Ezra 8
8:1 အာတဇေရဇ်မင်းကြီးလက်ထက်တွင် ဘေဘီလုံမြို့မှ ငါနှင့်အတူပြန်လိုက်လာသောသူတို့၏ဘိုးဘေးအကြီးအမှူးများနှင့် သူတို့၏ဆွေစဉ်မျိုးဆက်စာရင်းမှာ
8:2 ဖိနဟတ်သားမြေးမှ ဂေရရှုံ၊ ဣသမာသားမြေးမှ ဒံယေလ၊ ဒါဝိဒ်သားမြေးမှ ဟတ္တုတ်၊
8:3 ရှေခနိအမျိုး ပါရုတ်သားမြေးမှ ဆင်းသက်လာသောဇာခရိနှင့်အတူ စာရင်းဝင်ယောက်ျားပေါင်း အယောက်တစ်ရာ့ငါးဆယ်၊
8:4 ပါဟတ်မောဘသားမြေးမှ ဇေရဟိ၏သားဧလဲဩနဲနှင့်အတူ ယောက်ျားအယောက်နှစ်ရာ၊
8:5 ရှေခနိသားမြေးမှ ယဟာဇေလ၏သားနှင့်အတူ ယောက်ျားအယောက်သုံးရာ၊
8:6 အာဒိန်သားမြေးမှ ယောနသန်၏သားဧဗက်နှင့်အတူ ယောက်ျားအယောက်ငါးဆယ်၊
8:7 ဧလံသားမြေးမှ အာသလိ၏သားယေရှာယနှင့်အတူ ယောက်ျားအယောက်ခုနစ်ဆယ်၊
8:8 ရှေဖတိသားမြေးမှ မိက္ခေလ၏သားဇေဗဒိနှင့်အတူ ယောက်ျားအယောက်ရှစ်ဆယ်၊
8:9 ယွာဘသားမြေးမှ ယေဟေလ၏သားဩဗဒိနှင့်အတူ ယောက်ျားနှစ်ရာတစ်ဆယ့်ရှစ်ယောက်၊
8:10 ရှေလောမိတ်သားမြေးမှ ယောသိဖိ၏သားနှင့်အတူ ယောက်ျားအယောက်တစ်ရာ့ခြောက်ဆယ်၊
8:11 ဗေဗဲသားမြေးမှ ဗေဗဲ၏သားဇာခရိနှင့်အတူ ယောက်ျားနှစ်ဆယ့်ရှစ်ယောက်၊
8:12 အာဇဂဒ်သားမြေးမှ ဟက္ကတန်၏သားယောဟနန်နှင့်အတူ ယောက်ျားအယောက်တစ်ရာ့တစ်ဆယ်တို့ဖြစ်ကြ၏။
8:13 နောက်ဆုံးမှရောက်လာသောသူများတွင် အဒေါနိကံသားမြေးများဖြစ်သော ဧလိဖလက်၊ ယွေလ၊ ရှေမာယတို့နှင့်အတူ ယောက်ျားအယောက်ခြောက်ဆယ်၊
8:14 ဗိဂဝဲသားမြေးမှ ဥသဲ၊ ဇက္ကုရတို့နှင့်အတူ ယောက်ျားပေါင်းအယောက်ခုနစ်ဆယ်တို့ပါ၏။
8:15 အဟာဝမြို့သို့စီးဆင်းသောမြစ်ကမ်းနံဘေး၌ သူတို့ကိုစုဝေးစေပြီး သုံးရက်ခန့် စခန်းချကြ၏။ ထိုနေရာတွင် အစ္စရေးလူအုပ်ကြား၊ ယဇ်ပုရောဟိတ်တို့ကြားတွင် ငါစစ်ဆေးကြည့်ရာ လေဝိသားတစ်ယောက်ကိုမျှ မတွေ့။
8:16 ထို့ကြောင့် အကြီးအမှူးများဖြစ်သော ဧလျေဇာ၊ အရေလ၊ ရှေမာယ၊ ဧလနာသန်၊ ယာရိပ်၊ ဧလနာသန်၊ နာသန်၊ ဇာခရိ၊ မေရှုလံနှင့် ပညာရှင် ယောယရိပ်နှင့် ဧလနာသန်တို့ကို ခေါ်ပြီးလျှင်
8:17 ကသိဖိအရပ်ရှိ အကြီးအမှူးဣဒေါထံသို့ စေလွှတ်၍ ငါတို့ဘုရားသခင်၏အိမ်တော်တွင် အမှုတော်ထမ်းဆောင်မည့်သူများကို ပို့ဆောင်ပေးပါဟု ကသိဖိအရပ်ရှိဣဒေါနှင့် သူ့ညီအစ်ကိုဗိမာန်တော်အစေအပါးတို့အား အမှာစကား ပါးလိုက်၏။
