခြင်းအမှုကို မနှောင့်ယှက်ကြနှင့်။ ဂျူးဘုရင်ခံနှင့် ဂျူးသက်ကြီးဝါကြီးတို့သည် ဘုရားသခင်၏အိမ်တော်ကို မူလနေရာ၌ ပြန်လည်တည်ဆောက်ကြစေ။
6:8 ဘုရားသခင်၏အိမ်တော် ပြန်လည်တည်ဆောက်ခြင်းအမှု၌ ဂျူးသက်ကြီးဝါကြီးတို့အား သင်တို့လုပ်ဆောင်ပေးရမည့်အရာနှင့်ပတ်သက်၍ ငါထုတ်ပြန်လိုက်သည်မှာ တည်ဆောက်ခြင်းအမှု ရပ်ဆိုင်းမသွားစေရန် ကုန်ကျစရိတ်ကို ယူဖရေးတီးမြစ်အနောက်ဘက်ကမ်းမှရသော ဘုရင့်အခွန်ဘဏ္ဍာထဲမှ သူတို့အား အလျင်မီထုတ်ပေးရမည်။
6:9 ကောင်းကင်ဘုံရှင်ဘုရားသခင်ထံ မီးရှို့ရာယဇ်အဖြစ်ပူဇော်ရန် နွားသငယ်၊ သိုးထီး၊ သိုးသငယ် တို့ဖြစ်စေ၊ ဂျုံ၊ ဆား၊ စပျစ်ဝိုင်၊ ဆီ တို့ဖြစ်စေ လိုအပ်သမျှကို ဂျေရုဆလင်မြို့ရှိ ယဇ်ပုရောဟိတ်တို့ တောင်းဆိုသည့်အတိုင်း နေ့စဉ်မပျက်မကွက် ပေးရမည်။
6:10 သို့မှ သူတို့သည် ကောင်းကင်ဘုံရှင်ဘုရားသခင်ထံ အမွှေးနံ့သာကို ပူဇော်၍ ရှင်ဘုရင်နှင့် သူ၏သားသမီးများကောင်းစားဖို့ ဆုတောင်းပေးနိုင်မည်ဖြစ်၏။
6:11 တစ်စုံတစ်ယောက်သည် ဤအမိန့်ကိုဆန့်ကျင်လျှင် သူ့အိမ်မှတိုင်ကို ဆွဲနုတ်ပြီး ထိုတိုင်ပေါ်တွင် သူ့ကိုဆွဲထားစေ။ သူ့အိမ်သည်လည်း မစင်ပုံဖြစ်စေ။
6:12 ဤအမိန့်ကိုဆန့်ကျင်လျက် ဂျေရုဆလင်မြို့၌ရှိသော ဘုရားသခင်၏အိမ်တော်ကိုဖျက်ဆီးသောသူ မည်သူမဆို ရှင်ဘုရင်ဖြစ်စေ၊ ပြည်သားဖြစ်စေ ထိုအရပ်၌နာမတော်ကိုတည်စေသောဘုရားသခင်သည် သူတို့ကိုဖျက်ဆီးပါစေသော။ ငါဒါရိမင်းကြီးအမိန့်ထုတ်ပြန်၏။ အမိန့်တော်အတိုင်း ချက်ချင်းလုပ်ဆောင်စေ”ဟု ရေးသားထား၏။
6:13 ထိုအခါ ယူဖရေးတီးမြစ်အနောက်ဘက်ကမ်း၏ဘုရင်ခံ တာတနဲ၊ ရှေသာဗောဇနဲနှင့် အပေါင်းပါတို့သည်လည်း ဒါရိမင်းကြီး၏အမိန့်တော်အတိုင်း ချက်ချင်းလုပ်ဆောင်လေ၏။
6:14 ပရောဖက်ဟဂ္ဂဲနှင့် ဣဒေါ၏သားဇာခရိတို့၏ ပရောဖက်ပြုအားပေးမှုကြောင့် ဂျူးသက်ကြီးဝါကြီးတို့သည် အိမ်တော်ကို အောင်မြင်စွာပြန်လည်တည်ဆောက်နိုင်ခဲ့၏။ အစ္စရေးလူမျိုးတို့၏ဘုရားသခင့်အမိန့်တော်နှင့် ကုရုမင်းကြီး၊ ဒါရိမင်းကြီး၊ ပါးရှားဘုရင်အာတဇေရဇ်မင်းကြီးတို့၏အမိန့်တော်အတိုင်း အိမ်တော်ကို ပြန်လည်တည်ဆောက်ပြီးစီးလေ၏။
