Psalms 50
50:1 ဘုန်းတန်ခိုးရှင်ဘုရားသခင် ထာဝရဘုရားသည် အမိန့်တော်ရှိ၍ နေထွက်ရာအရပ်မှ နေဝင်ရာအရပ်တိုင်အောင် ကမ္ဘာမြေကိုဆင့်ခေါ်တော်မူ၏။
50:2 ဘုရားသခင်သည် လှပခြင်းနှင့်ပြည့်စုံသော ဇိအုန်ပေါ်မှ ရောင်ခြည်တော်ကိုလွှတ်တော်မူ၏။
50:3 ငါတို့၏ဘုရားသခင်သည် ကြွလာတော်မူမည်။ ကိုယ်တော်သည် တိတ်ဆိတ်စွာနေတော်မူမည်မဟုတ်။ ကိုယ်တော်၏ရှေ့တော်၌ ဝါးမျိုတတ်သောမီးရှိ၍ ကိုယ်တော်၏ပတ်လည်၌ ပြင်းထန်သောမုန်တိုင်းရှိ၏။
50:4 ကိုယ်တော်သည် မိမိ၏လူမျိုးတော်ကို စစ်ကြောစီရင်ရန် အထက်ကောင်းကင်နှင့် ကမ္ဘာမြေကြီးကိုဆင့်ခေါ်လျက်
50:5 “ယဇ်ပူဇော်ခြင်းအားဖြင့် ငါနှင့်ပဋိညာဉ်ဖွဲ့ကြသည့် ငါ၏သန့်ရှင်းသူတို့ကို ငါ့ထံသို့စုဝေးစေကြလော့”ဟု မိန့်တော်မူ၏။
50:6 ထိုအခါ ကောင်းကင်သည် ကိုယ်တော်၏ဖြောင့်မတ်ခြင်းကိုပြောကြား၏။ အကြောင်းမူကား ဘုရားသခင်ကိုယ်တော်တိုင်သည် တရားစီရင်သောအရှင်ဖြစ်တော်မူ၏။
50:7 “အို ငါ့လူမျိုးတော်၊ နားထောင်လော့။ ငါမိန့်ဆိုမည်။ အို အစ္စရေးလူမျိုး၊ ငါသည် သင့်တစ်ဖက်၌သက်သေခံမည်။ ငါသည် ဘုရားသခင်ဖြစ်၏။ သင်၏ဘုရားသခင်ဖြစ်၏။
50:8 ငါသည် သင်၏ပူဇော်သက္ကာများအတွက် သင့်ကိုဆုံးမသည်မဟုတ်။ သင်၏မီးရှို့ရာယဇ်တို့သည်လည်း ငါ့ရှေ့၌အစဉ်မပြတ်ရှိကြ၏။
50:9 သင့်အိမ်ကနွားထီးကိုလည်းကောင်း၊ သင့်ခြံထဲကဆိတ်ထီးတို့ကိုလည်းကောင်း ငါမယူ။
50:10 အကြောင်းမူကား တောထဲရှိတိရစ္ဆာန်ရှိသမျှနှင့် ထောင်နှင့်ချီသောတောင်ကုန်းများပေါ်ရှိ တိရစ္ဆာန်တို့ကို ငါပိုင်၏။
50:11 တောင်များပေါ်ရှိကျေးငှက်အားလုံးကိုငါသိ၏။ တောသတ္တဝါများကိုလည်းငါပိုင်၏။
50:12 ငါဆာလောင်မွတ်သိပ်ခဲ့လျှင်ပင် သင့်ကို ငါပြောမည်မဟုတ်။ အကြောင်းမူကား ကမ္ဘာလောကမှစ၍ ၎င်းတွင်ရှိသမျှသောအရာတို့ကို ငါပိုင်၏။
50:13 နွားလားတို့၏အသားကို ငါစားမည်လော။ ဆိတ်ထီးတို့၏သွေးကို ငါသောက်မည်လော။
50:14 ကျေးဇူးတော်ချီးမွမ်းခြင်းယဇ်ကို ဘုရားသခင်အားပူဇော်လော့။ အမြင့်ဆုံးသောအရှင်ထံ သင်ပြုထားသောကတိသစ္စာများကို ပြည့်စုံစေလော့။
50:15 ဆင်းရဲဒုက္ခရောက်သောကာလ၌ ငါ့ကိုခေါ်လော့။ ငါသည် သင့်ကိုကယ်မမည်။ သင်သည်လည်း ငါ့ကိုဂုဏ်ပြုချီးမွမ်းလိမ့်မည်။”
50:16 သို့သော် ဘုရားသခင်သည် ဆိုးယုတ်သောသူအား “ငါ၏ပြဋ္ဌာန်းချက်များကိုပြောကြား၍ ငါ၏ပဋိညာဉ်ကိုနှုတ်၌ဆောင်ထားခြင်းသည် သင်နှင့်မည်သို့ဆိုင်သနည်း။
50:17 အကြောင်းမူကား သင်သည် ဆုံးမပဲ့ပြင်ခြင်းကိုမုန်း၏။ ငါ၏စကားတို့ကို သင့်နောက်၌သာ ပစ်ထား၏။
50:18 သင်သည် သူခိုးနှင့်တွေ့သောအခါ သူ့ကိုလက်ခံ၏။ အိမ်ထောင်ရေးဖောက်ပြန်သောသူတို့နှင့်လည်း ပေါင်းသင်းဆက်ဆံ၏။
50:19 သင်၏နှုတ်ကို မကောင်းမှုအတွက်အသုံးပြုပြီး သင်၏လျှာကို လိမ်လည်လှည့်ဖြားမှု၌ မှီဝဲဆည်းကပ်စေ၏။
50:20 သင်သည်ထိုင်၍ သင့်ညီအစ်ကိုကိုဆန့်ကျင်ပြောဆိုလျက် သင့်မိခင်၏သားကိုဆဲဆိုတတ်၏။
50:21 ဤအမှုတို့ကိုသင်ပြု၍ ငါသည် တိတ်ဆိတ်စွာနေသဖြင့် ငါသည် သင်နှင့်တူသည်ဟု သင်ထင်မှတ်၏။ ငါသည် သင့်ကိုဆုံးမ၍ သင်၏အပြစ်ကို သင့်ရှေ့မှောက်၌ခင်းပြမည်။
50:22 ဘုရားသခင်ကိုမေ့လျော့တတ်သောသူတို့၊ ဤအချက်ကို သတိနှင့်ဆင်ခြင်ကြလော့။ သို့မဟုတ်ပါက ငါသည် သင်တို့ကို အပိုင်းပိုင်းဆုတ်ဖြဲသဖြင့် ကယ်နုတ်သူမရှိဖြစ်လိမ့်မည်။
50:23 ကျေးဇူးတော်ချီးမွမ်းခြင်းယဇ်ကိုပူဇော်သောသူသည် ငါ့ကိုဂုဏ်ပြုချီးမွမ်းသောသူဖြစ်၏။ မိမိလမ်းခရီးကိုပြင်ဆင်သောသူအားလည်း ဘုရားသခင်၏ကယ်တင်ခြင်းကို ငါပြသမည်”ဟု မိန့်တော်မူ၏။