Psalms 109
109:1 အကျွန်ုပ်၏ချီးမွမ်းရာဖြစ်တော်မူသော ဘုရားသခင်၊ တိတ်ဆိတ်စွာနေတော်မမူပါနှင့်။
109:2 အကြောင်းမူကား ဆိုးယုတ်သောသူ၊ လိမ်လည်လှည့်ဖြားသောသူတို့သည် အကျွန်ုပ်ကိုဆန့်ကျင်လျက် မိမိတို့နှုတ်ကိုဖွင့်ဟကြပါ၏။ မုသားသုံးသောလျှာဖြင့် အကျွန်ုပ်ကို ဆန့်ကျင်ပြောဆိုကြပါ၏။
109:3 သူတို့သည် အကျွန်ုပ်ကို မုန်းတီးသောစကားများ ဝိုင်းပြောကြပါ၏။ အကြောင်းမဲ့တိုက်ခိုက်ကြပါ၏။
109:4 အကျွန်ုပ်၏ချစ်ခြင်းမေတ္တာကို ပြစ်တင်စွပ်စွဲခြင်းဖြင့် တုံ့ပြန်ကြပါ၏။ အကျွန်ုပ်မူကား ဆုတောင်းလျက်နေပါ၏။
109:5 သူတို့သည် အကျွန်ုပ်အား အကောင်းကိုအဆိုးဖြင့်လည်းကောင်း၊ အကျွန်ုပ်၏ချစ်ခြင်းမေတ္တာကို မုန်းတီးခြင်းဖြင့်လည်းကောင်း ပြန်ဆပ်ကြပါ၏။
109:6 ထိုသို့သောသူအပေါ်မှာ ဆိုးယုတ်သောသူကို ခန့်ထားတော်မူပါ။ ပြစ်တင်စွပ်စွဲသူသည် သူ၏လက်ယာဘက်တွင် ရပ်နေပါစေ။
109:7 သူသည် တရားစီရင်ခြင်းခံရသောအခါ သူ၌အပြစ်ရှိကြောင်းထင်ရှားပါစေ။ သူ၏ဆုတောင်းခြင်းသည်လည်း အပြစ်ဖြစ်ပါစေ။
109:8 သူ၏အသက်တာနေ့ရက်တို့သည် တိုတောင်းပါစေ။ သူ၏အရိုက်အရာကို အခြားသူယူပါစေ။
109:9 သူ၏သားသမီးတို့သည် ဖတဆိုးများဖြစ်ကြပြီး သူ၏မယားသည် မုဆိုးမဖြစ်ပါစေ။
109:10 သူ၏သားသမီးတို့သည် အရပ်ရပ်လှည့်လည်၍ တောင်းရမ်းကြရပါစေ။ ပြိုပျက်သောမိမိတို့နေရာများမှထွက်၍ အစာကိုရှာကြရပါစေ။
109:11 ကြွေးရှင်သည် သူပိုင်ဆိုင်သောအရာအားလုံးကို သိမ်းယူပြီး သူစိမ်းတို့သည် သူလုပ်ဆောင်ရရှိသောအရာကို လုယူကြပါစေ။
109:12 သူ့အပေါ် မေတ္တာကရုဏာထားမည့်သူ၊ ဖတဆိုးဖြစ်ကြသော သူ၏သားသမီးတို့ကို သနားမည့်သူ တစ်ယောက်မျှမရှိပါစေနှင့်။
109:13 သူ၏နောင်လာနောက်သားသည် မျိုးပြတ်သွားပါစေ။ ထိုနောင်လာနောက်သားတို့၏နာမည်သည် နောက်မျိုးဆက်၌ပင်လျှင် ပယ်ဖျက်ခြင်းခံကြရပါစေ။
109:14 သူ့ဘိုးဘေးတို့၏ဒုစရိုက်သည် ထာဝရဘုရားရှေ့တော်၌ အောက်မေ့ခြင်းခံရပါစေ။ သူ့မိခင်၏အပြစ်သည်လည်း မည်သည့်အခါမျှ ပယ်ဖျက်ခြင်းမခံရပါစေနှင့်။
109:15 ထိုအပြစ်များသည် ထာဝရဘုရားရှေ့တော်၌ အစဉ်ရှိနေပါစေ။ သူ့ဘိုးဘေးတို့နှင့်ပတ်သက်သည့် အောက်မေ့စရာကိုလည်း ကမ္ဘာမြေကြီးပေါ်မှ ဖယ်ရှားတော်မူပါစေ။
109:16 အကြောင်းမူကား သူသည် မေတ္တာကရုဏာပြရန် မစဉ်းစားဘဲ အဖိနှိပ်ခံရသောသူ၊ နွမ်းပါးသောသူနှင့် စိတ်နှလုံးကြေကွဲသောသူကို လိုက်လံသတ်ဖြတ်ခဲ့၏။
109:17 သူသည် ကျိန်ဆဲခြင်းကို နှစ်သက်သည်ဖြစ်၍ သူ့အပေါ်ကျရောက်ပါစေ။ ကောင်းချီးမင်္ဂလာကို အလိုမရှိသည်ဖြစ်၍ သူနှင့်ဝေးကွာပါစေ။
