Job 30
30:1 ယခုမူကား ငါ့ထက်အသက်ငယ်သောသူတို့သည် ငါ့ကို လှောင်ပြောင်ကြလေပြီ။ သူတို့၏ဖခင်များသည် ငါ့သိုးတို့ကိုထိန်းပေးသောခွေးများနှင့်အတူထားဖို့ပင် မတန်သောသူများဖြစ်ကြ၏။
30:2 သူတို့သည် အားယုတ်ကြပြီဖြစ်၍ သူတို့၏လက်ရုံးအားကို ငါဘာလုပ်ရမည်နည်း။
30:3 သူတို့သည် ဆင်းရဲငတ်မွတ်သောကြောင့် ပိန်ချုံးကြ၏။ ညအချိန်တွင် ပျက်စီးဆိတ်သုဉ်းရာ ခြောက်သွေ့သောမြေသို့ ပြေးသွားကြ၏။
30:4 သူတို့သည် ငန်ကျိနေသောချုံပင်ရွက်များကို ခူးစားခဲ့ရ၍ ရှားမြစ်သည်လည်း သူတို့၏အစာဖြစ်၏။
30:5 သူခိုးကို အော်ဟစ်မောင်းထုတ်သကဲ့သို့ သူတို့သည် လူ့အသိုင်းအဝိုင်းထဲမှ မောင်းထုတ်ခံရသူများဖြစ်၏။
30:6 လျှိုမြောင်ချိုင့်ဝှမ်းများ၊ မြေတွင်းများနှင့် ကျောက်တွင်းများတွင် နေထိုင်ရကြ၏။
30:7 ချုံပုတ်များအောက်တွင် ဟီသံပြု၍ ပေါင်းပင်များကြားတွင် တိုးဝှေ့နေရကြ၏။
30:8 လူမိုက်သားသမီးများ၊ နာမည်ပျက်သူ၏သားသမီးများဖြစ်၍ သူတို့၏ပြည်မှနှင်ထုတ်ခံရကြ၏။
30:9 ယခုမှာ ငါသည် သူတို့အဖို့ လှောင်ပြောင်သီဆိုစရာ၊ သူတို့အလယ်တွင် ပုံခိုင်းပြောဆိုစရာ ဖြစ်ရလေပြီ။
30:10 သူတို့သည် ငါ့ကို စက်ဆုပ်ရွံရှာသဖြင့် ဝေးဝေးရှောင်နေကြ၏။ ငါ့မျက်နှာကို တံတွေးထွေးဖို့ပင် ဝန်မလေးကြ။
30:11 ကိုယ်တော်သည် ငါ့လေးကြိုးကို လျော့ရဲစေ၍ ငါ့ကို ဒုက္ခရောက်စေ၏။ သူတို့သည်လည်း ငါ့ရှေ့တွင် ဇက်ကြိုးကို ဖြတ်တောက်ပစ်ကြ၏။
30:12 သူတို့သည် လက်ယာဘက်မှနေ၍ အုပ်စုလိုက် ထကြွကြလျက် ငါ့ခြေကို တွန်းကြ၏။ ငါ့ကို ဖျက်ဆီးရန် နည်းလမ်းရှာကြံကြ၏။
30:13 ငါသွားမည့်လမ်းကိုဖျက်ဆီး၍ ငါ့ကို ပိုပြီးဒုက္ခပေးကြ၏။ သူတို့ကို ဆီးတားမည့်သူ တစ်ယောက်မျှမရှိ။
30:14 အပေါက်အကျယ်ကြီးကို ဖြတ်ဝင်လာသကဲ့သို့ သူတို့သည် ဝင်လာကြ၍ တစ်ဟုန်ထိုးပြေးလာကြ၏။
30:15 ထိတ်လန့်ဖွယ်ဘေးတို့သည် ငါ့ထံသို့ ပြေးဝင်လာ၍ ငါ့ဂုဏ်သရေကို လေကဲ့သို့ တိုက်ချလေပြီ။ ငါ၏စည်းစိမ်ဥစ္စာကိုလည်း တိမ်တိုက်ကဲ့သို့ လွင့်မျောသွားစေပြီ။
