Psalms 18
18:1 အို ထာဝရဘုရား၊ အကျွန်ုပ်၏စွမ်းပကားဖြစ်တော်မူသောကိုယ်တော်ကို အကျွန်ုပ်မြတ်နိုးပါ၏။
18:2 ထာဝရဘုရားသည် ငါ၏ကျောက်၊ ငါ၏ရဲတိုက်၊ ငါ့ကိုကယ်တင်တော်မူသောအရှင်၊ ငါ၏ဘုရား၊ ငါခိုလှုံရာကျောက်ဆောင်၊ ငါ၏ဒိုင်းလွှား၊ ငါ၏ကယ်တင်ခြင်းဦးချိုနှင့် ငါခိုကိုးရာဖြစ်တော်မူ၏။
18:3 ချီးမွမ်းထိုက်သောထာဝရဘုရားကို ငါခေါ်သောအခါ ငါ့ရန်သူတို့၏လက်မှ ငါ့ကိုကယ်တင်တော်မူ၏။
18:4 သေခြင်း၏ကြိုးတို့သည် ငါ့ကိုရစ်ပတ်ထားပြီး ဖျက်ဆီးခြင်းရေအဟုန်တို့သည် ငါ့ကိုခြောက်လှန့်နေပါ၏။
18:5 မရဏာကြိုးတို့သည် ငါ့ကို ပတ်စည်းထားပြီး သေမင်းထောင်ချောက်များလည်း ငါ့ကို ဆီးကြိုနေပါ၏။
18:6 ဆင်းရဲဒုက္ခရောက်စဉ် ငါသည် ထာဝရဘုရားကို ခေါ်ပါ၏။ ငါ၏ဘုရားသခင်ကို အကူအညီအော်ဟစ်တောင်းခံပါ၏။ ကိုယ်တော်သည် ငါ၏အသံကို ဗိမာန်တော်ထဲမှ ကြားတော်မူပါ၏။ ငါ၏အော်ဟစ်သံသည်လည်း ကိုယ်တော်၏ရှေ့တော်၊ ကိုယ်တော်၏နားတော်သို့ရောက်ပါ၏။
18:7 ထိုအခါ ကိုယ်တော်သည် အမျက်ထွက်တော်မူသောကြောင့် မြေကြီးသည် ယိမ်းထိုးလှုပ်ခါ၏။ တောင်များ၏အခြေအမြစ်တို့သည်လည်း ယိမ်းထိုးခါယမ်းကြ၏။
18:8 ကိုယ်တော်၏နှာခေါင်းတော်ထဲမှ မီးခိုးထွက်၍ ခံတွင်းတော်ထဲမှ မီးတောက်ထွက်လာ၏။ ထိုမီးတောက်ကြောင့် မီးခဲတို့သည် တောက်လောင်ကြ၏။
18:9 ကိုယ်တော်သည် မိုးကောင်းကင်ကို ညွတ်စေ၍ ကြွဆင်းတော်မူ၏။ အမှောင်ထုသည် ခြေတော်အောက်၌ရှိ၏။
18:10 ကိုယ်တော်သည် ခေရုဗိမ် ကိုစီး၍ ပျံသန်းတော်မူ၏။ လေအတောင်ပံများအားဖြင့် ထိုးဆင်းတော်မူ၏။
18:11 ကိုယ်တော်သည် အမှောင်ကို မိမိ၏လျှို့ဝှက်သောနေရာဖြစ်စေတော်မူ၏။ မိုးရေဖွဲ့ထားသောတိမ်တိုက်ထုကြီး၏အမှောင်ထုသည် ကိုယ်တော်၏ပတ်လည်၌ရှိသော အခြံအရံဖြစ်၏။
18:12 ရှေ့တော်ရှိရောင်ခြည်တော်ကြောင့် မိုးသီးနှင့်တောက်လောင်သောမီးခဲများသည် ကိုယ်တော်၏တိမ်တိုက်များကို ဖြတ်ကျော်၍ထွက်လာကြ၏။
18:13 ထာဝရဘုရားသည် ကောင်းကင်၌ ခြိမ်းသံကိုပေးတော်မူ၏။ အမြင့်ဆုံးသောအရှင်သည် မိမိအသံကို မိုးသီးနှင့်တောက်လောင်သောမီးခဲများနှင့်တကွ လွှင့်တော်မူ၏။
