Psalms 44
44:1 အို ဘုရားသခင်၊ အကျွန်ုပ်တို့၏ဘိုးဘေးတို့က သူတို့လက်ထက် ရှေးကာလ၌ ကိုယ်တော်ပြုတော်မူသောအမှုကို အကျွန်ုပ်တို့အားပြောပြကြ၍ အကျွန်ုပ်တို့၏နားဖြင့် ကြားရကြပါ၏။
44:2 ကိုယ်တော်သည် လူမျိုးခြားတို့ကို ကိုယ်တော်၏လက်တော်ဖြင့်နှင်ထုတ်ပြီး ဘိုးဘေးတို့ကို အခြေချစေတော်မူ၏။ တိုင်းသူပြည်သားတို့ကိုနှိမ်နင်း၍ ဘိုးဘေးတို့ကိုပြန့်ပွားစေတော်မူ၏။
44:3 အမှန်စင်စစ် ဘိုးဘေးတို့သည် ထိုပြည်ကို မိမိတို့ဓားလက်နက်ဖြင့် သိမ်းယူခဲ့ကြသည်မဟုတ်ပါ။ သူတို့အောင်ပွဲရသည်မှာ သူတို့၏လက်ရုံးကြောင့်လည်း မဟုတ်ပါ။ ကိုယ်တော်၏လက်ယာလက်တော်၊ ကိုယ်တော်၏လက်ရုံးတော်နှင့် ကိုယ်တော်၏ မျက်နှာတော်အလင်းကြောင့်သာဖြစ်ပါ၏။ အကြောင်းမူကား ကိုယ်တော်သည် သူတို့ကိုနှစ်သက်တော်မူ၏။
44:4 အို ဘုရားသခင်၊ ကိုယ်တော်သည် အကျွန်ုပ်၏ရှင်ဘုရင်ဖြစ်တော်မူ၏။ ယာကုပ်၏အောင်ပွဲကိုစီမံတော်မူပါ။
44:5 အကျွန်ုပ်တို့သည် အကျွန်ုပ်တို့အား ရန်ဖက်ပြုသောသူတို့ကို ကိုယ်တော်အားဖြင့် တွန်းလှန်ကြပါ၏။ အကျွန်ုပ်တို့တစ်ဖက်၌ထကြွသောသူတို့ကို ကိုယ်တော်၏နာမတော်အားဖြင့် နင်းချေကြပါ၏။
44:6 အကြောင်းမူကား အကျွန်ုပ်သည် အကျွန်ုပ်၏လေးကိုမကိုးစားပါ။ အကျွန်ုပ်၏ဓားသည်လည်း အကျွန်ုပ်ကိုမကယ်တင်နိုင်ပါ။
44:7 ကိုယ်တော်သာလျှင် အကျွန်ုပ်တို့ကို ရန်သူတို့လက်မှကယ်တင်တော်မူ၏။ အကျွန်ုပ်တို့အား မုန်းသောသူတို့ကိုလည်း အရှက်ကွဲစေတော်မူ၏။
44:8 အကျွန်ုပ်တို့သည် ဘုရားသခင်၌ တစ်နေ့လုံးဂုဏ်ယူဝါကြွား၍ ကိုယ်တော်၏နာမတော်ကို အစဉ်အမြဲချီးမွမ်းကြပါမည်။
44:9 သို့သော် ကိုယ်တော်သည် အကျွန်ုပ်တို့ကိုငြင်းပယ်၍ အသရေပျက်စေတော်မူပြီ။ အကျွန်ုပ်တို့၏ဗိုလ်ခြေများနှင့်အတူလည်း ချီတက်တော်မမူတော့ပါ။
44:10 ကိုယ်တော်သည် အကျွန်ုပ်တို့ကို ရန်သူတို့ထံမှ နောက်ဆုတ်စေတော်မူ၍ အကျွန်ုပ်တို့ကိုမုန်းသောသူတို့သည် အကျွန်ုပ်တို့ကိုတိုက်ခိုက်လုယက်ကြပါ၏။
44:11 ကိုယ်တော်သည် သတ်စားစရာသိုးများကဲ့သို့ အကျွန်ုပ်တို့ကိုအပ်လိုက်၍ လူမျိုးခြားတို့အလယ်တွင် အကျွန်ုပ်တို့ကိုကွဲလွင့်စေတော်မူ၏။
44:12 ကိုယ်တော်သည် မိမိလူမျိုးတော်ကို အဖိုးအနည်းငယ်ဖြင့်ရောင်းချပြီး သူတို့ကိုရောင်းချခြင်းမှ မည်သည့်အကျိုးအမြတ်မျှရရှိတော်မမူခဲ့ပါ။
