Psalms 105
105:1 ထာဝရဘုရား၏ကျေးဇူးတော်ကိုချီးမွမ်း၍ နာမတော်ကိုခေါ်ဆိုပတ္ထနာပြုကြလော့။ ကိုယ်တော်ပြုတော်မူသောအမှုတို့ကို လူမျိုးတကာတို့အား ကြားသိစေကြလော့။
105:2 ကိုယ်တော့်ထံသို့ သီချင်းဆိုကြလော့။ ကိုယ်တော်ကို သီဆိုချီးမွမ်းကြလော့။ ကိုယ်တော်၏အံ့ဖွယ်သောအမှုရှိသမျှတို့ကို ဆင်ခြင်အောက်မေ့ကြလော့။
105:3 ကိုယ်တော်၏သန့်ရှင်းသောနာမတော်၌ ဂုဏ်ယူဝါကြွားကြလော့။ ထာဝရဘုရားကို ရှာသောသူတို့၏စိတ်နှလုံးသည် ဝမ်းမြောက်ပါစေ။
105:4 ထာဝရဘုရားနှင့် ကိုယ်တော်၏တန်ခိုးတော်ကို ရှာဖွေကြလော့။ ကိုယ်တော်၏မျက်နှာတော်ကို အစဉ်မပြတ်ရှာကြလော့။
105:5 ကိုယ်တော်၏အစေအပါး အာဗြဟံ၏အမျိုးအနွယ်၊ ကိုယ်တော်ရွေးကောက်တော်မူသော ယာကုပ်၏သားသမီးတို့၊ ကိုယ်တော်၏အံ့ဖွယ်သောအမှုတို့ကိုလည်းကောင်း၊ ပြုတော်မူသောတန်ခိုးလက္ခဏာများနှင့် နှုတ်တော်ထွက်စီရင်ထုံးဖွဲ့ချက်တို့ကိုလည်းကောင်း အောက်မေ့ကြလော့။
105:7 ကိုယ်တော်သည် ငါတို့၏ဘုရားသခင်ထာဝရဘုရား ဖြစ်တော်မူ၏။ ကိုယ်တော်၏စီရင်ထုံးဖွဲ့ချက်တို့သည် ကမ္ဘာမြေတစ်ခွင်လုံး၌ရှိ၏။
105:8 ကိုယ်တော်သည် မိမိ၏ပဋိညာဉ်တော်ကို အစဉ်အမြဲအောက်မေ့တော်မူ၏။ ၎င်းမှာ မျိုးဆက်ပေါင်းတစ်ထောင်တို့အား မိန့်တော်မူထားသောစကားတော်၊
105:9 အာဗြဟံနှင့်ပြုခဲ့သောပဋိညာဉ်တော်၊ ဣဇက်အားကျိန်ဆိုသောကတိတော်ဖြစ်၏။
105:10 ကိုယ်တော်သည် ၎င်းကို ယာကုပ်အတွက် ပြဋ္ဌာန်းချက်အဖြစ်လည်းကောင်း၊ အစ္စရေးအတွက် အစဉ်အမြဲတည်သော ပဋိညာဉ်အဖြစ်လည်းကောင်း တည်စေတော်မူ၍
105:11 “ခါနာန်ပြည်ကို သင်တို့၏အမွေဝေစုအဖြစ် သင့်အား ငါပေးမည်”ဟု မိန့်တော်မူ၏။
105:12 ထိုစဉ်က သူတို့သည် အရေအတွက်အားဖြင့် အနည်းငယ်မျှသာရှိကြပြီး ထိုပြည်၌ ဧည့်သည်အဖြစ် တည်းခိုနေထိုင်သောသူများ ဖြစ်ကြ၏။
105:13 လူမျိုးတစ်မျိုးမှတစ်မျိုး၊ နိုင်ငံတစ်နိုင်ငံမှတစ်နိုင်ငံ သို့ လှည့်လည်သွားလာခဲ့ကြရ၏။
105:14 သို့သော် သူတို့ကိုနှိပ်စက်ရန် ကိုယ်တော်သည် မည်သူ့ကိုမျှ ခွင့်ပြုတော်မမူ။ သူတို့အတွက် ရှင်ဘုရင်တို့ကို ဆုံးမတော်မူပြီး
105:15 “ငါဘိသိက်ပေးထားသောသူတို့ကို မထိကြနှင့်။ ငါ၏ပရောဖက်တို့ကိုလည်း အန္တရာယ်မပြုကြနှင့်”ဟု မိန့်တော်မူ၏။
