Job 39
39:1 တောင်ဆိတ်တို့ မွေးဖွားချိန်ကို သင်သိသလော။ သမင်မသားဖွားသည်ကို သင်စောင့်ကြည့်ပေးဖူးသလော။
39:2 သူတို့ဇီးကပ်သောလတို့ကို သင်မှတ်ဖူးသလော။ သူတို့သားပေါက်မည့်အချိန်ကို သင်သိသလော။
39:3 သူတို့သည် ဝပ်၍ သားပေါက်ကို မွေးဖွားပြီးမှ သားဖွားဝေဒနာကင်းငြိမ်းသွားရ၏။
39:4 သားပေါက်တို့သည် ကွင်းပြင်တွင်ပင် ကြီးပြင်းသန်စွမ်းလာ၍ အမိထံမှ ထွက်သွားပြီး ပြန်လာလေ့မရှိ။
39:5 မြည်းရိုင်းကို မည်သူ လွတ်လပ်ခွင့်ပေးထားသနည်း။ ချည်နှောင်ထားသောမြင်းရိုင်းကြိုးကို မည်သူဖြေပေးသနည်း။
39:6 ကန္တာရကို သူ၏နေအိမ်၊ ဆားမြေကို သူနေစရာမြေအဖြစ် ငါပေးထားပြီ။
39:7 သူသည် မြို့ပြဆူညံသံကို ဂရုမစိုက်။ မောင်းနှင်သောသူတို့၏အော်ငေါက်သံကိုလည်း နားမထောင်။
39:8 စားကျက်ရှိရာတောင်ကုန်းများကို စူးစမ်းပြီးနောက် စိမ်းလန်းသောအပင်အမျိုးမျိုးကို ရှာဖွေတတ်၏။
39:9 နွားရိုင်းသည် သင်စေခိုင်းသောအရာကို လုပ်ပေးမည်လော။ သင်ထားသောတင်းကုပ်တွင် နေမည်လော။
39:10 နွားရိုင်းကို ကြိုးချည်ပြီး လယ်ထွန်ခိုင်း၍ ရမည်လော။ သင့်နောက်သို့လိုက်ပြီး ချိုင့်ဝှမ်းလွင်ပြင်တွင် လယ်ထွန်လိမ့်မည်လော။
39:11 သူသည် ခွန်အားကြီးသည်ဆိုပြီး သူ့ကို ယုံစား၍ရမည်လော။ သင်လုပ်ဆောင်ရမည့်အလုပ်ကြမ်းများကို သူ့အား လွှဲပေး၍ရမည်လော။
39:12 သင်၏ကောက်လှိုင်းများကို ယူဆောင်လာ၍ ကောက်နယ်တလင်းတွင် စုသိမ်းပေးမည်ဟု သင်ယုံသလော။
39:13 ငှက်ကုလားအုတ်သည် အတောင်ပံကို ဂုဏ်ယူဝင့်ကြွားစွာခတ်ပြသော်လည်း သူ့အတောင်ပံ၊ သူ့အမွေးသည် ငှက်ကျားနှင့် ယှဉ်နိုင်မည်လော။
39:14 သူသည် မြေပေါ်တွင် ဥပြီး ထိုဥတို့အနွေးဓာတ်ရရှိစေရန် မြေမှုန့်တွင် ထားခဲ့တတ်၏။
39:15 ထိုဥတို့ကို တက်နင်းမိမည်၊ တောရိုင်းတိရစ္ဆာန်တို့ နင်းခွဲမိမည်ကိုလည်း သတိမထားတတ်။
39:16 မိမိသားပေါက်တို့ကိုလည်း ကိုယ့်သားပေါက်မဟုတ်သကဲ့သို့ ကြမ်းတမ်းစွာပြု၏။ သူလုပ်ဆောင်သမျှ အချည်းနှီးဖြစ်မည်ကိုလည်း မကြောက်။
39:17 အကြောင်းမူကား ဘုရားသခင်သည် သူ့အား ဉာဏ်ပညာရှိခွင့်မပေး။ အသိဉာဏ်ကိုလည်း မပေး။
39:18 သို့သော် အတောင်ပံကိုအမြင့်ဆုံးဖြန့်ပြီးသောအချိန်တွင် မြင်းနှင့်မြင်းစီးသူကိုပင် လှောင်ရယ်တတ်၏။
39:19 မြင်းကို သင်ခွန်အားပေးနိုင်သလော။ မြင်း၏လည်ဆံမွေးကို သင်ပေါက်စေသလော။
39:20 သူ့ကို ကျိုင်းကောင်ကဲ့သို့ ခုန်ပေါက်တတ်စေနိုင်သလော။ သူ့နှာမှုတ်သံကြီးမှာ ကြောက်မက်ဖွယ်ကောင်း၏။
39:21 သူသည် ချိုင့်ဝှမ်းမြေတို့ကို ခွာနှင့်ပေါက်တတ်၏။ ခွန်အားကြီးခြင်း၌ ဂုဏ်ယူတတ်၏။ စစ်ပွဲသို့ ဒုန်းစိုင်းပြေးသွားတတ်၏။
39:22 ကြောက်မက်ဖွယ်ရာကိုပင် လှောင်ရယ်တတ်၏။ မည်သည့်အရာကိုမျှ မကြောက်တတ်။ ဓားရှေ့မှ ရှောင်သွားလေ့မရှိ။
39:23 သူ့အနီးတွင် မြားကျည်တောက်သံ တတောက်တောက်မြည်၍ လှံတိုလှံရှည်တို့ တလက်လက်တောက်ပနေသော်လည်း သူမကြောက်။
39:24 အားမာန်ပြင်းစွာ မြေကြီးပေါ် ဒုန်းစိုင်းပြေးသွားတတ်၏။ တံပိုးမှုတ်သံကြားလျှင် ဂနာမငြိမ်ဖြစ်တတ်၏။
39:25 တံပိုးမှုတ်လိုက်သည်နှင့် ဟီးကနဲအော်မြည်တတ်၏။ တိုက်ပွဲထဲမှ တပ်မှူးတို့၏စစ်ငြာသံနှင့် ကြွေးကြော်သံတို့ကို အဝေးမှ အာရုံရတတ်၏။
39:26 သိမ်းငှက်က သူ၏အတောင်ပံတို့ကိုဖြန့်ပြီး တောင်အရပ်သို့ ပျံသန်းသွားသည်မှာ သင်ပညာသင်ပေးထား၍လော။
39:27 လင်းယုန်ငှက်က အမြင့်သို့ပျံသန်း၍ အသိုက်ကိုလည်း အမြင့်ဆုံးနေရာ၌ဆောက်လုပ်တတ်သည်မှာ သင်အမိန့်ပေးထား၍လော။
39:28 သူသည် ကျောက်ဆောင်များကြားတွင် နေထိုင်တတ်၏။ ကျောက်အငူများ၊ လိုဏ်ဂူများတွင် ညအိပ်နားတတ်၏။
39:29 ထိုအရပ်တို့မှနေ၍ အစာကို ရှာတတ်၏။ သူ၏မျက်စိတို့သည် အဝေးသို့လှမ်းမြင်နိုင်၏။
39:30 သူ၏သားပေါက်များသည်ပင် သွေးစုပ်သောက်တတ်ကြ၏။ အသေကောင်များရှိရာအရပ်တွင် သူရှိတတ်၏”ဟု မုန်တိုင်းထဲမှ မိန့်တော်မူ၏။