109:18 ကျိန်ဆဲခြင်းကို မိမိအဝတ်ကဲ့သို့ ဝတ်ဆင်ထားသည်ဖြစ်၍ ၎င်းသည် သူ၏ကိုယ်ခန္ဓာထဲသို့ ရေကဲ့သို့လည်းကောင်း၊ သူ၏အရိုးများထဲသို့ ဆီကဲ့သို့လည်းကောင်း စိမ့်ဝင်ပါစေ။
109:19 ထိုကျိန်ဆဲခြင်းသည် သူလွှမ်းခြုံထားသော အဝတ်ကဲ့သို့လည်းကောင်း၊ သူအစဉ်မပြတ်ပတ်ထားသော ခါးပတ်ကဲ့သို့လည်းကောင်း သူ၌ဖြစ်ပါစေ။
109:20 အကျွန်ုပ်ကိုပြစ်တင်စွပ်စွဲသောသူများနှင့် အကျွန်ုပ်၏စိတ်ဝိညာဉ်ကိုဆန့်ကျင်လျက် မကောင်းပြောဆိုသောသူများသည် ထိုသို့သောအကျိုးကို ထာဝရဘုရားထံမှ ခံကြရပါစေ။
109:21 သို့သော် အို ဘုရားရှင်ထာဝရဘုရား၊ ကိုယ်တော်၏နာမတော်ကိုထောက်၍ အကျွန်ုပ်ကိုကျေးဇူးပြုတော်မူပါ။ ကိုယ်တော်၏မေတ္တာကရုဏာတော်သည် ကောင်းမြတ်သည်ဖြစ်၍ အကျွန်ုပ်ကိုကယ်နုတ်တော်မူပါ။
109:22 အကြောင်းမူကား အကျွန်ုပ်သည် အဖိနှိပ်ခံရသောသူ၊ နွမ်းပါးသောသူ ဖြစ်ပါ၏။ အကျွန်ုပ်၏စိတ်နှလုံးသည်လည်း အကျွန်ုပ်အထဲ၌ နာကျင်လျက်ရှိပါ၏။
109:23 အကျွန်ုပ်သည် ညနေစောင်းအရိပ်ကဲ့သို့ မှေးမှိန်ပျောက်ကွယ်သွားပါ၏။ ကျိုင်းကောင်ကဲ့သို့ ခါချခြင်းခံရပါ၏။
109:24 အကျွန်ုပ်၏ဒူးသည် အစာရှောင်ခြင်းကြောင့် ချည့်နဲ့၍ အကျွန်ုပ်၏ကိုယ်ခန္ဓာသည် အဆီမရှိသဖြင့် ပိန်ချုံးလျက်ရှိပါ၏။
109:25 အကျွန်ုပ်သည် သူတို့အတွက် ကဲ့ရဲ့ပြစ်တင်စရာဖြစ်ပါ၏။ သူတို့သည် အကျွန်ုပ်ကိုမြင်သောအခါ မိမိတို့ခေါင်းကိုခါယမ်းကြပါ၏။
109:26 အို အကျွန်ုပ်၏ဘုရားသခင် ထာဝရဘုရား၊ အကျွန်ုပ်ကိုကူညီမစတော်မူပါ။ ကိုယ်တော်၏မေတ္တာကရုဏာတော်နှင့်အညီ အကျွန်ုပ်ကိုကယ်တင်တော်မူပါ။
109:27 ထိုအမှုအရာသည် ကိုယ်တော်၏ လက်တော်အားဖြင့်ဖြစ်ကြောင်း သူတို့သိကြပါစေ။ အို ထာဝရဘုရား၊ ထိုအမှုအရာကို ကိုယ်တော်ပြုတော်မူခဲ့ပါ၏။
109:28 သူတို့သည် ကျိန်ဆဲသော်လည်း ကိုယ်တော်သည် ကောင်းချီးပေးတော်မူလိမ့်မည်။ သူတို့သည် ထကြွသော်လည်း အရှက်ကွဲကြရပါလိမ့်မည်။ ကိုယ်တော်၏အစေအပါးမူကား ဝမ်းမြောက်ရပါလိမ့်မည်။
109:29 အကျွန်ုပ်ကိုပြစ်တင်စွပ်စွဲသောသူတို့သည် အသရေပျက်ခြင်းကိုဝတ်ဆင်ကြရ၍ သူတို့၏အရှက်ကွဲခြင်းသည် ဝတ်လုံကဲ့သို့ သူတို့ကိုဖုံးလွှမ်းလိမ့်မည်။
109:30 အကျွန်ုပ်သည် အကျွန်ုပ်၏နှုတ်ဖြင့် ထာဝရဘုရား၏ကျေးဇူးတော်ကို အလွန်ချီးမွမ်းပါမည်။ များစွာသောလူတို့အလယ်တွင် ကိုယ်တော်ကိုချီးမွမ်းပါမည်။
109:31 အကြောင်းမူကား ကိုယ်တော်သည် နွမ်းပါးသောသူ၏စိတ်ဝိညာဉ်ကို အပြစ်စီရင်သောသူတို့ထံမှကယ်တင်ရန် ထိုသူ၏လက်ယာဘက်၌ ရပ်နေတော်မူ၏။