8:18 ဘုရားသခင်သည် ငါတို့နှင့်အတူရှိ၍ ကျေးဇူးပြုတော်မူသောကြောင့် အစ္စရေးလူမျိုး လေဝိအနွယ်ဝင် မဟာလိသားမြေးမှ ကျမ်းတတ်ဆရာ ရှေရဘိနှင့်အတူ သူ၏သားများနှင့် သူ၏ဆွေမျိုးသားချင်း စုစုပေါင်းတစ်ဆယ့်ရှစ်ယောက်၊
8:19 ဟာရှဘိနှင့်အတူ မေရာရိသားမြေးမှ ယေရှာယ၏ညီအစ်ကိုများနှင့် သူတို့၏သားများ စုစုပေါင်း အယောက်နှစ်ဆယ်၊
8:20 ဗိမာန်တော်အစေအပါးတို့တွင် လေဝိအမျိုးတို့အမှုတော်ထမ်းရာ၌ ကူညီပေးရန် ဒါဝိဒ်မင်းကြီးနှင့်အကြီးအကဲတို့ ခန့်ထားခဲ့သောဗိမာန်တော်အစေအပါး အယောက်နှစ်ရာ့နှစ်ဆယ်တို့ကို တစ်ယောက်မကျန်အမည်စာရင်းနှင့်တကွ ပို့ဆောင်ပေး၏။
8:21 လမ်းခရီးတွင် ငါတို့နှင့်ကလေးသူငယ်များအပါအဝင် ပစ္စည်းဥစ္စာများ လုံခြုံမှုရှိစေရန် ဘုရားသခင်ရှေ့တော်၌ ကိုယ်ကိုနှိမ့်ချ၍ အစာရှောင်ဆုတောင်းကြမည့်အကြောင်း အဟာဝမြစ်နားတွင် ငါကြေညာ၏။
8:22 အကြောင်းမှာ “ငါတို့ဘုရားသခင်၏လက်တော်သည် ကိုယ်တော်ကိုရှာသောသူတို့ ကောင်းစားဖို့ဖြစ်၏။ ကိုယ်တော်ကိုစွန့်သောသူတို့၌ကား ကိုယ်တော်၏ကြီးမားသောအမျက်တော် တည်လျက်ရှိ၏”ဟု ရှင်ဘုရင်ကို ငါတို့ ပြောထားနှင့်ပြီဖြစ်၍ လမ်းခရီးတွင် ရန်သူလက်မှကာကွယ်ပေးရန် ရှင်ဘုရင်ထံ စစ်သည်နှင့် မြင်းစီးသူရဲများ တောင်းဆိုရမည်ကို ငါရှက်လှ၏။
8:23 ထို့ကြောင့် လမ်းခရီးအတွက် ငါတို့သည် ဘုရားသခင်ထံ အစာရှောင်ဆုတောင်းကြ၏။ ကိုယ်တော်သည် ငါတို့ဆုတောင်းသံကို နားညောင်းတော်မူ၏။
8:24 ထို့နောက် ငါသည် ယဇ်ပုရောဟိတ်အကြီးအကဲ တစ်ဆယ့်နှစ်ယောက်ကို ခန့်ထား၏။ ထိုသူတို့မှာ ရှေရဘိ၊ ဟာရှဘိနှင့် သူတို့၏ညီအစ်ကို ဆယ်ယောက် ဖြစ်၏။
8:25 ငါတို့ဘုရားသခင်၏အိမ်တော်အဖို့ ရှင်ဘုရင်နှင့် သူ၏အတိုင်ပင်ခံအမတ်များ၊ အကြီးအကဲများ၊ ထိုအရပ်ရှိအစ္စရေးလူမျိုးများက ပေးလှူလိုက်သောရွှေငွေနှင့် အသုံးအဆောင်ပစ္စည်းတို့ကို ချိန်တွယ်ပြီး သူတို့ကို ပေးလိုက်၏။
8:26 သူတို့လက်ထဲသို့ ငွေတာလန်ခြောက်ရာငါးဆယ် ၊ ငွေအသုံးအဆောင်တာလန်တစ်ရာ ၊ ရွှေတာလန်တစ်ရာ၊
8:27 ရွှေဒင်္ဂါးတစ်ထောင်အဖိုးထိုက် သော ရွှေဖလားအခုနှစ်ဆယ်၊ ရွှေနှင့်အမျှအဖိုးတန်သော သန့်စင်ပြီးကြေးနီအသုံးအဆောင်နှစ်ခုတို့ကို ပေးလိုက်၏။