30:16 ယခုမှာ ငါ့စိတ်ဝိညာဉ် မြေခလုပြီ။ ဒုက္ခနေ့ရက်များသည်လည်း ငါ့ကို ဆုပ်ကိုင်ထားလေပြီ။
30:17 ညဘက်ရောက်လျှင် ငါ့အရိုးတို့သည် အလွန်ကိုက်ခဲ၏။ ဝေဒနာများသည်လည်း သက်သာခြင်း မရှိ။
30:18 ငါ့အဝတ်သည် အားပြင်းပြင်းနှင့်ဆွဲဆုတ်ခံရသဖြင့် ပုံပျက်ပန်းပျက်ဖြစ်ကာ လည်ပင်းကြပ်နေသောအင်္ကျီကဲ့သို့ ငါ့ကို ရစ်ပတ်ထား၏။
30:19 ငါ့ကို ရွှံ့ထဲသို့ပစ်ချတော်မူသဖြင့် ငါသည် မြေမှုန့်၊ ပြာမှုန့်ကဲ့သို့ ဖြစ်ရပါ၏။
30:20 ကိုယ်တော့်ထံ အကျွန်ုပ်အကူအညီအော်ဟစ်တောင်းခံသော်လည်း ထူးတော်မမူ။ မတ်တတ်ရပ်ပြသော်လည်း အကျွန်ုပ်ကို ဤအတိုင်းကြည့်တော်မူ၏။
30:21 ကိုယ်တော်သည် အကျွန်ုပ်ကို ရက်စက်စွာပြုတော်မူပြီ။ အားကြီးသောလက်တော်ဖြင့် ညှဉ်းဆဲတော်မူပြီ။
30:22 အကျွန်ုပ်ကို ဆွဲမပြီး လေထဲသို့ ပစ်လွှတ်လိုက်သဖြင့် အကျွန်ုပ်သည် လေပြင်းမုန်တိုင်းထဲတွင် လူးလွန့်လွင့်ပါသွားပါ၏။
30:23 အကြောင်းမူကား ကိုယ်တော်သည် အကျွန်ုပ်ကို သေခြင်းသို့လည်းကောင်း၊ သက်ရှိသတ္တဝါအားလုံးစုတေ့ရာသို့လည်းကောင်း အရောက်ပို့မည်ကို အကျွန်ုပ်သိပါ၏။
30:24 အကယ်စင်စစ် ဒုက္ခရောက်နေသောသူသည် လက်မဆန့်ဘဲနေမည်လော။ ဒုက္ခရောက်သောအခါ အကူအညီမတောင်းဘဲနေမည်လော။
30:25 ဒုက္ခရောက်သောသူအတွက် ငါမငိုကြွေးဘဲနေခဲ့သလော။ နွမ်းပါးသောသူအတွက် ငါဝမ်းမနည်းဘဲနေခဲ့သလော။
30:26 အကောင်းကို စောင့်မျှော်သောအခါ အဆိုးများသာ ရောက်လာ၏။ အလင်းကို မျှော်လင့်သောအခါ အမှောင်သာ ရောက်လာ၏။
30:27 ငါ့ရင်ထဲတွင် မနားတမ်းဗလောင်ဆူနေ၏။ ဒုက္ခနေ့ရက်များကိုသာ ငါကြုံနေရ၏။
30:28 ငါသည် နေရောင်ကွယ်ရာ အမှောင်ထဲတွင် သွားလာရ၏။ လူစုလူဝေးထဲတွင်ရပ်၍ အကူအညီအော်ဟစ်တောင်းခံရ၏။
30:29 ခွေးအတို့နှင့် ညီအစ်ကိုတော်ရ၏။ ငှက်ကုလားအုတ်တို့နှင့် မိတ်ဆွေဖွဲ့ရ၏။
30:30 ငါ့အရေပြားများ ညိုမဲသွားပြီး ကွာကျကုန်ပါပြီ။ ငါ့ကိုယ်ခန္ဓာသည်လည်း အဖျားကြောင့် ပူခြစ်လျက်ရှိပါ၏။
30:31 ငါ့စောင်းသည် မြည်တမ်းသီချင်းသီဆိုရန်၊ ငါ့ပလွေသည်လည်း ငိုကြွေးသီချင်းသီဆိုရန် ဖြစ်သွားရပြီ။