18:14 မြားတို့ကို ပစ်လွှတ်၍ ရန်သူတို့ကို ကွဲလွင့်စေတော်မူ၏။ လျှပ်စီးလက်စေ၍ သူတို့ကို ကစဥ့်ကလျားဖြစ်စေတော်မူ၏။
18:15 အို ထာဝရဘုရား၊ ကိုယ်တော်၏ဆုံးမခြင်းနှင့် နှာခေါင်းတော်ထဲမှ ရှူထုတ်သောလေကြောင့် ပင်လယ်ကြမ်းပြင်များ ပေါ်လာ၍ ကမ္ဘာကြီး၏အောက်ခြေတို့သည် ဟင်းလင်းပြင်ဖြစ်လေ၏။
18:16 ကိုယ်တော်သည် အထက်အရပ်မှလှမ်း၍ ငါ့ကိုဆွဲကိုင်တော်မူ၏။ ရေထုထဲမှ ငါ့ကိုဆယ်ယူတော်မူ၏။
18:17 ငါမပြိုင်နိုင်လောက်အောင် ခွန်အားကြီးမားသော ငါ့ရန်သူ၏လက်မှလည်းကောင်း၊ ငါ့ကိုမုန်းသောသူတို့၏လက်မှလည်းကောင်း ငါ့ကိုကယ်နုတ်တော်မူ၏။
18:18 ငါဘေးဒုက္ခရောက်ချိန်တွင် သူတို့သည် ငါ့ကို တိုက်ခိုက်ကြသော်လည်း ထာဝရဘုရားသည် ငါ့ကို ထောက်မတော်မူ၏။
18:19 ကိုယ်တော်သည် ငါ့ကို ကျယ်ဝန်းသောအရပ်သို့ ပို့ဆောင်တော်မူ၏။ ငါ့ကိုနှစ်သက်တော်မူသောကြောင့် ငါ့ကိုကယ်မတော်မူ၏။
18:20 ထာဝရဘုရားသည် ငါဖြောင့်မတ်သည်နှင့်အညီ ငါ့ကို ကျေးဇူးပြုတော်မူ၏။ ငါ့လက်သန့်ရှင်းသည်နှင့်အညီ ငါ့ကို ချီးမြှောက်တော်မူ၏။
18:21 အကြောင်းမူကား ငါသည် ထာဝရဘုရား၏လမ်းတို့ကို စောင့်ထိန်း၏။ ဆိုးယုတ်သောအမှုကို မပြုပါ။ ငါ၏ဘုရားသခင်ထံမှ ကျောခိုင်းမသွားပါ။
18:22 အကယ်စင်စစ် ကိုယ်တော်၏စီရင်ထုံးဖွဲ့ချက်ရှိသမျှတို့ကို ငါမျက်မှောက်ပြုပါ၏။ ကိုယ်တော်၏ပြဋ္ဌာန်းချက်တို့မှ ငါလွှဲရှောင်မသွားပါ။
18:23 ငါသည် ကိုယ်တော်၏ရှေ့တော်၌ အပြစ်တင်စရာမရှိအောင်နေ၍ ဒုစရိုက်မပြုမိအောင် ကိုယ့်ကိုယ်ကို စောင့်ထိန်းပါ၏။
18:24 ထို့ကြောင့် ထာဝရဘုရားသည် ငါဖြောင့်မတ်သည်နှင့်အညီ၊ ကိုယ်တော်၏မျက်မှောက်တော်၌ ငါ့လက်သန့်ရှင်းသည်နှင့်အညီ ငါ့ကိုချီးမြှောက်တော်မူ၏။
18:25 ကိုယ်တော်သည် မေတ္တာကရုဏာရှိသောသူအား မိမိမေတ္တာကရုဏာရှိကြောင်းကို ပြတော်မူ၏။ အပြစ်ကင်းသောသူအား မိမိအပြစ်ကင်းကြောင်းကို ပြတော်မူ၏။
