Job 32
32:1 ယောဘသည် မိမိကိုယ်မိမိ ဖြောင့်မတ်သည်ဟု ခံယူသောကြောင့် ထိုသူသုံးဦးလည်း ဘာမျှဆက်မပြောတော့ပေ။
32:2 ထိုသို့ ယောဘက မိမိကိုယ်မိမိ ဘုရားသခင်ထက် ဖြောင့်မတ်မှန်ကန်သည်ဟု ဆိုသောကြောင့် ရာမမျိုးနွယ်စု၊ ဗုဇအမျိုး၊ ဗာရခေလ၏သား ဧလိဟုသည် ယောဘကို အမျက်ထွက်၏။
32:3 ယောဘကို ပြန်မချေပနိုင်ဘဲ အပြစ်ကိုသာတင်ကြသော ယောဘ၏မိတ်ဆွေသုံးယောက်ကိုလည်း အမျက်ထွက်လေ၏။
32:4 ထိုသူတို့သည် ဧလိဟုထက်အသက်ကြီးသောကြောင့် ဧလိဟုသည် ယောဘနှင့်စကားပြောရဖို့ စောင့်နေရ၏။
32:5 သူတို့သုံးဦးစလုံး၏နှုတ်၌ ချေပစရာစကားတစ်ခွန်းမျှမရှိသည်ကို မြင်သောအခါ ဧလိဟုအမျက်ထွက်လေ၏။
32:6 ထို့ကြောင့် ဗုဇအမျိုး၊ ဗာရခေလ၏သား ဧလိဟုက “အကျွန်ုပ်သည် အသက်ငယ်၍ သင်တို့သည် အသက်ကြီးသောကြောင့် အကျွန်ုပ်၏ထင်မြင်ချက်ကို ထုတ်ဖော်ပြဖို့ ကြောက်ရွံ့လျက် မဝံ့မရဲ ဖြစ်ရပါ၏။
32:7 ‘အသက်ကြီးသူသည် ပြောဆိုသင့်၏၊ နှစ်ပေါင်းများစွာအသက်ရှင်ခဲ့သူသည် ဉာဏ်ပညာအကြောင်းကို သွန်သင်ပေးသင့်၏’ဟု အကျွန်ုပ်တွေးမိပါ၏။
32:8 သို့သော် လူ၌ ဝိညာဉ်ရှိ၏။ အနန္တတန်ခိုးရှင်၏ဝိညာဉ်တော်သည် လူတို့အား နားလည်နိုင်စွမ်းကို ပေးတော်မူပါ၏။
32:9 အသက်ကြီးတိုင်း ပညာရှိသည်မဟုတ်။ သက်ကြီးဝါကြီးတိုင်း အမှန်တရားကို နားလည်သည်မဟုတ်။
32:10 ထို့ကြောင့် ‘အကျွန်ုပ်စကားကို နားထောင်ပေးကြပါ။ အကျွန်ုပ်၏ထင်မြင်ချက်ကို အကျွန်ုပ်ပြောပါမည်’ဟု ဆိုရခြင်းဖြစ်၏။
32:11 ကြည့်ပါ။ သင်တို့ပြောမည့်စကားကို အကျွန်ုပ်စောင့်မျှော်နေခဲ့၏။ သင်တို့ပြန်ပြောရမည့်စကားကိုရှာကြံနေစဉ် သင်တို့၏အကျိုးသင့်အကြောင်းသင့်စကားကို အကျွန်ုပ်နားစွင့်နေခဲ့၏။
32:12 အကျွန်ုပ်စေ့စေ့နားထောင်နေခဲ့သော်လည်း သင်တို့တွင် ယောဘ၏စကားကို ပြန်လည်ချေပနိုင်သောသူ တစ်ယောက်မျှမရှိပါ။
32:13 ‘ဉာဏ်ပညာကို ငါတို့တွေ့ပြီ’ဟု သင်တို့မပြောမိစေကြနှင့်။ သူ့ကို နိုင်သောသူမှာ လူမဟုတ်၊ ဘုရားသခင်ဖြစ်တော်မူ၏။
32:14 ယောဘသည် အကျွန်ုပ်ကိုဆန့်ကျင်၍ တိုက်ရိုက်ပြောသည်မဟုတ်။ ထို့ကြောင့် သင်တို့ပြောသကဲ့သို့ သူ့ကို အကျွန်ုပ်ပြန်ပြောမည်မဟုတ်။
32:15 သူတို့ စိတ်ပျက်ကုန်ကြပြီ။ ဘာမျှပြန်မပြောကြတော့ပါ။ ပြောစရာစကားပင် မရှိကြတော့ပါ။
32:16 သူတို့ ဘာမျှမပြော၊ ဘာမျှမတုံ့ပြန်နိုင်ဘဲ ရပ်နေသည်ကို အကျွန်ုပ်စောင့်နေရမည်လော။
32:17 အကျွန်ုပ်လည်း ပြောသင့်သည်ကို ပြော၍ အကျွန်ုပ်၏ထင်မြင်ချက်ကို ဖော်ပြမည်။
32:18 အကြောင်းမူကား အကျွန်ုပ်မှာ ပြောစရာစကား အများအပြားရှိ၏။ အကျွန်ုပ်အတွင်းရှိ ဝိညာဉ်သည် အကျွန်ုပ်ကို နှိုးဆော်လျက်နေ၏။
32:19 ကြည့်ပါ။ အကျွန်ုပ်အထဲ၌ ပိတ်ဆို့ထားသောစပျစ်ဝိုင်ကဲ့သို့၊ ကွဲထွက်တော့မည့်ဝိုင်သားရေဘူးအသစ်ကဲ့သို့ ဖြစ်နေ၏။
32:20 အကျွန်ုပ်ပြောမှ စိတ်သက်သာရာရတော့မည်။ နှုတ်ခမ်းကိုဖွင့်၍ ပြန်ပြောတော့မည်။
32:21 မည်သူ့ကိုမျှ မျက်နှာမလိုက်ပါ။ မည်သူ့ကိုမျှ မျက်နှာချိုသွေးပြီး မပြောပါ။
32:22 မည်ကဲ့သို့ မျက်နှာချိုသွေးရမည်ကိုလည်း မသိပါ။ ထိုသို့ပြုမိခဲ့လျှင် အကျွန်ုပ်ကိုဖန်ဆင်းတော်မူသောအရှင်သည် အကျွန်ုပ်ကို ချက်ချင်းဒဏ်ခတ်တော်မူမည်။