Psalms 26
26:1 အို ထာဝရဘုရား၊ အကျွန်ုပ်၌အပြစ်မရှိကြောင်း စီရင်တော်မူပါ။ အကြောင်းမူကား အကျွန်ုပ်သည် တည်ကြည်စွာလျှောက်လှမ်း၍ ယိမ်းယိုင်ခြင်းမရှိဘဲ ထာဝရဘုရားကို ယုံကြည်ကိုးစားပါ၏။
26:2 အို ထာဝရဘုရား၊ အကျွန်ုပ်ကိုစစ်ဆေး၍ အကျွန်ုပ်ကိုစမ်းသပ်တော်မူပါ။ အကျွန်ုပ်၏စိတ်နှလုံးအတွင်းသဘောကို စစ်ကြောတော်မူပါ။
26:3 အကြောင်းမူကား ကိုယ်တော်၏မေတ္တာကရုဏာတော်သည် အကျွန်ုပ်၏မျက်မှောက်တွင်ရှိပါ၏။ အကျွန်ုပ်သည် ကိုယ်တော်၏သမ္မာတရား၌ လျှောက်လှမ်းပါ၏။
26:4 အကျွန်ုပ်သည် မဟုတ်မမှန်သောသူတို့နှင့်အတူ မထိုင်ပါ။ သူတော်ကောင်းယောင်ဆောင်သောသူတို့နှင့်လည်း အတူသွားလာမည်မဟုတ်ပါ။
26:5 ဆိုးညစ်သောအမှုကိုပြုသောသူတို့၏အစုအဝေးကို မုန်းပါ၏။ ဆိုးယုတ်သောသူတို့နှင့်လည်း အတူထိုင်မည်မဟုတ်ပါ။
26:6 အို ထာဝရဘုရား၊ အကျွန်ုပ်သည် အပြစ်ကင်းခြင်းထဲ၌ အကျွန်ုပ်၏လက်ကိုဆေးကြော၍ ကိုယ်တော်၏ယဇ်ပလ္လင်ကိုလှည့်ပတ်ကာ
26:7 ကျေးဇူးတော်ချီးမွမ်းခြင်းအသံကိုလွှင့်၍ ကိုယ်တော်၏အံ့ဖွယ်သောအမှုရှိသမျှတို့ကို ပြောကြားပါမည်။
26:8 အို ထာဝရဘုရား၊ ကိုယ်တော်ကိန်းဝပ်ရာအိမ်တော်နှင့် ကိုယ်တော်၏ဘုန်းအသရေတည်ရှိရာအရပ်တို့ကို အကျွန်ုပ်မြတ်နိုးပါ၏။
26:9 အပြစ်သားတို့နှင့်အတူ အကျွန်ုပ်၏စိတ်ဝိညာဉ်ကိုလည်းကောင်း၊ လူ့အသက်သတ်သောသူတို့နှင့်အတူ အကျွန်ုပ်၏အသက်ကိုလည်းကောင်း ရုပ်သိမ်းတော်မမူပါနှင့်။
26:10 ထိုသူတို့လက်ထဲ၌ ဆိုးညစ်သောအကြံရှိ၍ သူတို့၏လက်ယာလက်သည် တံစိုးလက်ဆောင်နှင့်ပြည့်နေပါ၏။
26:11 အကျွန်ုပ်မူကား တည်ကြည်စွာလျှောက်လှမ်းပါ၏။ အကျွန်ုပ်ကိုရွေးနုတ်ကယ်တင်၍ အကျွန်ုပ်ကိုသနားတော်မူပါ။
26:12 အကျွန်ုပ်၏ခြေသည် ညီညာသောအရပ်၌ရပ်နေပါ၏။ အကျွန်ုပ်သည် လူထုပရိသတ်ကြီးအလယ်တွင် ထာဝရဘုရားကို ကောင်းချီးထောမနာပြုပါမည်။