Library · my

Psalms 63

63:1 အို ဘုရားသခင်​၊ ကိုယ်တော်​သည် အကျွန်ုပ်​၏​ဘုရား​ဖြစ်​တော်မူ​၏​။ အကျွန်ုပ်​သည် ကိုယ်တော်​ကို​ကြိုးစား​၍​ရှာ​ပါ​၏​။ ရေ​မ​ရှိ​၊ ခြောက်သွေ့​ကွဲအက်​သော​မြေ​၌ အကျွန်ုပ်​၏​စိတ်ဝိညာဉ်​သည် ကိုယ်တော်​ကို​ဆာငတ်​ပါ​၏​။ အကျွန်ုပ်​၏​သွေးသား​သည်​လည်း ကိုယ်တော်​ကို​တမ်းတ​ပါ​၏​။ 63:2 သို့ဖြစ်၍ အကျွန်ုပ်​သည် ကိုယ်တော်​၏​အစွမ်းသတ္တိ​နှင့် ကိုယ်တော်​၏​ဘုန်းအသရေ​တို့​ကို​တွေ့မြင်​ရ​ရန် ကိုယ်တော်​ကို သန့်ရှင်းရာဌာန​တော်​၌​ဖူးမြော်​ခဲ့​ပါ​၏​။ 63:3 ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​သည် အသက်​ထက်​သာ၍​ကောင်းမြတ်​သောကြောင့် အကျွန်ုပ်​၏​နှုတ်ခမ်း​သည် ကိုယ်တော်​ကို​ထောမနာပြု​ပါ​မည်​။ 63:4 သို့ဖြစ်၍ အကျွန်ုပ်​အသက်ရှင်​နေသရွေ့ ကိုယ်တော်​ကို​ကောင်းချီးထောမနာ​ပြု​ပါ​မည်​။ ကိုယ်တော်​၏​နာမ​တော်​အားဖြင့် အကျွန်ုပ်​၏​လက်​ကို မြှောက်​ပါ​မည်​။ 63:5 အကျွန်ုပ်​၏​စိတ်ဝိညာဉ်​သည် အဆီအနှစ်​နှင့်​မြိန်ရှက်​သော​အစာ​ကို စား​ရ​သည့်​အလား အားရကျေနပ်​လျက်​ရှိ​ပါ​၏​။ ရွှင်လန်း​စွာ​ကြွေးကြော်​သော​နှုတ်ခမ်း​ဖြင့် အကျွန်ုပ်​၏​နှုတ်​သည် ကိုယ်တော်​ကို​ချီးမွမ်း​ပါ​မည်​။ 63:6 အကျွန်ုပ်​သည် မိမိ​၏​အိပ်ရာ​ပေါ်တွင် ကိုယ်တော်​ကို​သတိရ​သောအခါ ညဥ့်ယံ​တို့​၌ ကိုယ်တော်​အကြောင်း​ကို ဆင်ခြင်အောက်မေ့​ပါ​၏​။ 63:7 ကိုယ်တော်​သည် အကျွန်ုပ်​ကို​ကူညီမစ​သော​အရှင် ဖြစ်​တော်မူ​သောကြောင့် အကျွန်ုပ်​သည် ကိုယ်တော်​၏​အတောင်​တော်​အရိပ်​အောက်​၌ ရွှင်လန်း​စွာ​သီချင်းဆို​ပါ​မည်​။ 63:8 အကျွန်ုပ်​၏​စိတ်ဝိညာဉ်​သည် ကိုယ်တော်​ကို​ဖက်တွယ်​ထား​ပါ​၏​။ ကိုယ်တော်​၏​လက်ယာ​လက်​တော်​သည် အကျွန်ုပ်​ကို​ထောက်မ​တော်မူ​၏​။ 63:9 အကျွန်ုပ်​၏​အသက်​ကို​ပျက်စီးဆုံးပါး​စေရန် ရှာကြံ​သော​သူ​တို့​သည် မြေကြီး​၏​နက်သောအရပ်​သို့ ရောက်သွား​ကြ​လိမ့်မည်​။ 63:10 သူ​တို့​သည် ဓားသွား​အောက်​ကျရောက်​၍ တောခွေး​တို့​၏​အစာ​ဖြစ်​ကြ​ရ​လိမ့်မည်​။ 63:11 သို့သော် ရှင်ဘုရင်​သည် ဘုရားသခင်​၌​ဝမ်းမြောက်​လိမ့်မည်​။ ကိုယ်တော်​ကို တိုင်တည်​၍ ကျိန်ဆို​သော​သူ​အပေါင်း​တို့​သည် ချီးမွမ်း​ကြ​လိမ့်မည်​။ မုသား​ပြောဆို​သော​သူ​တို့​၏​နှုတ်​မူကား အပိတ်​ခံရ​လိမ့်မည်​။