Psalms 6
6:1 အို ထာဝရဘုရား၊ ကိုယ်တော်၏အမျက်တော်ဖြင့် အကျွန်ုပ်ကိုဆုံးမတော်မမူပါနှင့်။ ကိုယ်တော်၏အမျက်ဒေါသဖြင့် အကျွန်ုပ်ကိုပဲ့ပြင်တော်မမူပါနှင့်။
6:2 အို ထာဝရဘုရား၊ အကျွန်ုပ်သည် အားအင်ချည့်နဲ့နေသည်ဖြစ်၍ အကျွန်ုပ်ကိုသနားတော်မူပါ။ အို ထာဝရဘုရား၊ အကျွန်ုပ်အရိုးတို့သည် ထိတ်လန့်လျက်ရှိကြသည်ဖြစ်၍ အကျွန်ုပ်ကိုကျန်းမာစေတော်မူပါ။
6:3 အကျွန်ုပ်၏စိတ်ဝိညာဉ်သည်လည်း အလွန်ထိတ်လန့်နေပါ၏။ အို ထာဝရဘုရား၊ မည်မျှကြာပါမည်နည်း။
6:4 အို ထာဝရဘုရား၊ တစ်ဖန်ကြွလာ၍ အကျွန်ုပ်၏စိတ်ဝိညာဉ်ကို ကယ်မတော်မူပါ။ ကိုယ်တော်၏မေတ္တာကရုဏာတော်ကိုထောက်၍ အကျွန်ုပ်ကို ကယ်တင်တော်မူပါ။
6:5 အကြောင်းမူကား သေလွန်သူတို့အလယ်တွင် ကိုယ်တော်ကိုအောက်မေ့ခြင်းမရှိပါ။ မရဏာနိုင်ငံတွင် ကိုယ်တော်ကိုမည်သူချီးမွမ်းပါမည်နည်း။
6:6 အကျွန်ုပ်သည် ညည်းတွားရသဖြင့်ပင်ပန်းလှပါ၏။ ညစဉ်ညတိုင်း အကျွန်ုပ်၏မျက်ရည်များဖြင့် အကျွန်ုပ်၏ညောင်စောင်းသည် အိုင်ထွန်း၍ အကျွန်ုပ်၏ခုတင်သည် စိုရွှဲလျက်ရှိပါ၏။
6:7 အကျွန်ုပ်၏မျက်စိသည် ပူဆွေးခြင်းကြောင့်အားယုတ်၍ အကျွန်ုပ်၏ရန်သူအပေါင်းတို့ကြောင့် မှုန်ဝါးသွားပါ၏။
6:8 အပြစ်ဒုစရိုက်ပြုသောသူအပေါင်းတို့၊ ငါ့ထံမှထွက်သွားကြလော့။ အကြောင်းမူကား ထာဝရဘုရားသည် ငါ၏ငိုကြွေးသံကိုကြားတော်မူပြီ။
6:9 ထာဝရဘုရားသည် ငါ၏အသနားခံချက်ကို ကြားတော်မူပြီ။ ထာဝရဘုရားသည် ငါ၏ဆုတောင်းချက်ကို လက်ခံတော်မူ၏။
6:10 ငါ၏ရန်သူရှိသမျှတို့သည် အရှက်ကွဲ၍ အလွန်ထိတ်လန့်ကြလိမ့်မည်။ သူတို့သည် ပြန်လှည့်၍ ချက်ချင်းပင်အရှက်ကွဲကြလိမ့်မည်။