Job 8
8:1 ထိုအခါ ရှုအာအမျိုးသား ဗိလဒဒ်က
8:2 “မည်သည့်အချိန်ထိ ဤသို့ပြောနေဦးမည်နည်း။ သင့်နှုတ်ထွက်စကားများမှာ လေပြင်းကဲ့သို့ ဖြစ်ပါသည်တကား။
8:3 ဘုရားသခင်သည် တရားမျှတမှုကို မတရားမှုဖြစ်စေမည်လော။ အနန္တတန်ခိုးရှင်သည် ဖြောင့်မတ်ခြင်းကို ကောက်ကွေ့စေမည်လော။
8:4 သင့်သားသမီးတို့သည် ကိုယ်တော့်ကိုပြစ်မှားလျှင် သူတို့ကျူးလွန်သောအပြစ်လက်ထဲသို့ သူတို့ကိုအပ်တော်မူမည်သာဖြစ်၏။
8:5 သင်သည် ဘုရားသခင်ကို ကြိုးစားရှာ၍ အနန္တတန်ခိုးရှင်ထံ အသနားခံတောင်းလျှောက်မည်ဆိုလျှင်၊
8:6 သင်သာ သန့်ရှင်းဖြောင့်မတ်မည်ဆိုလျှင် ယခုပင် ကိုယ်တော်သည် ထ၍ သင်၏ဖြောင့်မတ်ခြင်းတည်ရာကို ပြန်ပေးတော်မူမည်။
8:7 သင်သည် အစတွင် သိမ်ငယ်နေရသော်လည်း အဆုံးတွင် အလွန်ကြီးပွားလိမ့်မည်။
8:8 ယခင်မျိုးဆက်တို့ကို မေးမြန်းကြည့်လော့။ သူတို့ဘိုးဘေးတို့ စူးစမ်းလေ့လာခဲ့သောအရာကို ဆင်ခြင်ကြည့်လော့။
8:9 အကြောင်းမူကား ငါတို့သည် မနေ့တနေ့ကမှ လူဖြစ်လာသဖြင့် ဘာမျှမသိနားမလည်ကြပါ။ ကမ္ဘာမြေပေါ်တွင် ငါတို့၏နေ့ရက်များသည် အရိပ်မျှသာဖြစ်ပါ၏။
8:10 သူတို့သည် သင့်ကို မသွန်သင်၊ မပြောပြဘဲနေမည်လော။ သူတို့နှလုံးသားထဲမှစကားများကိုလည်း ထုတ်ဖော်မပြောဘဲနေမည်လော။
8:11 ရွှံ့နွံမရှိဘဲ ကျူပင်ကြီးပေါက်နိုင်မည်လော။ ရေမရှိဘဲ ကျူတောထူထပ်နိုင်မည်လော။
8:12 ထိုအပင်သည် ခုတ်ပစ်ခြင်းကိုမခံရ၊ စိမ်းစိုလျက်ရှိနေစဉ်မှာပင် အခြားအပင်တို့ထက်အလျင် ခြောက်သွေ့သွားတတ်၏။
8:13 ဘုရားသခင်ကိုမေ့လျော့သောသူအပေါင်းတို့၏လမ်းခရီးသည်လည်း ထိုနည်းတူဖြစ်၏။ ဘုရားတရားမဲ့သောသူ၏မျှော်လင့်ခြင်းသည်လည်း ပျက်စီးရလိမ့်မည်။
8:14 သူယုံကြည်အားထားသောအရာသည် မတည်တံ့။ သူကိုးစားသောအရာသည်လည်း ပင့်ကူအိမ်မျှသာ ဖြစ်၏။
8:15 သူ့အိမ်သည် မှီ၍ရအောင် ခိုင်ခံ့သည်မဟုတ်။ ဖမ်းဆွဲထားနိုင်အောင် ခိုင်မြဲသည်မဟုတ်။
8:16 သူသည် နေရောင်အောက်တွင် စိမ်းလန်း၍ သူ၏အညွန့်သည် ဥယျာဉ်အနှံ့ ဖြာထွက်နေ၏။
8:17 သူ၏အမြစ်များသည် ကျောက်ပုံကို ရစ်ပတ်ထားပြီး ကျောက်တုံးများကြားတွင် နေရာရှာတတ်၏။
8:18 သို့သော် ထိုနေရာမှ ဆွဲနုတ်ခြင်းခံရသောအခါ ထိုနေရာက ‘သင့်ကို ငါမတွေ့မမြင်ဖူးပါ’ဟု သူ့ကို ငြင်းဆိုလိမ့်မည်။
8:19 ကြည့်ရှုလော့။ ဤသည်ကား သူနှစ်သက်သောခရီးလမ်းဖြစ်၏။ မြေကြီးမှလည်း အခြားအပင်တို့ ထပ်ပေါက်ကြလိမ့်မည်။
8:20 အကယ်စင်စစ် ဘုရားသခင်သည် အပြစ်တင်စရာမရှိသောသူကို စွန့်ပယ်မထား။ ဆိုးညစ်သောသူတို့ကို အားပေးထောက်မမည်မဟုတ်။
8:21 သင့်နှုတ်ကို ရယ်မောခြင်းဖြင့်လည်းကောင်း၊ သင့်နှုတ်ခမ်းကို ဝမ်းမြောက်စွာကြွေးကြော်ခြင်းဖြင့်လည်းကောင်း ပြည့်ဝစေတော်မူမည်။
8:22 သင့်ကိုမုန်းသောသူတို့သည် အရှက်ကွဲခြင်းကို ဝတ်ဆင်ရကြလိမ့်မည်။ ဆိုးယုတ်သောသူတို့၏တဲသည်လည်း ပျောက်ကွယ်သွားလိမ့်မည်”ဟု ဆိုလေ၏။