105:16 တစ်ဖန် ထိုပြည်၌ ငတ်မွတ်ခေါင်းပါးခြင်းဘေးကိုဆိုက်ရောက်စေ၍ အစားအစာထောက်ပံ့မှုရှိသမျှကို ဖြတ်တောက်တော်မူ၏။
105:17 ကိုယ်တော်သည် ကျွန်အဖြစ်ရောင်းစားခြင်းခံရသူ ယောသပ်ကို သူတို့ရှေ့မှစေလွှတ်တော်မူ၏။
105:18 လူတို့သည် သူ၏ခြေကို ခြေချင်းနှင့်နာကျင်စေကြ၏။ သူ၏လည်ပင်းတွင်လည်း သံလည်ပတ်ကို တပ်ကြ၏။
105:19 သူ၏စကားပြည့်စုံခြင်းသို့ရောက်သည်အထိ ထာဝရဘုရား၏မိန့်တော်မူချက်သည် သူ့ကိုစစ်ကြောတော်မူ၏။
105:20 ရှင်ဘုရင်သည် လူကိုစေလွှတ်၍ သူ့ကိုလွှတ်ပေး၏။ လူတို့ကိုအုပ်စိုးသူသည် သူ့ကိုချမ်းသာခွင့်ပေး၍
105:21 မိမိ၏နန်းတော်တွင် သခင်အဖြစ်လည်းကောင်း၊ မိမိပိုင်ဆိုင်သောအရာရှိသမျှတို့ကို အုပ်စိုးသူအဖြစ်လည်းကောင်း သူ့ကိုခန့်ထား၏။
105:22 ထိုသို့ခန့်ထားခြင်းမှာ မိမိ၏အကြီးအကဲတို့ကို သူ၏စိတ်ဆန္ဒအတိုင်း ဆုံးမစေရန်နှင့် မိမိ၏သက်ကြီးဝါကြီးတို့ကို ဉာဏ်ပညာရှိစေရန် အတွက်ဖြစ်၏။
105:23 ထို့နောက် အစ္စရေးလူမျိုးတို့သည် အီဂျစ်ပြည်သို့ရောက်လာပြီး ယာကုပ်သည် ဟာမပြည်တွင် ဧည့်သည်အဖြစ် တည်းခိုနေထိုင်လေ၏။
105:24 ထို့နောက် ကိုယ်တော်သည် မိမိလူမျိုးတော်ကို အလွန်ပွားများစေ၍ သူတို့၏ရန်သူများထက် ပို၍အားကြီးစေတော်မူ၏။
105:25 မိမိလူမျိုးတော်ကိုမုန်းစေရန်နှင့် မိမိအစေအပါးတို့အပေါ် ပရိယာယ်သုံးကြစေရန် ထိုရန်သူတို့၏စိတ်နှလုံးကို ပြောင်းလဲစေတော်မူ၏။
105:26 ကိုယ်တော်သည် မိမိအစေအပါးမောရှေနှင့် မိမိရွေးချယ်ထားသော အာရုန်တို့ကို စေလွှတ်တော်မူ၏။
105:27 သူတို့သည် ကိုယ်တော်၏နိမိတ်လက္ခဏာနှင့် ဆိုင်သောအမှုများကို ထိုသူတို့အလယ်၌လည်းကောင်း၊ တန်ခိုးလက္ခဏာများကို ဟာမ၏ပြည်၌လည်းကောင်း ပြုကြ၏။
105:28 ကိုယ်တော်သည် အမှောင်ကိုစေလွှတ်၍ ထိုပြည်ကို မှောင်မည်းစေတော်မူ၏။ ထိုသူတို့သည် ကိုယ်တော်၏အမိန့်တော်ကို ဖီဆန်ခဲ့ကြသည်မဟုတ်လော။
105:29 ကိုယ်တော်သည် သူတို့၏ရေများကို သွေးဖြစ်စေ၍ သူတို့၏ငါးများကို သေစေတော်မူ၏။
105:30 သူတို့၏ပြည်ကိုသာမက သူတို့ရှင်ဘုရင်များ၏အတွင်းဆောင်တို့၌ပင် ဖားများနှင့်ပြည့်နှက်စေတော်မူ၏။
