Job 2
2:1 ဘုရားသားတို့သည် ထာဝရဘုရားရှေ့တော်၌ ဝင်ရောက်ခစားသောနေ့ရောက်လာပြန်လျှင် စာတန်သည်လည်း သူတို့နှင့်အတူ ထာဝရဘုရားရှေ့တော်သို့ ရောက်လာ၏။
2:2 ထာဝရဘုရားက စာတန်အား “သင် ဘယ်အရပ်က လာသနည်း”ဟု မေးတော်မူလျှင် စာတန်က ထာဝရဘုရားအား “မြေကြီးတစ်ခွင် လှည့်လည်သွားလာရာမှ လာပါသည်”ဟု ပြန်လျှောက်၏။
2:3 ထိုအခါ ထာဝရဘုရားက စာတန်အား “ငါ့အစေအပါးယောဘကို သင်သတိထားမိသလော။ မြေကြီးပေါ်တွင် သူနှင့်တူသောသူတစ်ယောက်မျှမရှိ။ သူသည် အပြစ်တင်စရာမရှိ၊ ဖြောင့်မှန်သောသူ၊ ဘုရားသခင်ကို ကြောက်ရွံ့ရိုသေသောသူ၊ မကောင်းမှုကို ရှောင်ကြဉ်သောသူဖြစ်၏။ အကြောင်းမရှိဘဲ သူ့ကိုဖျက်ဆီးရန် သင်သည် ငါ့ကိုတိုက်တွန်းသော်လည်း သူသည် ဖြောင့်မတ်တည်ကြည်ခြင်းကို စွဲကိုင်ထားလျက်ရှိ၏”ဟု မိန့်ဆို၏။
2:4 ထိုအခါ စာတန်က ထာဝရဘုရားအား “အရေပြားအဖို့ အရေပြားဆိုသကဲ့သို့ပင် လူသည် မိမိအသက်အဖို့ အရာအားလုံးကိုပင် ပေးဆပ်နိုင်မည်သာဖြစ်ပါ၏။
2:5 လက်တော်ကိုဆန့်၍ သူ၏အရိုးအသားတို့ကို ဖျက်ဆီးကြည့်ပါ။ သူသည် ကိုယ်တော်ကို မျက်ဝါးထင်ထင် ကျိန်ဆဲမည်မှာ မလွဲပါ”ဟု ပြန်လျှောက်၏။
2:6 ထာဝရဘုရားကလည်း စာတန်အား “ကြည့်လော့။ သူသည် သင့်လက်၌ ရှိ၏။ သူ့အသက်ကိုမူ ချမ်းသာပေးရမည်”ဟု မိန့်တော်မူ၏။
2:7 စာတန်သည် ထာဝရဘုရားထံမှ ထွက်သွား၍ ယောဘကို ဦးခေါင်းမှ ခြေဖဝါးအထိ ဆိုးရွားသောအနာစိမ်းများကို ပေါက်စေ၏။
2:8 ယောဘသည် အိုးခြမ်းပဲ့တစ်ခုကိုယူ၍ ပြာထဲတွင် ထိုင်လျက် မိမိကိုယ်ကိုကုတ်ခြစ်နေရလေ၏။
2:9 ထိုအခါ သူ၏ဇနီးက သူ့အား “ယခုချိန်ထိ ဖြောင့်မတ်တည်ကြည်ခြင်းကို စွဲကိုင်ထားဦးမည်လော။ ဘုရားသခင်ကို ကျိန်ဆဲပြီး သေလိုက်ပါလော့”ဟု ဆို၏။
2:10 ယောဘက သူ့ဇနီးအား “သင်သည် မိန်းမမိုက်တစ်ယောက် ပြောတတ်သကဲ့သို့ ပြောပါသည်တကား။ ဘုရားသခင်ထံမှ အကောင်းကိုလက်ခံ၍ အဆိုးကို လက်မခံဘဲနေရမည်လော”ဟု ပြန်ပြော၏။ ယောဘသည် ဤသို့ကြုံတွေ့ရသော်လည်း မိမိနှုတ်ဖြင့်မျှ မပြစ်မှားဘဲနေ၏။
2:11 ယောဘသည် ထိုအဖြစ်ဆိုးအလုံးစုံတို့ကို ကြုံတွေ့နေရကြောင်း ကြားသိကြလျှင် တေမန်အမျိုးသား ဧလိဖတ်၊ ရှုအာအမျိုးသား ဗိလဒဒ်၊ နေမတ်အမျိုးသား ဇောဖာ စသောသူ၏သူငယ်ချင်းသုံးဦးတို့သည် ယောဘကိုစာနာသဖြင့် နှစ်သိမ့်ပေးရန် မိမိတို့နေရပ်မှထွက်လာ၍ အတူတကွတွေ့ဆုံကာ ယောဘထံသို့ အတူသွားကြ၏။
2:12 သူတို့သည် အဝေးမှလှမ်းကြည့်၍ ယောဘကိုမမှတ်မိသောအခါ အော်ဟစ်ငိုကြွေးကြလေ၏။ မိမိတို့ဝတ်လုံကိုဆုတ်၍ မြေမှုန့်ကိုလည်း မိုးပေါ်ပစ်တင်ကာ ခေါင်းပေါ်သို့ကျစေကြ၏။
2:13 သူတို့သည် ယောဘခံစားရသောဝေဒနာအလွန်ပြင်းထန်သည်ကို မြင်သဖြင့် မည်သူမျှစကားမပြောဘဲ သူနှင့်အတူမြေပေါ်တွင် ခုနစ်ရက်ခုနစ်ညထိုင်နေလေ၏။