Library · my

Psalms 36

36:1 ဆိုးယုတ်​သော​သူ​ကျူးလွန်​သော​အပြစ်​နှင့်​ပတ်သက်၍ ငါ​၏​စိတ်နှလုံး​အထဲ​မှ​မိန့်ကြား​တော်မူ​ချက်​မှာ “​သူ​၏​မျက်စိ​ရှေ့​တွင် ဘုရားသခင်​ကို​ကြောက်ရွံ့​ခြင်း​မ​ရှိ​။ 36:2 အကြောင်းမူကား သူ​သည် မိမိကိုယ်ကို​မြှောက်ပင့်​ပြောဆို​၍ မိမိ​ဒုစရိုက်​ကို​မ​မြင်​နိုင်​၊ မ​မုန်း​နိုင်​ချေ​။ 36:3 သူ​၏​နှုတ်ထွက်​စကား​တို့​သည် ယုတ်ညံ့​၍​လိမ်လည်လှည့်ဖြား​တတ်​၏​။ သူ​သည် ပညာသတိ​ရှိ​ခြင်း​နှင့် ကောင်း​သော​အမှု​ပြု​ခြင်း​ကို စွန့်​လေ​ပြီ​။ 36:4 သူ​သည် မိမိ​အိပ်ရာ​ပေါ်၌​ပင် အပြစ်ဒုစရိုက်​ကို​ကြံစည်​တတ်​၏​။ မ​ကောင်း​သော​လမ်း​သို့​အမြဲ​လိုက်​၍ မကောင်းမှု​ကို စွန့်ပယ်​ခြင်း​မ​ရှိ​။​” 36:5 အို ထာဝရဘုရား​၊ ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​သည် ကောင်းကင်​သို့​ရောက်​၍ ကိုယ်တော်​၏​သစ္စာ​တော်​သည် မိုးတိမ်​ထိ​တိုင်အောင် ရောက်​ပါ​၏​။ 36:6 ကိုယ်တော်​၏​ဖြောင့်မတ်​ခြင်း​သည် မြင့်မား​သော​တောင်​များ ​ကဲ့သို့​လည်းကောင်း​၊ ကိုယ်တော်​၏​တရားစီရင်​ခြင်း​တို့​သည် အလွန်​နက်ရှိုင်း​ရာ​အရပ်​ကဲ့သို့​လည်းကောင်း ဖြစ်​ပါ​၏​။ အို ထာဝရဘုရား​၊ ကိုယ်တော်​သည် လူ​နှင့်​တိရစ္ဆာန်​တို့​ကို ကယ်တင်​တော်မူ​၏​။ 36:7 အို ဘုရားသခင်​၊ ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​သည် အဖိုးတန်​လှ​ပါ​၏​။ လူသား​တို့​သည် ကိုယ်တော်​၏ အတောင်​တော်​အရိပ်​အောက်​၌ ခိုလှုံ​ကြ​ပါ​၏​။ 36:8 သူ​တို့​သည် ကိုယ်တော့်​အိမ်​တော်​၏​ကြွယ်ဝခြင်း​ဖြင့် ကျေနပ်အားရ​ကြ​ပါ​လိမ့်မည်​။ ကိုယ်တော်​သည် ကိုယ်တော်​၏ ကြည်နူးခြင်း​စမ်းရေ​ကို​လည်း သူ​တို့​အား​တိုက်​တော်မူ​၏​။ 36:9 အကြောင်းမူကား ကိုယ်တော့်​ထံ၌​အသက်​စမ်းရေတွင်း​ရှိ​ပါ​၏​။ ကိုယ်တော်​၏​အလင်း​တော်​ထဲ၌ အကျွန်ုပ်​တို့​သည် အလင်း​ကို​မြင်​ရ​ကြ​ပါ​၏​။ 36:10 ကိုယ်တော်​ကို​သိ​သော​သူ​တို့​၌ ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​ကို​လည်းကောင်း​၊ စိတ်နှလုံး​ဖြောင့်မှန်​သော​သူ​တို့​၌ ကိုယ်တော်​၏​ဖြောင့်မတ်​ခြင်း​ကို​လည်းကောင်း တည်မြဲတည်​စေ​တော်မူ​ပါ​။ 36:11 မာန်မာန​ရှိ​သော​ခြေ​သည် အကျွန်ုပ်​အပေါ်​မ​ရောက်လာ​ပါစေ​နှင့်​။ ဆိုးယုတ်​သော​သူ​တို့​၏​လက်​သည်​လည်း အကျွန်ုပ်​ကို​နှင်ထုတ်​ခွင့်​မ​ရ​ပါစေ​နှင့်​။ 36:12 ကြည့်​လော့​။ အပြစ်ဒုစရိုက်​ပြု​သော​သူ​တို့​သည် လဲကျ​သွား​ကြ​ပြီ​။ သူ​တို့​သည် တွန်းချ​ခံရ​၍ ပြန်​မ​ထ​နိုင်​ကြ​ပါ​။