Library · my

Psalms 144

144:1 ငါ​၏​ကျောက်ဆောင်​ဖြစ်​တော်မူ​သော ထာဝရဘုရား​သည် မင်္ဂလာရှိ​တော်မူ​၏​။ ကိုယ်တော်​သည် ငါ​၏​လက်​ကို စစ်မက်​အတွက်​လည်းကောင်း​၊ ငါ​၏​လက်ချောင်း​များ​ကို တိုက်ပွဲ​အတွက်​လည်းကောင်း လေ့ကျင့်​ပေး​တော်မူ​၏​။ 144:2 ကိုယ်တော်​သည် ငါ​၏​မေတ္တာကရုဏာ​ရှင်​၊ ငါ​၏​ရဲတိုက်​၊ ငါ​၏​ခိုကိုး​ရာ​၊ ငါ့​ကို​ကယ်တင်​သော​အရှင်​၊ ငါ​၏​ဒိုင်းလွှား​ဖြစ်​တော်မူ​၏​။ ငါ​သည် ကိုယ်တော်​ကို ခိုလှုံ​၏​။ ကိုယ်တော်​သည် ငါ​၏​လူမျိုး​ကို ငါ​အုပ်စိုး​ရ​သော​အခွင့်​ပေး​တော်မူ​၏​။ 144:3 အို ထာဝရဘုရား​၊ လူ​သည် မည်သို့​သော​သူ​ဖြစ်၍ ကိုယ်တော်​သည် သူ့​ကို​သိမှတ်​တော်မူ​ရ​သနည်း​။ လူ့​သား​သည် မည်သို့​သော​သူ​ဖြစ်၍ ကိုယ်တော်​သည် သူ့​ကို​ပမာဏပြု​တော်မူ​ရ​သနည်း​။ 144:4 လူ​သည် အခိုးအငွေ့​ကဲ့သို့​ဖြစ်​ပါ​၏​။ သူ​၏​နေ့ရက်​တို့​သည် ရိပ်ကနဲ​ဖြတ်သွား​သော အရိပ်​ကဲ့သို့​ဖြစ်​ကြ​ပါ​၏​။ 144:5 အို ထာဝရဘုရား​၊ ကိုယ်တော်​၏​ကောင်းကင်​ကို​ညွှတ်​၍ ကြွဆင်း​တော်မူ​ပါ​။ တောင်​များ​မှ မီးခိုး​ထွက်လာ​စေရန် ၎င်း​တို့​ကို တို့ထိ​တော်မူ​ပါ​။ 144:6 လျှပ်စီး​ကို​လက်​စေ​လျက် ရန်သူ​တို့​ကို ကွဲလွင့်​စေ​တော်မူ​ပါ​။ ကိုယ်တော်​၏​မြား​တို့​ကို​ပစ်လွှတ်​၍ သူ​တို့​ကို​အရေးနိမ့်​စေ​တော်မူ​ပါ​။ 144:7 မြင့်သောအရပ်​မှ လက်​တော်​ကို​ဆန့်​တော်မူ​ပါ​။ များစွာ​သော​ရေ​ထဲမှ​လည်းကောင်း​၊ တိုင်းတစ်ပါးသား​တို့​၏​လက်​ထဲမှ​လည်းကောင်း အကျွန်ုပ်​ကို​ကယ်နုတ်​ပြီး လွတ်မြောက်​စေ​တော်မူ​ပါ​။ 144:8 သူ​တို့​၏​နှုတ်​သည် မဟုတ်မမှန်​ပြောဆို​တတ်​ပါ​၏​။ သူ​တို့​၏​လက်ယာ​လက်​သည်​လည်း လှည့်ဖြား​တတ်​သော​လက်​ဖြစ်​ပါ​၏​။ 144:9 အို ဘုရားသခင်​၊ အကျွန်ုပ်​သည် ကိုယ်တော့်​ထံသို့ သီချင်း​အသစ်​ကို သီကျူး​ပါ​မည်​။ ဆယ်​ကြိုး​တပ်​စောင်းပြား​တီး​၍ ကိုယ်တော်​ကို သီဆိုချီးမွမ်း​ပါ​မည်​။ 144:10 ကိုယ်တော်​သည် ရှင်ဘုရင်​တို့​အား အောင်ပွဲ​ကို​ပေး​တော်မူ​၏​။ ကိုယ်တော်​၏​အစေအပါး​ဒါဝိဒ်​ကို​လည်း ဆိုးဝါး​သော​ဓားဘေး​မှ​လွတ်မြောက်​စေ​တော်မူ​၏​။ 144:11 တိုင်းတစ်ပါးသား​တို့​၏​လက်​မှ အကျွန်ုပ်​ကို​ကယ်နုတ်​ပြီး လွတ်မြောက်​စေ​တော်မူ​ပါ​။ သူ​တို့​၏​နှုတ်​သည် မဟုတ်မမှန်​ပြောဆို​တတ်​ပါ​၏​။ သူ​တို့​၏​လက်ယာ​လက်​သည်​လည်း လှည့်ဖြား​တတ်​သော​လက်​ဖြစ်​ပါ​၏​။ 144:12 အကျွန်ုပ်​တို့​၏​သား​များ​သည် သူ​တို့​ပျိုရွယ်​ချိန်​တွင် ကြီးထွား​တတ်​သော​ပျိုးပင်​များ​ကဲ့သို့ ဖြစ်​ကြ​ပါစေသော​။ အကျွန်ုပ်​တို့​၏​သမီး​များ​သည် နန်းတော်​အတွက် ထွင်းထု​ထား​သော ထောင့်ကျောက်​တိုင်​ကဲ့သို့ ဖြစ်​ကြ​ပါစေသော​။ 144:13 အကျွန်ုပ်​တို့​၏​ကျီ​များ​သည် လယ်ယာထွက်ကုန် အမျိုးမျိုး​တို့​ဖြင့် ပြည့်​ကြ​ပါစေသော​။ အကျွန်ုပ်​တို့​၏​သိုး​များ​သည် အကျွန်ုပ်​တို့​၏ ကွင်းပြင်​များ​ထဲတွင် ထောင်သောင်း​မက ပွားများ​ကြ​ပါစေသော​။ 144:14 အကျွန်ုပ်​တို့​၏​နွား​တို့​သည် ထမ်းပိုး​ကောင်း​ကြ​ပါစေသော​။ မြို့ရိုး​ကျိုးပေါက်​ခြင်း​မ​ရှိ​၊ သိမ်းသွား​ခံရ​ခြင်း​လည်း​မ​ရှိ​၊ အကျွန်ုပ်​တို့​၏​လမ်း​များ​၌ ငိုကြွေးပူဆွေး​ခြင်း​လည်း မ​ရှိ​ပါစေ​နှင့်​။ 144:15 ထိုသို့​သော​ကောင်းချီး​များ​ကို​ခံစား​ရ​သော​လူမျိုး​သည် မင်္ဂလာ​ရှိ​၏​။ ထာဝရဘုရား​ကို မိမိ​၏​ဘုရား​အဖြစ် ကိုးကွယ်​သော​လူမျိုး​သည် မင်္ဂလာ​ရှိ​၏​။