6:15 ဤသို့ဖြင့် ဒါရိမင်းကြီးနန်းစံ ဆဋ္ဌမနှစ်၊ အာဒါလ၊ သုံးရက်နေ့တွင် အိမ်တော်ကို တည်ဆောက်ပြီးစီးခဲ့၏။
6:16 အစ္စရေးအမျိုးသားများ၊ ယဇ်ပုရောဟိတ်များ၊ လေဝိသားများနှင့် ပြန်လာသောသုံ့ပန်းသားမြေးတို့သည် ဘုရားသခင်၏အိမ်တော်ဆက်ကပ်ပွဲကို ဝမ်းမြောက်စွာကျင်းပကြ၏။
6:17 ဘုရားသခင်၏အိမ်တော်ဆက်ကပ်ပွဲတွင် နွားအကောင်တစ်ရာ၊ သိုးထီးအကောင်နှစ်ရာ၊ သိုးသငယ်အကောင်လေးရာနှင့် အစ္စရေးလူမျိုးအပေါင်းတို့အပြစ်ဖြေရာယဇ်အဖို့ အစ္စရေးအမျိုးအနွယ်အရေအတွက်နှင့်အညီ ဆိတ်ထီးတစ်ဆယ့်နှစ်ကောင်တို့ကို ပူဇော်ကြ၏။
6:18 ထို့နောက် မောရှေ၏ပညတ်တရားကျမ်း၌ရေးထားသည့်အတိုင်း ဂျေရုဆလင်မြို့တွင် ဘုရားသခင်၏အမှုတော်ကိုထမ်းဆောင်ရန် ယဇ်ပုရောဟိတ်အုပ်စု၊ လေဝိအုပ်စုတို့ကို ခန့်ထားလေ၏။
6:19 သုံ့ပန်းသားမြေးတို့သည်လည်း ပထမလ၊ တစ်ဆယ့်လေးရက်နေ့တွင် ပသခါပွဲတော်ကို ကျင်းပကြ၏။
6:20 ယဇ်ပုရောဟိတ်အပါအဝင် လေဝိအမျိုးတို့သည် တစ်စိတ်တစ်သဘောတည်း ကိုယ်ကိုစင်ကြယ်စေကြပြီးဖြစ်၍ အားလုံးမှာ သန့်ရှင်းခြင်းသို့ရောက်ကြ၏။ ထို့ကြောင့် သူတို့အပါအဝင် သူတို့၏ညီအစ်ကိုယဇ်ပုရောဟိတ်တို့နှင့် သုံ့ပန်းသားသမီးတို့အဖို့ ပသခါသိုးသငယ်ကို သတ်ကြ၏။
6:21 ဖမ်းခေါ်သွားခြင်းခံရရာမှ ပြန်ရောက်လာသောအစ္စရေးအမျိုးသားတို့နှင့်အတူ အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားကို ကိုးကွယ်ရန် မိမိကိုယ်ကို တစ်ပါးအမျိုးသားတို့၏ညစ်ညူးခြင်းမှ ကင်းစင်စေသောသူအပေါင်းတို့သည် ထိုအသားကို စားကြ၏။
6:22 ထာဝရဘုရားသည် သူတို့အား ဝမ်းမြောက်ရသောအခွင့်ကို ပေးတော်မူ၍ အစ္စရေးလူမျိုးတို့၏ဘုရားသခင့်အိမ်တော် တည်ဆောက်ရာတွင်လည်း သူတို့အား အဆီးရီးယားဘုရင်ထောက်ပံ့ပေးလိုသောစိတ်ရှိစေရန် ပြုတော်မူသောကြောင့် သူတို့သည် တဆေးမဲ့မုန့်ပွဲတော်ကို ခုနစ်ရက်တိုင်တိုင် ဝမ်းမြောက်စွာကျင်းပကြ၏။