Job 13
13:1 စင်စစ် ဤအရာအားလုံးကို ငါ့မျက်စိဖြင့်မြင်ရပြီ၊ ငါ့နားဖြင့်ကြားရ၍ နားလည်ပြီ။
13:2 သင်တို့သိသကဲ့သို့ ငါလည်း သိပါ၏။ သင်တို့ထက် ငါညံ့ဖျင်းသည်မဟုတ်။
13:3 ငါမူကား အနန္တတန်ခိုးရှင်ကိုသာ လျှောက်တင်လိုပါ၏။ ဘုရားသခင်ထံသို့သာ လျှောက်လဲလိုပါ၏။
13:4 သင်တို့သည် မုသားကို ဖုံးကွယ်ထားသောသူများ၊ သင်တို့အားလုံးသည် အသုံးမဝင်သောသမားတော်များ ဖြစ်ကြ၏။
13:5 သင်တို့နှုတ်ဆိတ်နေကြလော့။ နှုတ်ဆိတ်နေခြင်းကသာ သင်တို့ကို ပညာရှိရာရောက်စေလိမ့်မည်။
13:6 ယခု ငါပြန်ပြောသောစကားကို နားထောင်ကြလော့။ ငါ့နှုတ်ဖြင့် လျှောက်လဲသောစကားများကို အာရုံစိုက်ကြလော့။
13:7 သင်တို့သည် ဘုရားသခင်ဘက်မှနေ၍ ကောက်ကျစ်သောစကား၊ လိမ်လည်လှည့်စားသောစကားတို့ကို ပြောဆိုကြမည်လော။
13:8 သင်တို့သည် ကိုယ်တော့်ဘက်မှာနေကြမည်လော။ ဘုရားသခင်အတွက် လျှောက်လဲပေးကြမည်လော။
13:9 သင်တို့ကိုစစ်ကြောတော်မူလျှင် သင်တို့အတွက် အကျိုးရှိပါမည်လော။ လူကိုလှည့်စားသကဲ့သို့ ကိုယ်တော်ကို သင်တို့လှည့်စား၍ရနိုင်မည်လော။
13:10 ကွယ်ရာ၌ သင်တို့မျက်နှာလိုက်တတ်ကြလျှင် သင်တို့ကို ကိုယ်တော် ဧကန်ဆုံးမတော်မူလိမ့်မည်။
13:11 ကိုယ်တော်၏တန်ခိုးတော်သည် သင်တို့ကို ကြောက်ရွံ့စေမည်မဟုတ်လော။ ကိုယ်တော့်ထံမှ ကြောက်မက်ဖွယ်ဘေးသည် သင်တို့အပေါ် ကျရောက်မည် မဟုတ်လော။
13:12 သင်တို့၏မှတ်သားစရာစကားများသည် ပြာပုံစကားပုံမျှသာဖြစ်၏။ သင်တို့ချေပသောစကားများသည်လည်း ကွဲလွယ်သောမြေထည်ကဲ့သို့သာဖြစ်၏။
13:13 ငါ့ရှေ့မှာ တိတ်တိတ်နေကြလော့။ ငါပြောပါရစေ။ ငါ၌ ဖြစ်ချင်ရာဖြစ်ပါစေ။
13:14 အဘယ်ကြောင့် ကိုယ့်အသားကို ကိုယ့်သွားနှင့် ကိုက်ထားရမည်နည်း။ အဘယ်ကြောင့် ကိုယ့်အသက်ကို ကိုယ့်လက်၌ ထည့်ထားရမည်နည်း။
13:15 ငါ့ကို ကွပ်မျက်တော်မူမည်ဆိုလျှင်ပင် ကိုယ်တော့်ကို ငါမျှော်လင့်နေဦးမည်။ ငါ့အမှုကို မျက်မှောက်တော်၌ လျှောက်လဲမည်။
13:16 ထိုသို့ပြုလျှင် ငါ့အတွက် ကယ်တင်ခြင်းအကြောင်းဖြစ်လိမ့်မည်။ အကြောင်းမူကား ဘုရားတရားမဲ့သောသူတို့သည် ဘုရားသခင်ရှေ့တော်သို့ ဝင်ခွင့်မရှိ။
13:17 ငါ့စကားကို သေချာနားထောင်ကြလော့။ ငါရှင်းပြသည်ကို အာရုံစိုက်ကြလော့။
13:18 ငါ့အမှုကို ငါပြင်ဆင်ထားပြီ။ ငါဖြောင့်မတ်ကြောင်းကို ငါသိ၏။
13:19 ငါ့ကို မည်သူစွဲချက်တင်မည်နည်း။ ထိုသို့ပြုလျှင် ငါသည် နှုတ်ဆိတ်နေ၍ သေပါတော့မည်။
13:20 အကျွန်ုပ်အား အချက်နှစ်ချက်သာလျှင် မပြုဘဲ နေတော်မူပါ။ သို့ပြုလျှင် ကိုယ်တော့်ထံမှ ပုန်းရှောင်မည်မဟုတ်ပါ။
13:21 လက်တော်ကို အကျွန်ုပ်အပေါ်မှ ရုပ်သိမ်းတော်မူပါ။ ကိုယ်တော့်ထံမှ ကြောက်မက်ဖွယ်ရာများဖြင့် အကျွန်ုပ်ကို ခြောက်လှန့်တော်မမူပါနှင့်။
13:22 ထိုအခါ အကျွန်ုပ်ကိုခေါ်လျှင် အကျွန်ုပ်ထူးပါမည်။ အကျွန်ုပ်လျှောက်လျှင်လည်း အကျွန်ုပ်ကို ပြန်၍ဖြေကြားတော်မူပါ။
13:23 အကျွန်ုပ်၏ဒုစရိုက်အပြစ်တို့သည် အဘယ်မျှလောက်များပါသနည်း။ အကျွန်ုပ်ကျူးလွန်သောအမှုနှင့် အကျွန်ုပ်၏အပြစ်တို့ကို အကျွန်ုပ်အား သိစေတော်မူပါ။
13:24 အဘယ်ကြောင့် အကျွန်ုပ်ထံမှ မျက်နှာလွှဲတော်မူ၍ အကျွန်ုပ်ကို ရန်သူကဲ့သို့ ထင်မှတ်တော်မူပါသနည်း။
13:25 လေနှင်ရာလွင့်ပါသွားသောသစ်ရွက်ကို ခြောက်လှန့်တော်မူမည်လော။ ကောက်ရိုးခြောက်ကို လိုက်တော်မူမည်လော။
13:26 အကျွန်ုပ်အဖို့ ပြင်းထန်သောစွဲချက်များကို ရေးမှတ်ထား၍ အကျွန်ုပ်ငယ်စဉ်က ပြုမိသောဒုစရိုက်များကို ပြန်၍ခံရစေတော်မူ၏။
13:27 အကျွန်ုပ်၏ခြေကို ထိတ်တုံးခတ်ထားတော်မူ၏။ အကျွန်ုပ်သွားသောလမ်းအားလုံးကို စောင့်ကြည့်၍ အကျွန်ုပ်ကို ခြေရာခံလိုက်တော်မူ၏။
13:28 ထို့ကြောင့် အကျွန်ုပ်သည် ဆွေးမြည့်တတ်သောအရာကဲ့သို့လည်းကောင်း၊ ပိုးကိုက်တတ်သောအဝတ်ကဲ့သို့လည်းကောင်း ယိုယွင်းပျက်စီးရပါပြီတကား။