105:31 ကိုယ်တော်အမိန့်ရှိတော်မူသောအခါ ယင်ရဲအုပ်နှင့်မှက်တို့သည် သူ တို့ပြည်တစ်ဝန်းလုံးသို့ပျံ့နှံ့သွားကြ၏။
105:32 ကိုယ်တော်သည် သူတို့အား မိုးရေအစား မိုးသီးကိုပေး၍ သူတို့ပြည်၌ လျှပ်စီးလျှပ်နွယ်များကို ပြက်စေတော်မူ၏။
105:33 သူတို့၏စပျစ်ပင်များနှင့်သဖန်းပင်များကိုလည်း ဖျက်ဆီး၍ သူတို့ပြည်ရှိ သစ်ပင်များကိုချိုးတော်မူ၏။
105:34 ကိုယ်တော်အမိန့်ရှိတော်မူသောအခါ မရေမတွက်နိုင်သော ကျိုင်းကောင်နှင့်နှံကောင်တို့သည် ရောက်လာ၍
105:35 သူတို့ပြည်၌ရှိသောအပင်အားလုံးကို ကိုက်စားကြ၏။ သူတို့မြေပေါ်မှ အသီးအနှံတို့ကိုလည်း ကိုက်စားကြ၏။
105:36 ကိုယ်တော်သည် သူတို့၏ ယောက်ျားအားမာန်အားလုံး၏အသီးဦးဖြစ်သော သူတို့ပြည်မှသားဦးရှိသမျှတို့ကို ဆုံးပါးစေတော်မူ၏။
105:37 ထို့နောက် သူတို့ကို ရွှေ၊ ငွေနှင့်တကွ ထုတ်ဆောင်တော်မူ၏။ ထိုစဉ် ကိုယ်တော်၏လူမျိုးစုများတွင် အားနည်းသောသူတစ်ယောက်မျှမရှိချေ။
105:38 သူတို့ထွက်ခွာသွားသောအခါ အီဂျစ်ပြည်သည် ဝမ်းမြောက်၏။ အကြောင်းမူကား သူတို့ကိုကြောက်ရွံ့သောစိတ်သည် ထိုပြည်သားတို့ကို လွှမ်းမိုးခဲ့၏။
105:39 ကိုယ်တော်သည် သူတို့ကိုအုပ်မိုးရန် မိုးတိမ်ကိုလည်းကောင်း၊ ညအချိန်တွင် အလင်းပေးရန် မီးကိုလည်းကောင်း ဖြန့်ထားတော်မူ၏။
105:40 သူတို့တောင်းသောအခါ ကိုယ်တော်သည် ငုံးကိုယူဆောင်လာပြီး ကောင်းကင်မှမုန့်ဖြင့် သူတို့ကိုဝပြောစေတော်မူ၏။
105:41 ကိုယ်တော်သည် ကျောက်ဆောင်ကို ဖွင့်တော်မူသောအခါ ရေများစီးထွက်၍ ခြောက်သွေ့သောနေရာတွင် မြစ်ကဲ့သို့စီးဆင်းလေ၏။
105:42 အကြောင်းမူကား ကိုယ်တော်သည် မိမိအစေအပါးအာဗြဟံအား ပေးထားသည့် သန့်ရှင်းသောကတိတော်ကို သတိရတော်မူ၏။
105:43 ဤသို့ဖြင့် မိမိလူမျိုးတော်ကို ရွှင်မြူးစေလျက်၊ မိမိရွေးကောက်သောသူတို့ကို ရွှင်လန်းစွာကြွေးကြော်စေလျက် ထုတ်ဆောင်တော်မူ၏။
105:44 ကိုယ်တော်သည် လူမျိုးခြားတို့၏ပြည်ကို သူတို့အား ပေးတော်မူသဖြင့် သူတို့သည် ထိုလူမျိုးတို့၏ကြိုးပမ်းအားထုတ်မှုအကျိုးကို အမွေဆက်ခံရကြ၏။
105:45 ဤသည်ကား သူတို့သည် ကိုယ်တော်၏ပြဋ္ဌာန်းချက်တို့ကို စောင့်ထိန်း၍ တရားတော်တို့ကို လိုက်နာကျင့်သုံးကြမည့်အကြောင်းတည်း။ ဟာလေလုယ။