Esther 2
2:1 ထို့နောက်တွင် အာရွှေရုမင်းကြီးသည် အမျက်ပြေ၍ ဝါရှတိကိုသတိရလေ၏။ ဝါရှတိပြုမူခဲ့ပုံနှင့် သူ့အပေါ် အပြစ်ဒဏ်ချခဲ့ပုံတို့ကိုလည်း သတိရလေ၏။
2:2 ထိုအခါ မင်းခစားအမှုထမ်းတို့က “အရှင်မင်းကြီးအဖို့ ရုပ်ရည်လှပသောအပျိုကညာများကို ရှာပါရစေ။
2:3 ရုပ်ဆင်းသွင်ပြင်ချောမောသော အပျိုကညာအားလုံးကို ရှုရှန်နန်းတော်ရှိ အပျိုတော်နန်းဆောင်သို့ ပို့စေရန် အရှင်မင်းကြီး၏တိုင်းနိုင်ငံရှိ နယ်မြေဒေသအသီးသီးတွင် ကြီးကြပ်သူများကိုခန့်ထားတော်မူပါ။ ဘုရင့်နန်းတွင်းမိန်းမစိုး အပျိုတော်အုပ်ဟေဂဲလက်သို့အပ်၍ အလှပြင်စေပါ။
2:4 ထို့နောက် အရှင်မင်းကြီး အနှစ်သက်ဆုံး အပျိုကညာတစ်ဦးကို ဝါရှတိအစား မိဖုရားမြှောက်ပါ”ဟု လျှောက်ကြ၏။ ရှင်ဘုရင်သည် ထိုစကားကိုနှစ်သက်သဖြင့် ထိုအတိုင်းပြုလေ၏။
2:5 ရှုရှန်နန်းတော်တွင် မော်ဒကဲဟုခေါ်သော ဂျူးလူမျိုးတစ်ဦးရှိ၏။ သူသည် ဗင်္ယာမိန်အမျိုး ကိရှ၏မြစ်၊ ရှိမိ၏မြေး၊ ယာဣရ၏သားဖြစ်၏။
2:6 ကိရှသည် ဘေဘီလုံဘုရင်နေဗုခဒ်နေဇာမင်းကြီးက ယုဒဘုရင်ယေခေါနိမင်းကြီးကို ဂျေရုဆလင်မြို့မှ ဖမ်းခေါ်သွားစဉ်တွင် သုံ့ပန်းအဖြစ် ပါသွားခဲ့သူဖြစ်၏။
2:7 မော်ဒကဲသည် မိမိဘထွေး၏သမီး ဟဒဿ ခေါ် ဧသတာကို ထိန်းကျောင်းပေးခဲ့ရ၏။ အကြောင်းမှာ ထိုမိန်းကလေးသည် မိဘမရှိ၊ ရုပ်ရည်မှာ ချစ်စရာကောင်း၍ လှပသောအဆင်းရှိ၏။ သူ၏မိဘများ သေဆုံးသွားသဖြင့် မော်ဒကဲသည် သူ့ကိုသမီးသဖွယ် စောင့်ရှောက်ပေးခဲ့ခြင်းဖြစ်၏။
2:8 ရှင်ဘုရင်ထုတ်ပြန်သည့်အမိန့်ကို ကြေညာသဖြင့် မိန်းမပျိုအမြောက်အမြားတို့ကို ရှုရှန်နန်းတော်ရှိ ဟေဂဲ၏လက်ထဲသို့လာအပ်ကြရာ ဧသတာကိုလည်း ဘုရင့်နန်းတော်သို့ ခေါ်ဆောင်လာ၍ အပျိုတော်အုပ်ဟေဂဲ၏လက်သို့အပ်လေ၏။
2:9 ဟေဂဲသည် ဧသတာကို သဘောကျနှစ်သက်သဖြင့် မျက်နှာသာပေး၏။ သူ့ကိုအလှပြင်ပေးရန်နှင့် အစားအစာကျွေးမွေးရန် ချက်ချင်းပြင်ဆင်၏။ ရှင်ဘုရင်၏နန်းတော်မှ လက်ရွေးစင် အပျိုတော်ခုနစ်ဦးကို ပေးထား၏။ ထိုအပျိုတော်များနှင့်တကွ သူ့ကို အမျိုးသမီးနန်းဆောင်တွင် အကောင်းဆုံးနေရာ၌ ထား၏။
2:10 ကိုယ့်လူမျိုး၊ ကိုယ့်ဇာတိအကြောင်း ထုတ်ဖော်မပြရန် မော်ဒကဲသည် ဧသတာအား မှာထားသဖြင့် ဧသတာလည်း ထုတ်ဖော်မပြဘဲနေ၏။
2:11 ထို့ပြင် မော်ဒကဲသည် ဧသတာ၏အခြေအနေအကျိုးအကြောင်းကိုသိရှိရန် အပျိုတော်နန်းဆောင်ဝင်းရှေ့သို့ နေ့တိုင်း သွားလေ့ရှိ၏။
2:12 အပျိုတော်တို့အတွက် အလှပြင်သောအချိန်မှာ မုရန်ဆီဖြင့်ခြောက်လ၊ အမွှေးနံ့သာနှင့် အလှပြင်ပစ္စည်းတို့ဖြင့် ခြောက်လဖြစ်၏။ သတ်မှတ်ထားသောအလှပြင်ချိန် တစ်ဆယ့်နှစ်လပြည့်ပြီးမှသာ အပျိုတော်တို့သည် အာရွှေရုမင်းကြီးထံသို့ အလှည့်ကျဝင်ကြရ၏။
