Library · my

Psalms 12

12:1 အို ထာဝရဘုရား​၊ ကယ်တင်​တော်မူ​ပါ​။ အကြောင်းမူကား ဘုရားဝတ်​၌​မွေ့လျော်​သော​သူ​မရှိ​တော့​ပါ​။ သစ္စာရှိ​သော​သူ​တို့​သည်​လည်း လူသား​တို့​ထဲတွင် ပျောက်ကွယ်​သွား​ကြ​ပါ​ပြီ​။ 12:2 လူ​တို့​သည် မိမိ​၏​အိမ်နီးချင်း​တို့​ကို မဟုတ်မမှန်​ပြောဆို​ကြ​ပါ​၏​။ မြှောက်ပင့်​တတ်​သော​နှုတ်ခမ်း​နှင့် နှစ်ခွ​သော​စိတ်​ဖြင့် ပြောဆို​ကြ​ပါ​၏​။ 12:3 ထာဝရဘုရား​သည် မြှောက်ပင့်​တတ်​သော​နှုတ်ခမ်း​နှင့် ဝါကြွား​ပြောဆို​တတ်​သော​လျှာ​ရှိသမျှ​တို့​ကို ဖယ်ရှား​တော်မူ​ပါစေ​။ 12:4 သူ​တို့​က “​ငါ​တို့​သည် ငါ​တို့​၏​စကား ​ဖြင့်​အောင်နိုင်​မည်​။ ငါ​တို့​နှုတ်​ကို ငါ​တို့​ပိုင်​၏​။ ငါ​တို့​၏​သခင်​ကား အဘယ်သူ​ဖြစ်​မည်နည်း​”​ဟု ပြောဆို​တတ်​ကြ​ပါ​၏​။ 12:5 ထာဝရဘုရား​က “​အဖိနှိပ်​ခံရ​သော​သူ​တို့​ကြုံ​ရ​သည့်​ညှဉ်းဆဲ​ခြင်း​နှင့် နွမ်းပါး​သော​သူ​တို့​၏​ညည်းတွား​ခြင်း​ကြောင့် ယခုပင် ငါ​ထ​မည်​။ သူ​တို့​တမ်းတ​သော​လုံခြုံ​ရာ​အရပ်​၌ သူ​တို့​ကို​ငါ​ထား​မည်​”​ဟု မိန့်​တော်မူ​၏​။ 12:6 ထာဝရဘုရား​၏​မိန့်​တော်မူ​ချက်​တို့​သည် စင်ကြယ်​သော​မိန့်​တော်မူ​ချက်​များ​ဖြစ်​ကြ​ပြီး မြေ​နှင့်​လုပ်​ထား​သည့်​မီးပြင်းဖို​၌​ချွတ်​၍ ခုနစ်​ကြိမ်​တိုင်တိုင်​သန့်စင်​ထား​သော ငွေ​ကဲ့သို့​ဖြစ်​ကြ​၏​။ 12:7 အို ထာဝရဘုရား​၊ ကိုယ်တော်​သည် သူ​တို့​ကို​စောင့်ရှောက်​၍ အကျွန်ုပ်​တို့ ​ကို ဤ​မျိုးဆက်​၏​လက်​မှ အစဉ်အမြဲ​ကာကွယ်​ပေး​တော်မူ​လိမ့်မည်​။ 12:8 ဆိုးညစ်​သော​အမှု​သည် လူသား​တို့​အလယ်​တွင် မြှောက်စား​ခြင်း​ခံရ​သောအခါ ဆိုးယုတ်​သော​သူ​တို့​သည် နေရာတကာ​သို့​လှည့်လည်​တတ်​ကြ​၏​။