Job 28
28:1 ငွေထွက်သောမိုင်းတွင်း ရှိ၏။ ရွှေကို သန့်စင်သောနေရာလည်း ရှိ၏။
28:2 သံကို မြေကြီးထဲမှ တူးယူရ၏။ ကြေးဝါကို သတ္တုရိုင်းမှ သန့်စင်ယူရ၏။
28:3 မိုင်းတူးသမားသည် အမှောင်ကိုခွင်း၍ တွင်းနက်အဆုံးစွန်ထိ သတ္တုရိုင်းများကို သေမင်းအရိပ်လွှမ်းမိုးရာအမှောင်ထုကြီးထဲ၌ ရှာဖွေတတ်၏။
28:4 လူသူမရောက်မပေါက်နိုင်သောနေရာ၊ ခြေလျင်သွားသူတို့မမှတ်မိသောနေရာတွင် မိုင်းတွင်းများကို ထိုးဖောက်ပြီး လူသူဝေးရာတွင် ကြိုးကို တွဲလွဲခို၍ အလုပ်လုပ်ကြ၏။
28:5 မြေကြီးပေါ်မှ စားစရာရ၏။ မြေအောက်တွင်မူ မီးနှင့်အမြိုက်ခံရသကဲ့သို့ ဖြစ်၏။
28:6 ထိုနေရာရှိကျောက်တို့မှ နီလာထွက်၏။ မြေမှုန့်တို့မှ ရွှေထွက်၏။
28:7 ထိုနေရာသို့သွားရာလမ်းကို သိမ်းငှက်တို့မသိ။ လင်းတတို့လည်း မမြင်ဖူးပေ။
28:8 ထိုလမ်းကို သားရဲတို့လည်း မနင်းဖူး၊ ခြင်္သေ့တို့လည်း မရောက်ဖူးပေ။
28:9 မိုင်းတူးသမားသည် မီးခတ်ကျောက်ကို ဖောက်ထွင်းပြီး တောင်များကို အောက်ခြေမှ မှောက်လှန်ပစ်တတ်၏။
28:10 ကျောက်ဆောင်များကို အမြှောင်းမြှောင်းဖောက်ပြီး အဖိုးတန်ရတနာအားလုံးကို မတွေ့တွေ့အောင် ရှာ၏။
28:11 စီးဆင်းနေသောချောင်းများကို ဆည်ဖို့၍ ဖုံးကွယ်နေသောအရာတို့ကို ဖော်ထုတ်၏။
28:12 သို့သော် ဉာဏ်ပညာကို အဘယ်မှာရှာတွေ့နိုင်မည်နည်း။ အသိဉာဏ်၏တည်ရာကား အဘယ်မှာနည်း။
28:13 လူသည် ဉာဏ်ပညာ၏တန်ဖိုးကို မသိ။ ဉာဏ်ပညာကို သက်ရှိလောကတွင် ရှာတွေ့နိုင်မည်မဟုတ်။
28:14 သမုဒ္ဒရာက ‘ငါ့မှာ မရှိ’ဟု ဆို၏။ ပင်လယ်ကလည်း ‘ငါနှင့်အတူ မရှိ’ဟု ဆို၏။
28:15 ဉာဏ်ပညာကို ရွှေစင်ဖြင့် ဝယ်၍မရနိုင်။ ဉာဏ်ပညာ၏တန်ဖိုးကိုလည်း ငွေနှင့်ချိန်၍မရနိုင်။
28:16 ဩဖိရရွှေ၊ အဖိုးတန်မဟူရာကြောင်ဝင်၊ နီလာတို့နှင့်လည်း တန်ဖိုးမဖြတ်နိုင်။
28:17 ရွှေ၊ သလင်းကျောက်တို့လည်း သူ့ကို မယှဉ်နိုင်။ ရွှေတန်ဆာများဖြင့်လည်း လဲလှယ်၍မရနိုင်။
28:18 သန္တာကျောက်၊ ပုလဲတို့မူကား ဆိုဖွယ်ရာမရှိ။ ဉာဏ်ပညာသည် ပတ္တမြားထက် အဖိုးထိုက်တန်၏။
28:19 အီသီယိုးပီးယားပြည်ထွက် ဥဿဖရားလည်း ယှဉ်၍မရနိုင်။ ရွှေစင်ဖြင့်လည်း တန်ဖိုးဖြတ်၍ မရနိုင်။
28:20 သို့ဖြစ်လျှင် ဉာဏ်ပညာသည် အဘယ်က လာသနည်း။ အသိဉာဏ်၏တည်ရာကား အဘယ်မှာနည်း။
28:21 သက်ရှိသတ္တဝါတိုင်းလည်း မမြင်နိုင်။ မိုးကောင်းကင်ငှက်တို့လည်း မတွေ့နိုင်။
28:22 ပျက်စီးခြင်းနိုင်ငံနှင့် သေမင်းတို့က ‘ဉာဏ်ပညာအကြောင်းကို ငါတို့ နားဖြင့်ကြားဖူးရုံမျှသာရှိသည်’ဟု ဆိုကြ၏။
28:23 ဘုရားသခင်မူကား ဉာဏ်ပညာလမ်းနှင့် ဉာဏ်ပညာတည်ရာကို သိတော်မူ၏။
28:24 အကြောင်းမူကား ကိုယ်တော်သည် မြေကြီးစွန်းတိုင်အောင် ကြည့်ရှုတော်မူ၏။ မိုးကောင်းကင်အောက် ရှိသမျှတို့ကို မြင်တော်မူ၏။
28:25 လေကို အားပြင်းစေတော်မူ၏။ ရေကို ချိန်ဆသတ်မှတ်တော်မူ၏။
28:26 မိုးနှင့်ဆိုင်သောစည်းမျဉ်း၊ လျှပ်စီးနှင့်ဆိုင်သောလမ်းကြောင်းကို စီရင်တော်မူ၏။
28:27 ကိုယ်တော်သည် ဉာဏ်ပညာကို သိတော်မူ၏။ ဖော်ပြပေးတော်မူ၏။ ဉာဏ်ပညာကို စစ်ကြော၍ တည်မြဲစေတော်မူ၏။
28:28 ကိုယ်တော်က လူအား ‘ကြည့်ရှုလော့။ ဘုရားရှင်ကို ကြောက်ရွံ့ခြင်းသည် ဉာဏ်ပညာဖြစ်၏။ မကောင်းမှုကိုရှောင်ကြဉ်ခြင်းသည် အသိဉာဏ်ဖြစ်၏’ဟူ၍ မိန့်တော်မူပြီ”ဟု ဆိုလေ၏။