44:13 ကိုယ်တော်သည် အကျွန်ုပ်တို့ကို အကျွန်ုပ်တို့၏အိမ်နီးချင်းများအတွက် ကဲ့ရဲ့ပြစ်တင်စရာ၊ အကျွန်ုပ်တို့၏ပတ်လည်၌ရှိသောသူတို့အတွက် အထင်အမြင်သေးစရာနှင့် ပြက်ရယ်ပြုစရာဖြစ်စေတော်မူပါ၏။
44:14 ကိုယ်တော်သည် အကျွန်ုပ်တို့ကို တိုင်းနိုင်ငံတို့အလယ်တွင် လူအများပြောစရာဖြစ်စေပြီး လူတို့အလယ်တွင် ဟားစရာဖြစ်စေတော်မူ၏။
44:15 ကဲ့ရဲ့ပြစ်တင်သောသူ၊ စော်ကားပြောဆိုသောသူများ၏အသံကြောင့်လည်းကောင်း၊ ရန်သူနှင့် လက်တုံ့ပြန်သူရှိနေသောကြောင့်လည်းကောင်း အကျွန်ုပ်သည် တစ်နေ့လုံးအသရေပျက်ရပါ၏။ အကျွန်ုပ်၏မျက်နှာသည်လည်း အရှက်ကွဲခြင်းနှင့် ဖုံးလွှမ်းလျက်ရှိပါ၏။
44:17 ဤအရာအားလုံး အကျွန်ုပ်တို့အပေါ်ကျရောက်ခဲ့သော်လည်း အကျွန်ုပ်တို့သည် ကိုယ်တော်ကိုမမေ့လျော့ခဲ့ပါ။ ကိုယ်တော်၏ပဋိညာဉ်တော်ကိုလည်း မဖောက်ဖျက်ခဲ့ပါ။
44:18 အကျွန်ုပ်တို့၏စိတ်နှလုံးသည် နောက်ပြန်မဆုတ်ခဲ့ပါ။ အကျွန်ုပ်တို့၏ခြေလှမ်းများသည်လည်း ကိုယ်တော်၏လမ်းစဉ်မှ သွေဖည်မသွားခဲ့ပါ။
44:19 သို့သော် ကိုယ်တော်သည် ခွေးအတို့နေရာအရပ်တွင် အကျွန်ုပ်တို့ကိုကြေမွစေ၍ သေခြင်း၏အရိပ်ဖြင့် အကျွန်ုပ်တို့ကိုဖုံးလွှမ်းခဲ့ပါ၏။
44:20 အကျွန်ုပ်တို့သည် မိမိတို့ဘုရားသခင်၏နာမတော်ကို မေ့လျော့ခဲ့လျှင်လည်းကောင်း၊ အခြားသောဘုရားထံသို့ အကျွန်ုပ်တို့၏လက်ကို ဆန့်ခဲ့လျှင်လည်းကောင်း
44:21 ဘုရားသခင်သည် ထိုအမှုကို မစစ်ကြောဘဲနေတော်မူမည်လော။ အကြောင်းမူကား ကိုယ်တော်သည် စိတ်နှလုံး၏လျှို့ဝှက်ချက်များကို သိတော်မူ၏။
44:22 အကျွန်ုပ်တို့သည် ကိုယ်တော်အတွက် တစ်နေ့လုံးသေခြင်းနှင့်ရင်ဆိုင်နေကြရပါ၏။ အကျွန်ုပ်တို့သည် သတ်ရန်လျာထားသောသိုးကဲ့သို့ မှတ်ယူခြင်းခံရကြပါ၏။
44:23 အို ဘုရားရှင်၊ နိုးတော်မူပါ။ အဘယ်ကြောင့် ကျိန်းစက်နေတော်မူသနည်း။ ထတော်မူပါ။ အကျွန်ုပ်တို့ကို အစဉ်ငြင်းပယ်တော်မမူပါနှင့်။
44:24 ကိုယ်တော်သည် အဘယ်ကြောင့် မျက်နှာလွှဲတော်မူပါသနည်း။ အကျွန်ုပ်တို့ခံစားရသော ဖိစီးနှိပ်စက်မှုနှင့်ညှဉ်းပန်းမှုကို အဘယ်ကြောင့် မေ့လျော့တော်မူပါသနည်း။
44:25 အကြောင်းမူကား အကျွန်ုပ်တို့၏စိတ်ဝိညာဉ်သည် မြေမှုန့်သို့တိုင်အောင် ဝပ်တွားရပြီး အကျွန်ုပ်တို့၏ဝမ်းဗိုက်သည် မြေကြီးပေါ်တွင် ပြားကပ်နေပါ၏။
44:26 ထတော်မူပါ။ အကျွန်ုပ်တို့ကို ကူညီမစတော်မူပါ။ ကိုယ်တော်၏မေတ္တာကရုဏာတော်ကိုထောက်၍ အကျွန်ုပ်တို့ကို ရွေးနုတ်ကယ်တင်တော်မူပါ။