18:26 သန့်ရှင်းသောသူအား မိမိသန့်ရှင်းကြောင်းကို ပြတော်မူ၏။ ကောက်ကျစ်သောသူအား မိမိဉာဏ်များကြောင်းကို ပြတော်မူ၏။
18:27 အကြောင်းမူကား ကိုယ်တော်သည် အဖိနှိပ်ခံရသောလူမျိုးကို ကယ်တင်တော်မူ၏။ ထောင်လွှားသောမျက်နှာကိုကား နိမ့်ကျစေတော်မူ၏။
18:28 ကိုယ်တော်သည် အကျွန်ုပ်၏မီးခွက်ကို ထွန်းလင်းစေတော်မူ၏။ အကျွန်ုပ်၏ဘုရားသခင် ထာဝရဘုရားသည် အကျွန်ုပ်၏မှောင်မိုက်ကို လင်းစေတော်မူ၏။
18:29 အကယ်စင်စစ် အကျွန်ုပ်သည် ကိုယ်တော်အားဖြင့် တပ်တစ်တပ်လုံးကို ဝင်ရောက်စီးနင်းနိုင်ပါ၏။ အကျွန်ုပ်၏ဘုရားသခင်အားဖြင့် တံတိုင်းကိုလည်း ကျော်နိုင်ပါ၏။
18:30 ဘုရားသခင်၏လမ်းသည် ပြည့်ဝစုံလင်၏။ ထာဝရဘုရား၏မိန့်တော်မူချက်သည် ခိုင်လုံမှန်ကန်၏။ ကိုယ်တော်သည် အထံတော်၌ခိုလှုံသောသူ ရှိသမျှတို့၏ဒိုင်းလွှားဖြစ်တော်မူ၏။
18:31 အကြောင်းမူကား ထာဝရဘုရားမှတစ်ပါး မည်သူသည် ဘုရားသခင်ဖြစ်သနည်း။ ငါတို့၏ဘုရားသခင်မှတစ်ပါး မည်သူသည် ကျောက်ဆောင်ဖြစ်သနည်း။
18:32 ဘုရားသခင်သည် ငါ့ကို ခွန်အားနှင့်ပတ်စည်းသောဘုရားဖြစ်၍ ငါ၏လမ်းကို ချောမွေ့စေတော်မူ၏။
18:33 ငါ၏ခြေကို သမင်တို့၏ခြေကဲ့သို့ဖြစ်စေ၍ မြင့်သောနေရာတို့၌ ငါ့ကိုရပ်စေတော်မူ၏။
18:34 ငါ၏လက်ကို စစ်ရေး၌လေ့ကျက်စေတော်မူသဖြင့် ငါ၏လက်ရုံးသည် ကြေးဝါလေးကိုတင်နိုင်၏။
18:35 ကိုယ်တော်သည် ကယ်တင်ခြင်းဒိုင်းလွှားကို အကျွန်ုပ်အားပေးတော်မူ၏။ ကိုယ်တော်၏လက်ယာလက်တော်သည် အကျွန်ုပ်ကိုဖေးမ၍ ကိုယ်တော်၏နူးညံ့သိမ်မွေ့သောသဘောကြောင့် အကျွန်ုပ်သည် ကြီးမြတ်သူဖြစ်လာရပါ၏။
18:36 ကိုယ်တော်သည် အကျွန်ုပ်ခြေလှမ်းစရာလမ်းကို ကျယ်ပြန့်စေတော်မူသောကြောင့် အကျွန်ုပ်ခြေမချော်ခဲ့ပါ။
18:37 အကျွန်ုပ်သည် အကျွန်ုပ်၏ရန်သူများကိုလိုက်၍မီပြီး သူတို့ကိုအပြီးသတ်မသုတ်သင်မီတိုင်အောင် နောက်ပြန်မလှည့်ခဲ့ပါ။
18:38 အကျွန်ုပ်သည် သူတို့မထနိုင်အောင် ချေမှုန်းခဲ့ပါ၏။ သူတို့သည် အကျွန်ုပ်၏ခြေအောက်တွင် လဲကျခဲ့ကြပါ၏။
18:39 ကိုယ်တော်သည် စစ်ပွဲအတွက် အကျွန်ုပ်ကိုခွန်အားနှင့်ပတ်စည်း၍ အကျွန်ုပ်ကိုဆန့်ကျင်သောသူတို့အား အကျွန်ုပ်အောက်တွင် ညွတ်တွားစေတော်မူ၏။
