Psalms 103
103:1 အို ငါ၏စိတ်ဝိညာဉ်၊ ထာဝရဘုရားကို ကောင်းချီးထောမနာပြုလော့။ ငါ၏အထဲ၌ ရှိသမျှတို့၊ ကိုယ်တော်၏သန့်ရှင်းသောနာမတော်ကို ကောင်းချီးထောမနာပြုကြလော့။
103:2 အို ငါ့စိတ်ဝိညာဉ်၊ ထာဝရဘုရားကို ကောင်းချီးထောမနာပြုလော့။ ကိုယ်တော်၏ကျေးဇူးတော်အပေါင်းကို မမေ့လျော့နှင့်။
103:3 ကိုယ်တော်သည် သင်၏အပြစ်အလုံးစုံတို့ကို ခွင့်လွှတ်၍ သင်၏အနာရောဂါရှိသမျှတို့ကို ပျောက်ကင်းစေတော်မူ၏။
103:4 သင်၏အသက်ကို သေတွင်းထဲမှရွေးနုတ်၍ သင့်ကို မေတ္တာကရုဏာနှင့်သနားစုံမက်ခြင်းသရဖူ ဆောင်းပေးတော်မူ၏။
103:5 သင်၏ဘဝကို ကောင်းမြတ်သောအရာဖြင့် ပြည့်စုံကြွယ်ဝစေတော်မူသဖြင့် သင်၏ပျိုရွယ်မှုသည် လင်းယုန်ကဲ့သို့ အသစ်ပြုပြင်ခြင်းကိုခံရ၏။
103:6 ထာဝရဘုရားသည် နှိပ်စက်ခြင်းခံရသူ အပေါင်းတို့အတွက် ဖြောင့်မတ်ခြင်းနှင့် တရားမျှတခြင်းကို စီရင်ပေးတော်မူ၏။
103:7 မိမိ၏လမ်းတော်များကို မောရှေအားလည်းကောင်း၊ မိမိပြုတော်မူသောအမှုတို့ကို အစ္စရေးအမျိုးသားတို့အားလည်းကောင်း သိစေတော်မူ၏။
103:8 ထာဝရဘုရားသည် သနားစုံမက်တတ်သောသဘော၊ ကျေးဇူးပြုတတ်သောသဘော၊ စိတ်ရှည်သောသဘော၊ မေတ္တာကရုဏာကြွယ်ဝသောသဘောရှိတော်မူ၏။
103:9 အစဉ် အပြစ်တင်တော်မူမည်မဟုတ်။ အမျက်တော်ကို ထာဝရသိုထားတော်မူမည်မဟုတ်။
103:10 ငါတို့၏အပြစ်နှင့်အညီ ငါတို့အား ပြုတော်မမူ။ ငါတို့၏ဒုစရိုက်နှင့်အညီ ငါတို့အား တုံ့ပြန်တော်မမူ။
103:11 အကြောင်းမူကား မြေကြီးအပေါ်၌ ကောင်းကင်သည် မြင့်မားလှသည့်အတိုင်း ကိုယ်တော်ကို ကြောက်ရွံ့သောသူတို့အပေါ်၌ မေတ္တာကရုဏာတော်သည် ကြီးမားလှပေ၏။
103:12 အရှေ့အရပ်သည် အနောက်အရပ်နှင့်ဝေးကွာသည့်အတိုင်း ကိုယ်တော်သည် ငါတို့ကျူးလွန်သောအပြစ်များကို ငါတို့နှင့်ဝေးကွာစေတော်မူ၏။
103:13 ဖခင်သည် မိမိ၏သားသမီးများကို သနားစုံမက်သကဲ့သို့ ထာဝရဘုရားသည် မိမိအားကြောက်ရွံ့သောသူတို့ကို သနားစုံမက်တော်မူ၏။
103:14 အကြောင်းမူကား ကိုယ်တော်သည် ငါတို့၏ခန္ဓာကိုယ်ဖွဲ့စည်းပုံကိုသိတော်မူ၏။ ငါတို့သည် မြေမှုန့်ဖြစ်ကြောင်းကို သတိရတော်မူ၏။
103:15 လူ၏အသက်တာနေ့ရက်တို့သည် မြက်ပင်ကဲ့သို့ဖြစ်၏။ သူသည် ကွင်းပြင်ရှိပန်းပွင့်ကဲ့သို့ ရှင်သန်တတ်၏။
103:16 လေတိုက်ခတ်သောအခါ ထိုပန်းပွင့်သည် ပျောက်ကွယ်သွား၍ သူ့နေရာပင်လျှင် သူ့ကိုမသိတော့ပေ။
103:17 သို့ရာတွင် ထာဝရဘုရား၏မေတ္တာကရုဏာတော်သည် ကိုယ်တော်ကိုကြောက်ရွံ့သောသူတို့အပေါ်၌ ထာဝရကာလမှထာဝရကာလတိုင်အောင်တည်၏။ ကိုယ်တော်၏ဖြောင့်မတ်ခြင်းသည်လည်း သူတို့၏သားမြေးစဉ်ဆက်အပေါ်၌လည်းကောင်း၊
103:18 ပဋိညာဉ်တော်ကိုစောင့်ထိန်း၍ ဥပဒေသတို့ကို လိုက်နာရန် သတိရသောသူတို့အပေါ်၌လည်းကောင်း တည်၏။
103:19 ထာဝရဘုရားသည် မိမိ၏ပလ္လင်ကို ကောင်းကင်ဘုံ၌ တည်တော်မူ၏။ ကိုယ်တော်၏နိုင်ငံတော်သည်လည်း အရာခပ်သိမ်းတို့ကို အုပ်စိုးတော်မူ၏။
103:20 ကိုယ်တော်၏အမိန့်တော်အတိုင်းလုပ်ဆောင်၍ အမိန့်တော်သံကိုနာခံကြသည့် တန်ခိုးခွန်အားကြီးသော ကိုယ်တော်၏ကောင်းကင်တမန်တို့၊ ထာဝရဘုရားကို ကောင်းချီးထောမနာပြုကြလော့။
103:21 ကိုယ်တော်၏အမှုတော်ကိုထမ်းဆောင်၍ အလိုတော်အတိုင်းလုပ်ဆောင်သော ကိုယ်တော်၏ကောင်းကင်ဗိုလ်ခြေအပေါင်းတို့၊ ထာဝရဘုရားကို ကောင်းချီးထောမနာပြုကြလော့။
103:22 ကိုယ်တော်အုပ်စိုးသောအရပ်ရှိသမျှတို့မှ ကိုယ်တော်ပြုလုပ်ဖန်ဆင်းသောအရာရှိသမျှတို့၊ ထာဝရဘုရားကို ကောင်းချီးထောမနာပြုကြလော့။ အို ငါ၏စိတ်ဝိညာဉ်၊ ထာဝရဘုရားကို ကောင်းချီးထောမနာပြုလော့။