Psalms 20
20:1 ဆင်းရဲဒုက္ခရောက်သောကာလ၌ ထာဝရဘုရားသည် သင့်ကိုထူးတော်မူပါစေသော။ ယာကုပ်၏ဘုရားသခင်နာမတော်သည် သင့်ကိုလုံခြုံစွာစောင့်ရှောက်ပါစေသော။
20:2 ကိုယ်တော်သည် သင့်အတွက်ကူညီမစမှုကို သန့်ရှင်းရာဌာနတော်ထဲမှစေလွှတ်၍ သင့်ကို ဇိအုန်မှ ဖေးမတော်မူပါစေသော။
20:3 သင်၏ပူဇော်သက္ကာအားလုံးကိုအောက်မေ့၍ သင်၏မီးရှို့ရာယဇ်ကို လက်ခံတော်မူပါစေသော။
20:4 ကိုယ်တော်သည် သင်၏စိတ်အလိုဆန္ဒကို ဖြည့်ဆည်းပေး၍ သင်၏အကြံဉာဏ်ရှိသမျှတို့ကို ပြည့်စုံစေတော်မူပါစေသော။
20:5 ငါတို့သည် သင်၏အောင်မြင်ခြင်းကြောင့် ရွှင်လန်းစွာကြွေးကြော်၍ ငါတို့ဘုရားသခင်၏နာမတော်၌ အောင်လံကိုစိုက်ထူကြမည်။ ထာဝရဘုရားသည် သင်တောင်းလျှောက်သမျှတို့ကို ပြည့်စုံစေတော်မူပါစေသော။
20:6 ထာဝရဘုရားသည် မိမိဘိသိက်ပေးထားသောသူကို ကယ်တင်တော်မူကြောင်း ယခုငါသိ၏။ ကိုယ်တော်သည် သူ့အား လက်ယာလက်တော်၏အစွမ်းတန်ခိုးတော်များဖြင့် ကယ်တင်တော်မူ၏။ မိမိ၏သန့်ရှင်းသောကောင်းကင်ဘုံမှ သူ့ကိုထူးတော်မူ၏။
20:7 အချို့တို့သည် စစ်ရထားများအတွက်၊ အချို့တို့သည် မြင်းများအတွက် ဂုဏ်ယူဝင့်ကြွားကြ၏။ ငါတို့မူကား ငါတို့၏ဘုရားသခင် ထာဝရဘုရား၏နာမတော်အတွက် ဂုဏ်ယူဝင့်ကြွားကြ၏။
20:8 သူတို့သည် ခွေယိုင်လဲကျသွားကြ၏။ ငါတို့မူကား ထ၍ခိုင်မြဲစွာရပ်နေကြ၏။
20:9 အို ထာဝရဘုရား၊ ဘုရင်မင်းကြီးကို ကယ်တင်တော်မူပါ။ အကျွန်ုပ်တို့ခေါ်သောအခါ အကျွန်ုပ်တို့ကိုထူးတော်မူပါ။