Library · my

Psalms 56

56:1 အို ဘုရားသခင်​၊ အကျွန်ုပ်​ကို​သနား​တော်မူ​ပါ​။ အကြောင်းမူကား လူ​တို့​သည် အကျွန်ုပ်​ကို​နင်းချေ​၍ တစ်နေ့လုံး​တိုက်ခိုက်​ညှဉ်းဆဲ​ကြ​ပါ​၏​။ 56:2 အကျွန်ုပ်​၏​ရန်သူ​တို့​သည် အကျွန်ုပ်​ကို တစ်နေ့လုံး​နင်းချေ​ကြ​ပါ​၏​။ အမှန်စင်စစ် များစွာ​သော​သူ​တို့​သည် ထောင်လွှား​သော​စိတ်​ဖြင့် အကျွန်ုပ်​ကို​တိုက်ခိုက်​ကြ​ပါ​၏​။ 56:3 အကျွန်ုပ်​သည် ကြောက်ရွံ့​သောအခါ ကိုယ်တော်​ကို ယုံကြည်ကိုးစား​ပါ​၏​။ 56:4 ဘုရားသခင်​ကို​အမှီပြု​၍ နှုတ်ကပတ်တော်​ကို ငါ​ချီးမွမ်း​မည်​။ ငါ​သည် ဘုရားသခင်​ကို ယုံကြည်ကိုးစား​သည်​ဖြစ်၍ ကြောက်ရွံ့​မည်​မ​ဟုတ်​။ လူ​သည် ငါ့​ကို​မည်သို့​ပြု​နိုင်​မည်နည်း​။ 56:5 သူ​တို့​သည် ငါ​၏​စကား​တို့​ကို တစ်နေ့လုံး လိုရာဆွဲ​၍ မမှန်မကန်​ပြောဆို​ကြ​၏​။ သူ​တို့​၏​အကြံအစည်​ရှိသမျှ​တို့​သည် ငါ့​အပေါ် ဘေးအန္တရာယ်​ကျရောက်​စေရန်​ဖြစ်​၏​။ 56:6 သူ​တို့​သည် ငါ့​အသက်​ကို​သတ်​ရန် စောင့်မျှော်​နေ​ကြ​သည်​နှင့်အညီ ပူးပေါင်းကြံစည်​လျက်​၊ ချောင်းမြောင်း​လျက် ငါ​၏​ခြေလှမ်း​များ​ကို​စောင့်ကြည့်​ကြ​၏​။ 56:7 သူ​တို့​သည် ထို​အပြစ်ဒုစရိုက်​နှင့်​ပင် လွတ်မြောက်​ကြ​မည်လော​။ အို ဘုရားသခင်​၊ အမျက်​တော်​အားဖြင့် လူမျိုး​တို့​ကို နိမ့်ကျ​စေ​တော်မူ​ပါ​။ 56:8 အကျွန်ုပ်​၏​လှည့်လည်​သွားလာ​နေ​ရ​ခြင်း​ကို ကိုယ်တော်​မှတ်တမ်းတင်​တော်မူ​ပြီ​။ အကျွန်ုပ်​၏​မျက်ရည်​တို့​ကို ကိုယ်တော်​၏​သားရေဘူး​ထဲ၌​ထည့်​ထား​တော်မူ​ပါ​။ ၎င်း​တို့​သည် ကိုယ်တော်​၏​မှတ်တမ်း​ထဲတွင် ရှိ​ကြ​သည်​မ​ဟုတ်​လော​။ 56:9 သို့ဖြစ်၍ ကိုယ်တော်​ကို ငါ​ခေါ်​သော​နေ့​၌ ငါ​၏​ရန်သူ​တို့​သည် နောက်ပြန်ဆုတ်​ကြ​လိမ့်မည်​။ ဤ​အမှု​အားဖြင့် ဘုရားသခင်​သည် ငါ့​ဘက်​၌​ရှိ​တော်မူ​သည်​ကို ငါ​သိ​၏​။ 56:10 ဘုရားသခင်​အားဖြင့် နှုတ်ကပတ်တော်​ကို ငါ​ချီးမွမ်း​မည်​။ ထာဝရဘုရား​အားဖြင့် နှုတ်ကပတ်တော်​ကို ငါ​ချီးမွမ်း​မည်​။ 56:11 ငါ​သည် ဘုရားသခင်​ကို ယုံကြည်ကိုးစား​သည်​ဖြစ်၍ ကြောက်ရွံ့​မည်​မ​ဟုတ်​။ လူ​သည် ငါ့​ကို​မည်သို့​ပြု​နိုင်​မည်နည်း​။ 56:12 အို ဘုရားသခင်​၊ ကိုယ်တော့်​ထံ​ပြု​ထား​သော​ကတိသစ္စာ​များ​သည် အကျွန်ုပ်​၌​ရှိ​ပါ​၏​။ အကျွန်ုပ်​သည် ကိုယ်တော်​အား ကျေးဇူးတော်​ချီးမွမ်း​ခြင်း​ဖြင့် ၎င်း​ကို​ပြည့်စုံ​စေ​ပါ​မည်​။ 56:13 အကြောင်းမူကား ကိုယ်တော်​သည် အကျွန်ုပ်​၏​စိတ်ဝိညာဉ်​ကို သေ​ခြင်း​မှ​ကယ်နုတ်​တော်မူ​ပြီ​။ အကျွန်ုပ်​သည် ဘုရားသခင်​၏​ရှေ့​တော်​၌ အသက်​၏​အလင်း​ထဲတွင် လျှောက်လှမ်း​နိုင်​ရန် အကျွန်ုပ်​၏​ခြေ​ကို ခလုတ်တိုက်​ခြင်း​နှင့် ကင်း​စေ​တော်မူ​သည်​မ​ဟုတ်​လော​။