Psalms 148
148:1 ဟာလေလုယ။ ထာဝရဘုရားကို ကောင်းကင်ပေါ်မှ ချီးမွမ်းကြလော့။ ကိုယ်တော်ကို မြင့်မြတ်သောအရပ်၌ ချီးမွမ်းကြလော့။
148:2 ကိုယ်တော်၏ကောင်းကင်တမန်အပေါင်းတို့၊ ကိုယ်တော်ကို ချီးမွမ်းကြလော့။ ကိုယ်တော်၏ကောင်းကင်ဗိုလ်ခြေအပေါင်းတို့၊ ကိုယ်တော်ကို ချီးမွမ်းကြလော့။
148:3 နေနှင့်လတို့၊ ကိုယ်တော်ကို ချီးမွမ်းကြလော့။ တောက်ပသောကြယ်အပေါင်းတို့၊ ကိုယ်တော်ကိုချီးမွမ်းကြလော့။
148:4 အမြင့်ဆုံးသောကောင်းကင်နှင့် ကောင်းကင်အထက်မှရေများတို့၊ ကိုယ်တော်ကို ချီးမွမ်းကြလော့။
148:5 ၎င်းတို့သည် ထာဝရဘုရား၏အမိန့်တော်ဖြင့် ဖန်ဆင်းခြင်းခံရကြသည်ဖြစ်၍ ကိုယ်တော်၏နာမတော်ကိုချီးမွမ်းကြပါစေ။
148:6 ကိုယ်တော်သည် ၎င်းတို့ကို ကာလအစဉ်အဆက်တည်စေ၍ မပျောက်ပျက်နိုင်သောပြဋ္ဌာန်းချက်ကို ပေးတော်မူ၏။
148:7 ရေသတ္တဝါကြီးများနှင့် နက်ရှိုင်းရာအရပ်ရှိသမျှ၊
148:8 မီးနှင့်မိုးသီး၊ နှင်းပွင့်နှင့်မြူခိုး၊ ကိုယ်တော်၏အမိန့်တော်အတိုင်းလုပ်ဆောင်သော လေမုန်တိုင်း၊
148:9 တောင်များနှင့် တောင်ကုန်းရှိသမျှ၊ သီးစားပင်နှင့်သစ်ကတိုးပင်ရှိသမျှ၊
148:10 တောရိုင်းတိရစ္ဆာန်နှင့် ယဉ်ပါးသောတိရစ္ဆာန်ရှိသမျှ၊ တွားသွားသောတိရစ္ဆာန်များနှင့် ပျံသန်းတတ်သောငှက်၊
148:11 ကမ္ဘာမြေကြီးပေါ်ရှိ ရှင်ဘုရင်များနှင့် လူမျိုးရှိသမျှ၊ အကြီးအကဲများနှင့် ကမ္ဘာမြေကြီးပေါ်ရှိစီရင်အုပ်ချုပ်သူရှိသမျှ၊
148:12 လူပျိုများနှင့်အပျိုများ၊ အသက်ကြီးသောသူများနှင့်ကလေးသူငယ်များတို့၊ ထာဝရဘုရားကို ကမ္ဘာမြေကြီးပေါ်မှ ချီးမွမ်းကြလော့။
148:13 ကိုယ်တော်၏နာမတော်တစ်ပါးတည်းသာ ချီးမြှောက်ခြင်းခံရ၍ ကိုယ်တော်၏ဘုန်းကျက်သရေသည် မြေကြီးနှင့် ကောင်းကင်အထက်၌ရှိတော်မူသောကြောင့် သူတို့သည် ထာဝရဘုရား၏နာမတော်ကို ချီးမွမ်းကြပါစေ။
148:14 ကိုယ်တော်သည် မိမိ၏လူမျိုးတော်အတွက် ဦးချိုကိုချီးမြှောက်တော်မူ၏။ ၎င်းသည် မိမိ၏သန့်ရှင်းသူအားလုံးအတွက်၊ မိမိအနီးတွင်ရှိသည့်လူမျိုးတည်းဟူသော အစ္စရေးအမျိုးသားတို့အတွက် ချီးမွမ်းရာဖြစ်၏။ ဟာလေလုယ။