8:28 ထို့နောက် သူတို့အား “သင်တို့သည် ထာဝရဘုရားအဖို့ သန့်ရှင်း၏။ အသုံးအဆောင်များလည်း သန့်ရှင်း၏။ ရွှေငွေတို့သည်လည်း သင်တို့ဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရားအား စေတနာအလျောက်ပေးလှူသောပူဇော်သက္ကာ ဖြစ်၏။
8:29 ဂျေရုဆလင်မြို့ရှိထာဝရဘုရား၏အိမ်တော်ခန်းတွင် ယဇ်ပုရောဟိတ်အပါအဝင် လေဝိသားတို့၏ခေါင်းဆောင်များ၊ အစ္စရေးလူမျိုး ဘိုးဘေးတို့၏အကြီးအကဲများရှေ့တွင် ထိုပစ္စည်းတို့ကို ချိန်တွယ် မပြီးမချင်း ဂရုတစိုက်စောင့်ရှောက်ရမည်”ဟု မှာလိုက်၏။
8:30 ဤသို့ဖြင့် ယဇ်ပုရောဟိတ်အပါအဝင် လေဝိအမျိုးတို့သည် ဂျေရုဆလင်မြို့ရှိဘုရားသခင်၏အိမ်တော်သို့ ယူဆောင်သွားရန် ချိန်တွယ်ထားသော ရွှေငွေများ၊ အသုံးအဆောင်များကို လက်ခံယူထားကြ၏။
8:31 ပထမလ၊ တစ်ဆယ့်နှစ်ရက်နေ့တွင် ငါတို့သည် အဟာဝမြစ်မှထွက်ခွာ၍ ဂျေရုဆလင်မြို့သို့ သွားကြ၏။ ဘုရားသခင်သည် ငါတို့နှင့်အတူပါရှိ၍ လမ်းတစ်လျှောက်လုံးတွင် ရန်သူများ၊ ချောင်းမြောင်းနေသူများ၏ရန်မှ ကွယ်ကာပေး၏။
8:32 ဤသို့ဖြင့် ဂျေရုဆလင်မြို့သို့ရောက်လာ၍ သုံးရက်နေပြီးမှ
8:33 စတုတ္ထနေ့တွင် ဘုရားသခင်၏အိမ်တော်၌ ရွှေငွေနှင့် အသုံးအဆောင်များကို ချိန်တွယ်ပြီး ယဇ်ပုရောဟိတ်ဥရိယ၏သား မေရမုတ်လက်သို့ ပေးအပ်လိုက်၏။ ထိုနေရာတွင် ဖိနဟတ်၏သားဧလာဇာ၊ လေဝိအမျိုးယေရွှာ၏သား ယောဇဗဒ်နှင့် ဗိနွိ၏သား နောဒိတို့လည်း ရှိကြ၏။
8:34 ထိုပစ္စည်းအားလုံးကို ရေတွက်ချိန်တွယ်ပြီးသည်နှင့်တစ်ပြိုင်နက် အလေးချိန်စာရင်းကိုပါ ရေးမှတ်ထား၏။
8:35 ဖမ်းခေါ်သွားခြင်းခံရသောသုံ့ပန်းတို့သည် ပြန်လာ၍ အစ္စရေးလူမျိုးတို့၏ဘုရားသခင်ထံ မီးရှို့ရာယဇ်ကို ပူဇော်ကြ၏။ အစ္စရေးတစ်မျိုးသားလုံးအတွက် နွားထီး တစ်ဆယ့်နှစ်ကောင်၊ သိုးထီး ကိုးဆယ့်ခြောက်ကောင်၊ သိုးသငယ် ခုနစ်ဆယ့်ခုနစ်ကောင်၊ အပြစ်ဖြေရာယဇ်အတွက် ဆိတ်ထီး တစ်ဆယ့်နှစ်ကောင်တို့ကို ထာဝရဘုရားထံ မီးရှို့ရာယဇ်အဖြစ်ပူဇော်ကြ၏။
8:36 ရှင်ဘုရင်၏အမိန့်စာကိုလည်း ယူဖရေးတီးမြစ် အနောက်ဘက်ကမ်းရှိ ဘုရင်ခံနှင့် အုပ်ချုပ်ရေးအရာရှိများထံ ပေးလိုက်ရာ သူတို့ကလည်း ဘုရားသခင်၏အိမ်တော်နှင့် လူမျိုးတော်ကို ကူညီပံ့ပိုးပေးကြ၏။