Library · my

Psalms 52

52:1 အို ခွန်အားကြီး​သော​သူ​၊ သင်​သည် မကောင်းမှု​၌ အဘယ်ကြောင့် ဂုဏ်ယူဝါကြွား​သနည်း​။ ဘုရားသခင်​၏​မေတ္တာကရုဏာ​တော်​သည် အစဉ်အမြဲ​တည်​၏​။ 52:2 အို လိမ်လည်ကောက်ကျစ်မှု​ကို​ပြု​သော​သူ​၊ သင်​၏​လျှာ​သည် ထက်​သော​သင်တုန်းဓား​ကဲ့သို့ ပျက်စီး​ခြင်း​ဘေး​များ​ကို ကြံစည်​တတ်​၏​။ 52:3 သင်​သည် ကောင်းမှု​ထက် မကောင်းမှု​ကို​လည်းကောင်း​၊ ဖြောင့်မတ်​စွာ​ပြောဆို​ခြင်း​ထက် မုသား​ပြောဆို​ခြင်း​ကို​လည်းကောင်း နှစ်သက်​၏​။ 52:4 အို လိမ်လည်လှည့်ဖြား​သော​လျှာ​၊ သင်​သည် ထိခိုက်နစ်နာ​စေ​သော​စကား​ရှိသမျှ​တို့​ကို နှစ်သက်​၏​။ 52:5 အကယ်စင်စစ် ဘုရားသခင်​သည် သင့်​ကို​ထာဝရ​ဖြိုဖျက်​တော်မူ​လိမ့်မည်​။ ကိုယ်တော်​သည် သင့်​ကို​ဖမ်းဆုပ်​၍ တဲ​ထဲမှ​ဆွဲထုတ်​တော်မူ​လိမ့်မည်​။ အသက်ရှင်​သော​သူ​တို့​နေထိုင်​ရာ​မြေ​ပေါ်မှ​လည်း သင့်​ကို​နုတ်ပယ်​တော်မူ​လိမ့်မည်​။ 52:6 ထိုအခါ ဖြောင့်မတ်​သော​သူ​တို့​သည်​မြင်​၍ ကြောက်ရွံ့​ကြ​လိမ့်မည်​။ သူ​တို့​က 52:7 “​ဘုရားသခင်​ကို မိမိ​၏​မှီခို​ရာ​မ​ဖြစ်စေ​ဘဲ မိမိ​၏​ဓနဥစ္စာ​ကြွယ်ဝမှု​ကို​ယုံကြည်ကိုးစား​သော​သူ​ကို ကြည့်​ကြ​လော့​။ သူ​သည် မိမိ​၏​ယုတ်မာစဉ်းလဲမှု​အားဖြင့် အားကြီး​လာ​၏​”​ဟု ဆို​လျက် သူ့​ကို​ရယ်မော​ကြ​လိမ့်မည်​။ 52:8 သို့သော် ငါ​သည် ဘုရားသခင်​၏​အိမ်​တော်​၌ စိမ်းလန်း​သော​သံလွင်ပင်​ကဲ့သို့​ဖြစ်​၏​။ ငါ​သည် ဘုရားသခင်​၏​မေတ္တာကရုဏာ​တော်​ကို ကာလ​အစဉ်အဆက်​ယုံကြည်ကိုးစား​၏​။ 52:9 အကျွန်ုပ်​သည် ကိုယ်တော်​ပြု​သော​အမှု​အတွက် ကိုယ်တော်​ကို အစဉ်အမြဲ​ချီးမွမ်း​ပါ​မည်​။ နာမ​တော်​ကို​လည်း စောင့်မျှော်​လျက်​နေ​ပါ​မည်​။ အကြောင်းမူကား ထို​အမှု​သည် ကိုယ်တော်​၏​သန့်ရှင်း​သူ​တို့​ရှေ့​တွင် ကောင်းမြတ်​ပေ​၏​။