18:40 အကျွန်ုပ်ရှေ့တွင် အကျွန်ုပ်၏ရန်သူတို့ကို လည်စင်းခံရစေသဖြင့် အကျွန်ုပ်ကိုမုန်းသောသူတို့အား အကျွန်ုပ်ဖယ်ရှားသုတ်သင်နိုင်ခဲ့ပါ၏။
18:41 သူတို့အော်ဟစ်သော်လည်း ကယ်တင်မည့်သူမရှိပါ။ ထာဝရဘုရားထံ အကူအညီအော်ဟစ်တောင်းခံကြသော်လည်း သူတို့ကို ထူးတော်မမူပါ။
18:42 ထိုအခါ အကျွန်ုပ်သည် သူတို့ကို လေထဲလွင့်ပါသောမြေမှုန့်ကဲ့သို့ ညက်ညက်ချေ၍ လမ်းပေါ်မှရွှံ့ကဲ့သို့ သူတို့ကိုသွန်ပစ်ပါ၏။
18:43 ကိုယ်တော်သည် အကျွန်ုပ်ကိုတိုက်ခိုက်သော လူတို့လက်မှ အကျွန်ုပ်ကိုလွတ်မြောက်စေ၍ လူမျိုးတကာတို့၏အကြီးအမှူး ဖြစ်စေတော်မူ၏။ အကျွန်ုပ်မသိဖူးသောလူတို့သည် အကျွန်ုပ်ကိုအစေခံကြပါ၏။
18:44 သူတို့သည် အကျွန်ုပ်အကြောင်းကိုကြားရသည်နှင့် အကျွန်ုပ်စကားကိုနာခံကြပါ၏။ တိုင်းတစ်ပါးသားတို့သည် အကျွန်ုပ်ကို ခယဝပ်တွားကြပါ၏။
18:45 တိုင်းတစ်ပါးသားတို့သည် လက်မှိုင်ချ၍ မိမိတို့၏ခြေကုပ်စခန်းများထဲမှ တုန်လှုပ်လျက်ထွက်လာကြပါ၏။
18:46 ထာဝရဘုရားသည် အသက်ရှင်တော်မူ၏။ သို့ဖြစ်၍ ငါ၏ကျောက်ဆောင်ကို ကောင်းချီးထောမနာပြုကြလော့။ ငါ့ကိုကယ်တင်တော်မူသောဘုရားသခင်ကို ချီးမြှောက်ကြလော့။
18:47 ဘုရားသခင်သည် ငါ့အတွက်လက်တုံ့ပြန်ပေး၍ လူမျိုးတို့ကို ငါ့လက်အောက်သို့ ရောက်စေတော်မူ၏။
18:48 ငါ၏ရန်သူတို့လက်မှ ငါ့ကိုလွတ်မြောက်စေတော်မူ၏။ ကိုယ်တော်သည် အကျွန်ုပ်ကိုဆန့်ကျင်သော သူတို့အပေါ် အကျွန်ုပ်ကိုချီးမြှောက်တော်မူပြီး ရက်စက်ကြမ်းကြုတ်သောသူတို့၏လက်မှ အကျွန်ုပ်ကိုကယ်နုတ်တော်မူ၏။
18:49 ထို့ကြောင့် အို ထာဝရဘုရား၊ အကျွန်ုပ်သည် လူမျိုးတကာတို့အလယ်၌ ကိုယ်တော်၏ကျေးဇူးတော်ကိုချီးမွမ်း၍ ကိုယ်တော်၏နာမတော်ကိုသီဆိုချီးမွမ်းပါမည်။
18:50 ကိုယ်တော်သည် မိမိခန့်ထားသောရှင်ဘုရင်အား ကြီးမားသောအောင်ပွဲများကိုခံစေပြီး မိမိဘိသိက်ပေးထားသောဒါဝိဒ်နှင့် သူ၏အမျိုးအနွယ်အား မေတ္တာကရုဏာတော်ကို ကာလအစဉ်အဆက်ပြတော်မူ၏။