Psalms 34
34:1 ငါသည် ထာဝရဘုရားကို အစဉ်အမြဲကောင်းချီးထောမနာပြု၏။ ငါ၏နှုတ်သည် ကိုယ်တော်၏ဂုဏ်ကျေးဇူးတော်ကို အစဉ်မြွက်ဆိုမည်။
34:2 ငါ၏စိတ်ဝိညာဉ်သည် ထာဝရဘုရား၌ဂုဏ်ယူဝါကြွားမည်။ စိတ်နှိမ့်ချသောသူတို့သည် ကြားသိ၍ဝမ်းမြောက်ကြပါစေသော။
34:3 ထာဝရဘုရားကြီးမြတ်တော်မူကြောင်းကို ငါနှင့်အတူဖော်ပြကြလော့။ ကိုယ်တော်၏နာမတော်ကို အတူတကွချီးမြှောက်ကြစို့။
34:4 ငါသည် ထာဝရဘုရားကိုရှာသောအခါ ကိုယ်တော်သည် ငါ့ကိုထူးတော်မူလျက် ငါကြောက်လန့်သောအမှုအားလုံးတို့မှ ငါ့ကိုကယ်နုတ်တော်မူ၏။
34:5 ကိုယ်တော်ကိုစေ့စေ့ကြည့်သောသူတို့သည် ထွန်းလင်းဝင်းပ၍ မည်သည့်အခါမျှ မျက်နှာပျက်ကြရလိမ့်မည်မဟုတ်။
34:6 အဖိနှိပ်ခံရသောဤသူ ခေါ်သောအခါ ထာဝရဘုရားသည် နားထောင်၍ သူ၏ဆင်းရဲဒုက္ခအပေါင်းတို့မှ သူ့ကိုကယ်တင်တော်မူ၏။
34:7 ထာဝရဘုရား၏ကောင်းကင်တမန်တို့သည် ကိုယ်တော်ကိုကြောက်ရွံ့သောသူတို့ပတ်လည်၌ တပ်ချ၍ သူတို့ကိုကယ်မကြ၏။
34:8 ထာဝရဘုရားကောင်းမြတ်တော်မူကြောင်း မြည်းစမ်း၍သိမြင်ကြလော့။ ကိုယ်တော်ကိုခိုလှုံသောသူသည် မင်္ဂလာရှိ၏။
34:9 ကိုယ်တော်၏သန့်ရှင်းသောသူတို့၊ ထာဝရဘုရားကိုကြောက်ရွံ့ကြလော့။ အကြောင်းမူကား ကိုယ်တော်ကိုကြောက်ရွံ့သောသူတို့သည် ချို့တဲ့နွမ်းပါးခြင်းမရှိရ။
34:10 ခြင်္သေ့ပျိုတို့သည် အစာချို့တဲ့၍ ဆာလောင်မွတ်သိပ်တတ်ကြ၏။ ထာဝရဘုရားကိုရှာသောသူတို့မူကား ကောင်းသောအရာတစ်စုံတစ်ခုမျှ ချို့တဲ့လိမ့်မည်မဟုတ်။
34:11 သားသမီးတို့၊ လာကြလော့။ ငါ့ကိုနားထောင်ကြလော့။ ထာဝရဘုရားကိုကြောက်ရွံ့ခြင်းအကြောင်းကို သင်တို့အား ငါသင်ကြားပေးမည်။
34:12 အသက်ရှင်ခြင်းကိုနှစ်သက်၍ ကောင်းသောအရာကိုတွေ့မြင်ရရန် နေ့ရက်ကာလတို့ကိုလိုလားသောသူကား မည်သူနည်း။
34:13 မိမိလျှာကို မကောင်းမှုမှလည်းကောင်း၊ မိမိနှုတ်ခမ်းကို လိမ်လည်လှည့်ဖြားပြောဆိုခြင်းမှလည်းကောင်း ကင်းဝေးအောင်စောင့်စည်းလော့။
34:14 မကောင်းမှုမှဖယ်ခွာ၍ ကောင်းသောအမှုကိုပြုလော့။ ငြိမ်းချမ်းမှုကိုရှာဖွေ၍ ၎င်းကိုလက်ကိုင်ပြုလော့။
34:15 ထာဝရဘုရား၏မျက်စိတော်သည် ဖြောင့်မတ်သောသူတို့ကိုကြည့်ရှု၍ ကိုယ်တော်၏နားတော်သည် သူတို့၏အော်ဟစ်သံကိုနားထောင်တော်မူ၏။
34:16 ထာဝရဘုရားသည် မကောင်းမှုပြုသောသူတို့နှင့် ပတ်သက်သည့်အောက်မေ့စရာကို ကမ္ဘာမြေကြီးပေါ်မှဖယ်ရှားရန် သူတို့ထံမှ မျက်နှာလွှဲတော်မူ၏။
34:17 ဖြောင့်မတ်သောသူတို့ အော်ဟစ်တောင်းလျှောက်ကြသောအခါ ထာဝရဘုရားသည်နားညောင်း၍ သူတို့၏ဆင်းရဲဒုက္ခအပေါင်းတို့မှ သူတို့ကိုကယ်နုတ်တော်မူ၏။
34:18 ထာဝရဘုရားသည် စိတ်နှလုံးကျိုးပဲ့သောသူတို့နှင့် နီးတော်မူ၍ စိတ်ကြေမွသောသူတို့ကို ကယ်တင်တော်မူ၏။
34:19 ဖြောင့်မတ်သောသူသည် ဒုက္ခများစွာခံရသော်လည်း ထိုဒုက္ခအားလုံးထဲမှ သူ့ကို ထာဝရဘုရားကယ်နုတ်တော်မူ၏။
34:20 သူ၏အရိုးရှိသမျှတို့ကိုစောင့်ရှောက်တော်မူ၍ ထိုအရိုးတစ်ချောင်းမျှချိုးဖဲ့ခြင်းမခံရ။
34:21 မကောင်းမှုသည် ဆိုးယုတ်သောသူတို့ကိုသေဆုံးစေလိမ့်မည်။ ဖြောင့်မတ်သောသူကိုမုန်းသောသူတို့သည်လည်း ပြစ်ဒဏ်စီရင်ခြင်းခံရလိမ့်မည်။
34:22 ထာဝရဘုရားသည် မိမိအစေအပါးတို့၏ စိတ်ဝိညာဉ်ကို ရွေးနုတ်ကယ်တင်တော်မူသည်ဖြစ်၍ ကိုယ်တော်ကိုခိုလှုံသောသူတစ်စုံတစ်ဦးမျှ ပြစ်ဒဏ်စီရင်ခြင်းခံရလိမ့်မည်မဟုတ်။