Psalms 41
41:1 ဆင်းရဲသောသူကို ဂရုပြုသောသူသည် မင်္ဂလာရှိ၏။ ဒုက္ခရောက်သောနေ့၌ ထာဝရဘုရားသည် သူ့ကိုလွတ်မြောက်စေတော်မူမည်။
41:2 ထာဝရဘုရားသည် သူ့ကိုစောင့်ရှောက်လျက် ဆက်၍အသက်ရှင်စေတော်မူလိမ့်မည်။ သူသည် ပြည်တော်တွင်မင်္ဂလာရှိသူဖြစ်လိမ့်မည်။ ကိုယ်တော်သည် သူ့ကို ရန်သူတို့အလိုအတိုင်းပြုကြစေရန် အပ်တော်မူမည်မဟုတ်။
41:3 ခုတင်ပေါ်၌ သူဖျားနာလျက်နေစဉ် ထာဝရဘုရားသည် သူ့ကိုဖေးမတော်မူ၍ အနာရောဂါခံစားရာအိပ်ရာထဲမှ သူ့ကိုအပြည့်အဝပြန်လည်ကျန်းမာစေတော်မူလိမ့်မည်။
41:4 ငါက “အို ထာဝရဘုရား၊ အကျွန်ုပ်ကိုသနားတော်မူပါ။ အကျွန်ုပ်သည် ကိုယ်တော်ကိုပြစ်မှားခဲ့သည်ဖြစ်၍ အကျွန်ုပ်စိတ်ဝိညာဉ်၏အနာကို ပျောက်ကင်းစေတော်မူပါ”ဟု လျှောက်ဆို၏။
41:5 ငါ၏ရန်သူတို့က “မည်သည့်အချိန်မှ သူသေ၍ သူ၏အမည်ပျောက်ကွယ်သွားမည်နည်း”ဟု ငါ့ကိုမကောင်းပြောဆိုကြ၏။
41:6 ငါ့ကိုလာကြည့်သောသူသည်လည်း မဟုတ်မမှန်ပြောဆို၏။ သူ၏စိတ်နှလုံးတွင် ယုတ်ညံ့သောအရာကို စုဆောင်းလျက် အပြင်သို့ထွက်သွားသောအခါ ထိုအရာကိုပြောဆို၏။
41:7 ငါ့ကိုမုန်းသောသူအပေါင်းတို့သည် ငါ့အကြောင်းကို အတူတကွတီးတိုးပြောဆိုကြ၏။ သူတို့သည် ငါ့အပေါ်မကောင်းမှုကိုကြံစည်လျက်
41:8 “သူ၌ ဆိုးညစ်သောအရာစွဲကပ်နေသည်ဖြစ်၍ သူသည် လဲလျောင်းရာမှ နောက်တစ်ဖန်ပြန်ထနိုင်မည်မဟုတ်”ဟု ဆိုကြ၏။
41:9 ငါ့မုန့်ကိုစားသော ငါယုံကြည်စိတ်ချခဲ့သည့် ငါ၏မိတ်ဆွေရင်းချာပင်လျှင် ငါ့ကိုဖနောင့်နှင့်ပေါက်လေပြီ။
41:10 သို့ရာတွင် အို ထာဝရဘုရား၊ အကျွန်ုပ်သည် သူတို့ကိုတုံ့ပြန်နိုင်ရန် ကိုယ်တော်သည် အကျွန်ုပ်ကိုသနားတော်မူ၍ အကျွန်ုပ်ကိုပြန်ထစေတော်မူပါ။
41:11 အကျွန်ုပ်၏ရန်သူသည် အကျွန်ုပ်အပေါ် အောင်ပွဲခံကြွေးကြော်ခွင့်မရသည်ကိုထောက်၍ ကိုယ်တော်သည် အကျွန်ုပ်ကိုနှစ်သက်တော်မူကြောင်း အကျွန်ုပ်သိပါ၏။
41:12 ကိုယ်တော်သည် အကျွန်ုပ်၏တည်ကြည်မှုကြောင့် အကျွန်ုပ်ကိုထောက်မတော်မူ၍ ကိုယ်တော်၏ရှေ့တော်၌ အကျွန်ုပ်ကိုအစဉ်အမြဲတည်စေတော်မူ၏။
41:13 အစ္စရေးလူမျိုး၏ဘုရားသခင် ထာဝရဘုရားသည် ထာဝရကာလမှ ထာဝရကာလတိုင်အောင် မင်္ဂလာရှိပါစေသော။ အာမင်နှင့် အာမင်။