Job 5
5:1 ယခု အော်ခေါ်ပါလော့။ သင့်ကို မည်သူထူးမည်နည်း။ မည်သည့်သန့်ရှင်းသူတို့ထံသို့ သင်လှည့်မည်နည်း။
5:2 အကယ်စင်စစ် ဒေါသသည် ဆိုးမိုက်သောသူကို သတ်တတ်၏။ မနာလိုစိတ်သည်လည်း ဉာဏ်နုံ့သောသူကို သေစေတတ်၏။
5:3 ဆိုးမိုက်သောသူ အမြစ်တွယ်နေသည်ကို ငါမြင်လျှင် သူ့နေရာကို ငါ ချက်ချင်းကျိန်ဆဲမိ၏။
5:4 သူ့သားသမီးတို့သည် လုံခြုံမှုနှင့် ကင်းဝေး၏။ မြို့တံခါး၌ ညှဉ်းဆဲခံနေရသည်ကိုပင် ကယ်နုတ်မည့်သူမရှိ။
5:5 သူရိတ်သိမ်းထားသောသီးနှံများ ဆူးပင်ကြား၌ဝှက်ထားလျှင်ပင် ဆာလောင်မွတ်သိပ်သောသူသည် ယူစားလိမ့်မည်။ သူခိုးဓားပြတို့သည် သူ၏ဥစ္စာပစ္စည်းကို တိုက်ယူသွားလိမ့်မည်။
5:6 ဆင်းရဲဒုက္ခသည် မြေမှုန့်ထဲမှ ပေါ်ထွက်လာသည်မဟုတ်။ အခက်အခဲပြဿနာသည်လည်း မြေကြီးထဲမှ ပေါ်ပေါက်လာသည်မဟုတ်။
5:7 မီးပွားတို့သည် အထက်သို့လွင့်သွားသကဲ့သို့ လူသည် အခက်အခဲပြဿနာ၌ကျင်လည်ရန် မွေးဖွားလာ၏။
5:8 ငါမူကား ဘုရားသခင်ကိုရှာမည်။ ငါ၏အမှုအရာကို ဘုရားသခင်ထံ အပ်မည်။
5:9 ကိုယ်တော်သည် ကြီးမြတ်သောအမှု၊ စစ်၍မကုန်နိုင်သောအမှု၊ မရေတွက်နိုင်သောအံ့ဖွယ်အမှုတို့ကို ပြုတော်မူ၏။
5:10 မြေမျက်နှာပြင်ပေါ်တွင် မိုးရွာစေသောအရှင်၊ လယ်ကွင်းများသို့ ရေကိုရောက်စေသောအရှင် ဖြစ်တော်မူ၏။
5:11 နိမ့်ကျသောသူတို့ကို မြှင့်တင်၍ ဝမ်းနည်းပူဆွေးသောသူတို့ကို ကူမကယ်တင်တော်မူ၏။
5:12 ဉာဏ်များသောသူ၏အကြံကို ဖျက်တော်မူသဖြင့် သူတို့လုပ်ဆောင်သောအရာတို့သည် မအောင်မြင်ပေ။
5:13 ပညာရှိတို့ကို သူတို့၏အတတ်ပညာအားဖြင့် ပြန်၍အဖမ်းခံရစေ၏။ ဉာဏ်များသောသူတို့၏အကြံကိုလည်း ရုတ်ခြည်းဖျက်ဆီးတော်မူ၏။
5:14 နေ့အချိန်၌ပင် သူတို့ကို အမှောင်ထုဖုံးလွှမ်း၍ မွန်းတည့်အချိန်၌ပင် ညအချိန်ကဲ့သို့ စမ်းတဝါးဝါးသွားလာကြရ၏။
5:15 ကိုယ်တော်သည် နွမ်းပါးသောသူတို့ကို ဓားသွားနှုတ်ခမ်းဘေးမှလည်းကောင်း၊ အားကြီးသောလက်ဘေးမှလည်းကောင်း ကယ်တင်တော်မူ၏။
5:16 ထို့ကြောင့် ဆင်းရဲသောသူ၌ မျှော်လင့်ခြင်းရှိ၍ မတရားသောသူကား နှုတ်ဆိတ်နေရ၏။
5:17 ကြည့်ရှုလော့။ ဘုရားသခင်၏ဆုံးမခြင်းကို ခံရသောသူသည် မင်္ဂလာရှိ၏။ ထို့ကြောင့် အနန္တတန်ခိုးရှင်ဆုံးမတော်မူသည်ကို မထီမဲ့မြင်မပြုပါနှင့်။
5:18 အကြောင်းမူကား ထိုအရှင်သည် နာကျင်စေသော်လည်း အနာကို ပတ်စည်းပေးတော်မူ၏။ ဒဏ်ရာရစေသော်လည်း ဒဏ်ရာကိုပျောက်ကင်းစေတော်မူ၏။
5:19 ဆင်းရဲဒုက္ခခြောက်မျိုးထဲမှ သင့်ကို ကယ်နုတ်တော်မူမည်။ ခုနစ်မျိုးသောဘေးအန္တရာယ်သည်လည်း သင့်ကို ထိခိုက်နိုင်မည်မဟုတ်။
5:20 ငတ်မွတ်ခေါင်းပါးသောအခါ သေဘေးမှလည်းကောင်း၊ စစ်တိုက်သောအခါ ဓားလက်နက်ဘေးမှလည်းကောင်း သင့်ကို ကယ်နုတ်တော်မူလိမ့်မည်။
5:21 ကျာပွတ်ကဲ့သို့သောလျှာဘေးမှ သင့်ကို ကွယ်ကာလိမ့်မည်။ ပျက်စီးခြင်းဘေးရောက်လာလျှင်လည်း သင်ကြောက်ရွံ့ရမည်မဟုတ်။
5:22 ဖျက်ဆီးခြင်းဘေး၊ ငတ်မွတ်ခြင်းဘေးတို့ကို သင်လှောင်ရယ်ရလိမ့်မည်။ တောရိုင်းတိရစ္ဆာန်တို့ကိုလည်း သင်ကြောက်ရွံ့ရလိမ့်မည်မဟုတ်။
5:23 အကြောင်းမူကား ကွင်းပြင်၌ရှိသောကျောက်တုံးများသည် သင်နှင့်မိတ်ဖွဲ့ကြလိမ့်မည်။ တောရိုင်းတိရစ္ဆာန်တို့သည် သင်နှင့်သင့်မြတ်ကြလိမ့်မည်။
5:24 သင်၏တဲသည် ငြိမ်းချမ်းလျက်ရှိကြောင်း သင်သိရလိမ့်မည်။ သင်နေထိုင်ရာအရပ်ကို စစ်ဆေးကြည့်လျှင်လည်း တစ်စုံတစ်ရာမျှ ပျောက်ဆုံးလိမ့်မည်မဟုတ်။
5:25 သင့်သားသမီး များပြား၍ သင့်သားမြေးများသည်လည်း မြေပေါ်ပေါက်သောမြက်ပင်ကဲ့သို့ များပြားသည်ကို သင်သိရလိမ့်မည်။
5:26 အချိန်တန်လျှင် စုသိမ်းခြင်းကိုခံရသောကောက်လှိုင်းကဲ့သို့ သင်သည်လည်း အိုမင်းသောအခါ သင်္ချိုင်းတွင်းသို့ ရောက်ရလိမ့်မည်။
5:27 ဤသည်ကား ငါတို့ရှာဖွေသိရှိသောအရာဖြစ်၏။ ဤအမှန်တရားကို သင်နာယူသိမှတ်ပါလော့”ဟု ဆိုလေ၏။