Psalms 32
32:1 ကျူးလွန်သောအပြစ်ခွင့်လွှတ်ခြင်းခံရသောသူ၊ အပြစ်ဖုံးအုပ်ခြင်းခံရသောသူသည် မင်္ဂလာရှိ၏။
32:2 ထာဝရဘုရားအပြစ်မယူသောသူ၊ မိမိစိတ်ဝိညာဉ်၌လိမ်လည်ကောက်ကျစ်မှု မရှိသောသူသည် မင်္ဂလာရှိ၏။
32:3 အကျွန်ုပ်သည် တိတ်ဆိတ်စွာနေသောအခါ တစ်နေ့လုံးညည်းတွားရ၍ အကျွန်ုပ်၏အရိုးတို့သည် ဆွေးမြည့်ကြပါ၏။
32:4 အကြောင်းမူကား ကိုယ်တော်၏လက်တော်သည် အကျွန်ုပ်အပေါ်၌ နေ့ညမပြတ်လေးလံလျက်ရှိပါ၏။ အကျွန်ုပ်၏စိုပြည်လန်းဆန်းမှုသည် နွေကာလ၏အပူရှိန်၌ကဲ့သို့ ကုန်ခန်းပါပြီ။
32:5 အကျွန်ုပ်သည် အကျွန်ုပ်၏အပြစ်ကို ကိုယ်တော်ထံဝန်ချပါ၏။ အကျွန်ုပ်၏ဒုစရိုက်ကိုလည်း ဖုံးအုပ်မထားပါ။ “အကျွန်ုပ်ကျူးလွန်သောအပြစ်များကို ထာဝရဘုရားထံဖော်ပြဝန်ခံမည်”ဟု အကျွန်ုပ်ပြောဆိုခဲ့ပါ၏။ ထိုအခါ ကိုယ်တော်သည် အကျွန်ုပ်၏အပြစ်ဒုစရိုက်ကို ခွင့်လွှတ်တော်မူ၏။
32:6 ထို့ကြောင့် ကိုယ်တော်ကိုတွေ့နိုင်သည့်ကာလတွင် သန့်ရှင်းသူအပေါင်းတို့သည် ကိုယ်တော့်ထံဆုတောင်းကြပါစေ။ အကယ်စင်စစ် လျှံတက်လာသည့် များစွာသောရေပင်လျှင် သူတို့ထံသို့ရောက်နိုင်မည်မဟုတ်။
32:7 ကိုယ်တော်သည် အကျွန်ုပ်၏ ကွယ်ကာရာအရပ်ဖြစ်တော်မူ၏။ အကျွန်ုပ်ကို ဘေးရန်မှကာကွယ်လျက် ကယ်တင်ခြင်းသီချင်းများဖြင့် အကျွန်ုပ်ကိုဝိုင်းရံထားတော်မူ၏။
32:8 ငါသည် သင့်ကိုပညာသတိရှိစေ၍ သင်သွားရမည့်လမ်းကိုသွန်သင်ပြသမည်။ သင့်ကိုကြည့်ရှုလျက် အကြံပေးမည်။
32:9 အသိဉာဏ်မရှိသောမြင်း၊ သို့မဟုတ် လားကဲ့သို့မဖြစ်နှင့်။ ၎င်းတို့ကို ဇက်သွားနှင့်ဇက်ကြိုးတန်ဆာဖြင့် ထိန်းရ၏။ သို့မဟုတ်လျှင် သင့်ထံသို့လာလိမ့်မည်မဟုတ်။
32:10 ဆိုးယုတ်သောသူတို့သည် များစွာသောဒုက္ခဝေဒနာကိုခံစားကြရ၏။ ထာဝရဘုရားကိုယုံကြည်ကိုးစားသောသူမူကား မေတ္တာကရုဏာတော်ဖြင့် ဝိုင်းရံထားခြင်းကိုခံရ၏။
32:11 ဖြောင့်မတ်သောသူတို့၊ ထာဝရဘုရား၌ဝမ်းမြောက်၍ရွှင်လန်းကြလော့။ စိတ်နှလုံးဖြောင့်မှန်သောသူအပေါင်းတို့၊ ရွှင်လန်းစွာကြွေးကြော်ကြလော့။