2:13 ရှင်ဘုရင်ထံသို့ဝင်ရသောအခါ အပျိုတော်သည် အလိုရှိသမျှကိုတောင်းယူ၍ အပျိုတော်နန်းဆောင်မှ ဘုရင့်နန်းဆောင်သို့ ယူသွားခွင့်ရှိ၏။
2:14 နေဝင်ချိန်တွင် ရှင်ဘုရင်ထံဝင်၍ နံနက်ရောက်လျှင် ပြန်ထွက်လာပြီး ရံရွှေတော်ထိန်း ဘုရင့်နန်းတွင်းမိန်းမစိုးရှာရှဂါဇအုပ်ထိန်းသော နောက်မောင်းမဆောင်တစ်ခုတွင် နေရ၏။ ရှင်ဘုရင်နှစ်သက်၍ နာမည်နှင့်မခေါ်မချင်း ရှင်ဘုရင်ထံ ထပ်၍မဝင်ရ။
2:15 မော်ဒကဲက မိမိသမီးသဖွယ်စောင့်ရှောက်ထားသော မော်ဒကဲ၏ဘထွေးအဘိဟဲလ၏သမီးဧသတာသည် ရှင်ဘုရင်ထံဝင်ရမည့်အလှည့်ရောက်လာ၏။ သူသည် မည်သည့်အရာကိုမျှ မတောင်းဆိုဘဲ နန်းတွင်းမိန်းမစိုး အပျိုတော်အုပ်ဟေဂဲ အကြံပေးသည့်အတိုင်းသာ သွား၏။ ဧသတာကို တွေ့မြင်သမျှသောသူတို့သည် သူ့ကို သဘောကျနှစ်သက်ကြ၏။
2:16 ဤသို့ဖြင့် အာရွှေရုမင်းကြီးနန်းစံ သတ္တမနှစ်၊ တေဗက်လဟုခေါ်သော ဒသမလတွင် ဧသတာကို ဘုရင့်နန်းဆောင်သို့ ခေါ်သွင်းလေ၏။
2:17 ရှင်ဘုရင်သည် အခြားအပျိုတော်တို့ထက် ဧသတာကို ချစ်၏။ ထို့ကြောင့် ဧသတာသည် အခြားအပျိုတော်တို့ထက် မျက်နှာသာရ၍ မေတ္တာကရုဏာကို ခံရ၏။ ထို့ပြင် ရှင်ဘုရင်သည် သူ့ခေါင်းပေါ်၌ တော်ဝင်သရဖူကိုဆောင်းပေး၍ ဝါရှတိအစား သူ့ကို မိဖုရားမြှောက်လေ၏။
2:18 ထို့နောက် ရှင်ဘုရင်သည် မှူးမတ်နှင့်မင်းမှုထမ်း အပေါင်းတို့ပါသော စားသောက်ပွဲကြီးကို ကျင်းပ၏။ ဤပွဲသည် ဧသတာအတွက်ကျင်းပသောပွဲဖြစ်၏။ မိမိပိုင်နက်တစ်ဝန်းလုံးတွင် ထိုနေ့ကို အားလပ်ရက်အဖြစ်သတ်မှတ်၍ တော်ဝင်လက်ဆောင်များကိုလည်း ရက်ရက်ရောရောပေးကမ်းလေ၏။
2:19 အပျိုကညာများကို ဒုတိယအသုတ်ခေါ်ဆောင်လာချိန်တွင် မော်ဒကဲသည် ဘုရင့်နန်းတော်တံခါးတွင် ထိုင်လျက်နေ၏။
2:20 ဧသတာသည် မော်ဒကဲမှာထားသည့်အတိုင်း မိမိလူမျိုး၊ မိမိဇာတိကို ထုတ်ဖော်မပြဘဲနေ၏။ မိမိကို မော်ဒကဲကျွေးမွေးစောင့်ရှောက်ခဲ့စဉ်အချိန်ကကဲ့သို့ပင် ယခုလည်း မော်ဒကဲ၏စကားကို နားထောင်လျက်ရှိ၏။
2:21 မော်ဒကဲသည် ဘုရင့်နန်းတော်တံခါးတွင် ထိုင်လျက်နေသောကာလတွင် ဘုရင့်အမှုထမ်းနှစ်ဦးဖြစ်သော တံခါးစောင့်ဗိဂသန်နှင့်တေရက်တို့သည် အာရွှေရုမင်းကြီးကို အမျက်ထွက်၍ လုပ်ကြံရန် အခွင့်ကောင်းရှာနေကြ၏။
2:22 ထိုအကြောင်းကို မော်ဒကဲသိ၍ မိဖုရားဧသတာအား ပြောပြ၏။ ဧသတာသည်လည်း မော်ဒကဲကိုယ်စား ရှင်ဘုရင်ထံ လျှောက်တင်လေ၏။
2:23 ထိုအကြောင်းကိုစုံစမ်းတွေ့ရှိသောအခါ ထိုသူနှစ်ဦးကို သစ်တိုင်၌ချိတ်ဆွဲထား၏။ ထိုအကြောင်းကို ရှင်ဘုရင်ရှေ့မှောက်၌ ရာဇဝင်ချုပ်မှတ်တမ်းစာလိပ်ထဲတွင် မှတ်တမ်းတင်ထားလေ၏။